ပန်းဆီရောင်ထမီနှင့် နှင်းဆီနုရောင်ဇာအင်္ကျီလေးကိုဆင်မြန်းထားသည်။ ပုတုံးရောင်ဆံနွယ်ရှည်ဟာ ကျောပြင်တစ်လျှောက်ဝဲဖြာလျှက်ရှိပြီး၊ ဆံမြိတ်နုလေးဟာ မဟာဆန်သူ၏နဖူးငယ်ပေါ်ဝယ် ရေအိုင်ကဲ့သို့ကြည်လင်ရွှန်းစိုနေသော မျက်လုံးတောက်တောက်ကလေးတို့၏ထက်မှာ အညီအညာစီချယ်လျှက်။
သူမသည် မိုးရေစက်ကလေးများတွဲလဲခိုနေသော နှင်းဆီနုနုကဲ့သို့ ပျိုပြစ်စွာလှပနေခဲ့သည်။မျက်လုံးအစုံကိုမှိတ်ပြီး နှုတ်ခမ်းရဲလေးများတဖွဖွရေရွတ်ကာ အာရုံစူးစိုက်နေသာ သူမ၏အလှတရားကိုခိုးငေးခို့ ကျွန်တော် မြတ်စွာဘုရားရှင်အားဦးသုံးကြိမ်သာမြန်မြန်ဆန်ဆန်ချခဲ့လိုက်သည်။
ခုနှစ်တွေကြာခဲ့သည့်တိုင် ကျွန်တော့်အတွက်သူမသည် အလှပဆုံးအမျိုးသမီးအဖြစ်ရှိနေဆဲ။
သူမသည် ဘာဆေးများစားလို့နုပျိုနေခဲ့ပါသလဲ?
ဒါမှမဟုတ် သူမအပေါ်ချစ်တဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းတရားကပဲ ပျိုမြစ်သစ်လွင်နေခဲ့၍လား?ဘုရားရှင်အားဦးတိုက်ရှိခိုးပြီးနောက် သူမသည် ရုပ်ပွားတော်သို့ သူမ၏မျက်ဝန်းလဲ့လဲ့ကလေးများနှင့် မော်ကြည့်ဖူးမျှော်၏။
ထို့နောက် နှုတ်ခမ်းပါးလွှလွှလေးတွေက ကြည်ကြည်နူးနူးပြုံးခဲ့သည်။ကျွန်တော်၏ နှလုံးသားတစ်နေရာမှာသိမ်းဆည်းထားဖို့ ရုပ်ပုံလွှာကလေးအား မျက်ဝန်းအိမ်ကမ်မရာမှရိုက်ကူးခဲ့ပြီထင်ပါသည်။
"ဘာတွေဆုတောင်းလဲ''
သူမကကျွန်တော်ကိုလှည့်ကြည့်၍ ရယ်ပြုံးလေးပြုံးသည်။
"ဟင့်အင်း ဘာဆုမှမတောင်းဘူး''
"ဘုရားဝတ်ပြုတဲ့အခါ ကိုယ်ပြုတဲ့ကုသိုလ်ကောင်းမှုအတွက်
၃၁ဘုံကိုမေတ္တာပို့ပြီးပြီးရင် ကိုယ်လိုချင်တဲ့ဆုကိုတောင်းရတယ်တဲ့ ငယ်ရဲ့''ကျွန်တော်သြဇာကြီးမိသည်။
ကျွန်တော့်အတွက် သူမမှာလည်းအဖြေရှိပြီးသားဖြစ်လိမ့်မည်။
သူမက ရယ်လိုက်ပြီး"ငါကတော့ အကျိုးဖြစ်စေချင်လို့ အကြောင်းပြုတာမျိုးမဖြစ်ချင်ဘူး ကိုကို။ စိတ်ကြည်ကြည်နူးနူးနဲ့ ကုသိုလ်အမှုပြုနေတဲ့အချိန်မှာ လောဘအတွက်ဆုတွေမတောင်းချင်ဘူး။ ''
"ဒါကိုလောဘ မခေါ်ဘူးငယ်။ လောကမှာ အပေးအယူ တန်ရာတန်ကြေးဆိုတာရှိတယ်မဟုတ်လား။ မင်းပြုလိုက်တဲ့ အမှုအတွက် မင်းလည်းကောင်းကျိုးခံစားထိုက်တယ်ဆိုတာမျိုးပေါ့။
ဆုတောင်းတယ်ဆိုတာ အဲ့ဒီလိုပဲလေ ပြုလိုက်တဲ့အကြောင်းဟာ အကျိုးဖြစ်လာဖို့အတွက်ပဲပေါ့''သူမသည် ကျွန်တော့်ကိုဘာမျှပြန်မပြောတော့ပဲ ရှေ့မှခပ်သုတ်သုတ်လျှောက်သွားသည်။ ကျွန်တော့်ကိုချေပဖို့ အမှန်တရားတစ်ခုခုသူမစဉ်းစားနေပုံပေါ်၏။
ကျွန်တော် သူမ၏အမည်နာမကိုလှမ်းမခေါ်ခင်ပင် သူမသည်ကျွန်တော့်ဘက်သို့ပြန်လှည့်လာခဲ့ပြီး၊ နှုတ်ခမ်းပါးများက ရွဲ့ရွဲ့ကလေးပြုံးနေကြသည်။
"ဆုတောင်းတိုင်းရော ပြည့်ခဲ့လို့လား''
ဒီအတွက်ကျွန်တော့်မှာအဖြေမရှိခဲ့ပါ။
ဆုတောင်းတွေဟာလည်းတစ်ကယ်မပြည့်ခဲ့ပါ။
ဆုတောင်းခြင်းဟာ အဖြေတစ်ခုဖြစ်လာဖို့အတွက်မရေရာတဲ့အကြောင်းပြချက်ကိုဆုပ်ကိုင်ပြီး အမှန်တရားပါလို့ငြင်းဆန်နေရသလိုမျိုးလား။
အကယ်၍ ဆုတောင်းတွေသာပြည့်ခဲ့မယ်ဆိုရင်
ငယ်ငယ်က ကြယ်တွေကြွေလာဖို့ဆုတောင်းတဲ့ကျွန်တော့်ဆီ ဥက္ကာခဲတွေပြုတ်ကျလာမလား။ ကျွန်တော်မနှစ်သက်တဲ့လူတွေရော သေကုန်ကြမလား။ဆုတောင်းတွေဟာ တကယ်ပြည့်ခဲ့ကြသလား?