Part 5 (Unicode)

12.7K 1.2K 7
                                    

ပြင်းထန်သောလေပြင်းက လောကတစ်ခွင်လုံးကို ကမ္ဘာမြေပေါ်မှ ဆွဲဖယ်ယူသွားတော့မလိုပင် အဆက်မပြတ် အရှိန်ပြင်းစွာတိုက်ခတ်နေသည်။ သစ်ပင်များမှာလည်း ပြင်းထန်သောလေကြောင့် ပေါ့ပါးသောအဝတ်စတစ်ခုပမာ ဘယ်ညာယိမ်းနေသည်။ သစ်ကိုင်းကျိုးများ၊ သစ်ရွက်ကြွေများ၊ လေပြင်းဒဏ်ကိုမခံနိုင်တော့ဘဲ ပြိုလဲသွားသော သစ်ပင်များဖြင့် လောကတစ်ခွင်လုံး ပြည့်နှက်နေပေသည်။ မြက်ပင်၊ ကိုင်းပင်များမှာလည်း လေပြင်းကိုခေါင်းမော့မကြည့်ရဲသည့်နှယ် မြေပြင်ပေါ် ပြားပြားဝပ်နေကြသည်။

ထိုနည်းတူ ဒန်နရယ်တို့နေထိုင်ရာ ရွာလေးသည်လည်း လေပြင်းအောက်တွင် ခေါင်းမထောင်နိုင်။ ပေါ့ပါးသောသစ်ကိုင်းများမှာ လေပြင်းနှင့်အတူ လွင့်ပါလာတတ်သောကြောင့် ရွာသူရွာသားများအားလုံး သူတို့နေထိုင်ရာ ရွှံ့တဲများထဲမှ မထွက်ရဲကြ။ တစ်ရွာလုံးရှိ လူတစ်ဦးမှ မအိပ်စက်အနားမယူရဲကြသည်မှာ နှစ်ညနှင့်သုံးရက်ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။ သက်ကြီးရွယ်အိုများ၏ လေနတ်သားကိုတောင်းပန်သံနှင့် ဆုတောင်းသံများသည် လေပြင်းတိုက်ခတ်သံများကြားထဲမှ အဆက်မပြတ်ထွက်ပေါ်နေကြသည်။

ဒန်နရယ်သည် တဲအတွင်းတွင် အကြောက်လွန်နေသည့် ယုန်ဖြူလေးကို ပွေ့ပိုက်ရင်းခြေဆင်းထိုင်နေသည်။ ဖြူဖွေးသော အမွှေးမျှင်များကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ မျက်ခုံးနှစ်ခုလုံး ထိလုနီးပါး မျက်မှောင်ကြုတ်ထားသော်လည်း နုနယ်သော မျက်နှာမှာ တည်ငြိမ်နေသည်။ ဖေဒေကမူ အနားစများလန်နေပြီဖြစ်သော တဲတံခါး သားရေချပ်ကို ပြင်ဆင်ချည်နှောင်နေသည်။ သူတို့အားလုံး ကောင်းမွန်စွာအိပ်စက်အနားမယူခဲ့ရသည်မှာ ဒီသုံးရက်လုံးဖြစ်သည်။ တခဏမျှ မှေးစက်အိပ်လိုက်ရလျှင်လည်း ပြင်းထန်သောလေပြင်းကြောင့်ဖြစ်ဖြစ်၊ ရိုက်ခတ်လာသော သစ်ကိုင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် လန့်နိုးလာရမြဲဖြစ်သည်။

"လေအရှိန်လျော့လာသလိုပဲ.."

ဖေဒေ ဒန်နရယ့်နားဝင်ထိုင်ရင်း လှမ်းပြောလိုက်သည်။

Black AngelWhere stories live. Discover now