Part 16 (Unicode)

8.9K 1K 19
                                    

'ဝုန်း....'

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပြင်းထန်စွာ တွန်းတိုက်ခံလိုက်ရသည့် အရှိန်ကြောင့် ဒန်နရယ် ဝေးလံသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ သူ့လက်ထဲမှာ နတ်ဘုရားမ၏ ရွှေဓါးမြှောင်မရှိတော့။ ထိုဓါးမြှောင်သည် ဖရက်ဒီ့အသားကိုပင် မထိလိုက်ခဲ့ရ။ စိုးရိမ်ပူပန်မှုများဖြင့် ဒန်နရယ် ရင်ထိတ်သွားသည်။ ယခုအကြိမ်တွင်သာ ဖရက်ဒီ့ကို မသတ်ဖြတ်နိုင်ခဲ့လျှင် သူ့တွင် နောက်တစ်ခေါက် ဒီလိုအခွင့်အရေးမျိုး ရနိုင်တော့မည်မဟုတ်သည်ကို ဒန်နရယ် ကောင်းကောင်းသိသည်။

နေမသာသော ကောင်းကင်တစ်ခုလုံးမှာလည်း တိမ်မည်းများဖြင့် ထူထပ်စွာ ဖုံးကွယ်ထားပြီး အမှောင်ဖုံးကျလာနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အနွေးဓါတ်ပျောက်ဆုံးကာ အေးစိမ့်သော အရိပ်မည်းတစ်ခု လွှမ်းခြုံလာသလို ထင်မှတ်မှားရပေသည်။ ဖုန်မှုန့် သဲမှုန့်များနှင့် ပြည့်နှက်နေ၍ ဘာဆိုဘာကိုမျှ သဲကွဲစွာ မမြင်ရတော့။ ထိုသဲမှုန်များကြားတွင် လျှပ်စီးလက်သလို လင်းလက်လာသော လျှပ်စစ်ရောင်တစ်ချို့ထွက်ပေါ်လာ နေသည်။

"ဖရက်ဒီ မင်းငါ့ကို ဒီလောက်အရှက်ခွဲရရင် ကျေနပ်ဖို့ကောင်းပြီ.."

ငရဲမီးတစ်ခုလို ပူလောင်ပြီး စိန်တစ်ပွင့်လို မာကျောကျော အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံနှင့်အတူ ဖုန်မှုန့်များကြားမှ တစ်လှမ်းချင်းလျှောက်လာနေသော လူရိပ်တစ်ခုကိုပါ မသဲကွဲစွာ ဒန်နရယ် မြင်လိုက်ရသည်။

လူငယ်တစ်ယောက်...

ချောမောလွန်းလှသည့် လူငယ်တစ်ယောက်ဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ထိုလူငယ်၏ မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုလူငယ်ခြေချရာ နေရာတစ်လျှောက်တွင် ရေခဲပြင်လိုအေးစက်ကာ သာမာန်လူသားတစ်ယောက်၏ နှလုံးပေါက်ကွဲလောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များရှိနေသည်။

"ဖခင်..."

ဖရက်ဒီ၏ အသံကို ဒန်နရယ် ခြောက်ခြားစွာ ကြားလိုက်ရသည်။

Black AngelWhere stories live. Discover now