လှိုင်းကြီးသော ပင်လယ်ပြင်နှင့် ခပ်ဆင်ဆင်တူသည့် စိမ်းလန်းသော တောင်ကုန်း တောင်ပို့ငယ်များသည် အရပ်လေးမျက်နှာစလုံးအပြည့် တည်ရှိနေသည်။ ထိုတောင်ကုန်းများပေါ်တွင် စိမ်းစိုလှပသော သံလွင်ပင်များသည် ယိမ်းနွဲ့ကပြနေသော ကချေသည်မလေးများလို အကိုင်းအခက်များဖြာကျကာ ရှိနေသည်။ အစိမ်းရောင်နှင့်အနက်ရောင် လက်တစ်ဆစ်ခန့် သံလွင်သီးများသည်လည်း အဖိုးတန်ကျောက်မျက်ရတရာများလို သံလွင်ကိုင်းများနှင့် အရွက်စိမ်းများကြား သီးပွင့်နေကြသည်။
ကြည်လင်သော စမ်းချောင်းငယ်တစ်ခုမှာ တောင်ကုန်းများကြားတွင် ညင်သာစွာ ကွေ့ပတ်စီးဆင်းနေပြီး အတန်ငယ်မြင့်မားဟန်ရှိသော တောင်ကုန်းငယ်တစ်ခုကို ပတ်ချာလည်ဝေ့ဝိုက်ကာ အခြားတောင်ကုန်းငယ်များကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။ စမ်းချောင်းငယ် ပတ်ဝိုင်းထားသော ရွှံ၊ သဲမြေနှင့် စကျင်ကျောက်ငယ်များ ရောနှောနေသော တောင်ကုန်းငယ်တစ်ခုထက်တွင် တင့်တယ်တောက်ပသော ဗိမာန်တစ်ခုရှိနေသည်။
ဗိမာန်၏အောက်ကြမ်းခြေမှာ အဖြူရောင် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည်။ ကြမ်းခင်းကို လှပတင့်တင်တယ်စွာ ဖော်ထွင်းထားသော ပန်းခက်ပန်းနွယ်များကြောင့် အေးစက်သော စကျင်ကြမ်းပြင်ပေါ်သို့ ခြေချမိသူတိုင်းသည် ပန်းခင်းထဲရောက်သွားသလို အထင်မှားစေနိုင်လောက်သည်။ လူတစ်ရပ်ဖက်စာ ကြီးမားမြင့်မားလှသည့် စကျင်ကျောက်တိုင်ဖြူ ခြောက်တိုင်သည် အကွာအဝေးတူညီစွာဖြင့် ဗိမာန်ကြီး၏ ရှေ့မျက်နှစာမှ တြိဂံပုံ အမိုးကို ထောက်မပေးနေသည်။ ဗိမာန်၏ အမိုးထောင့်များကို ရွှေရောင်ကွပ်ထားပြီး အမိုးထောင့်တစ်ဖက်တစ်ချက်စီတွင် တွေ့ရသူတိုင်း အသက်ရှူရပ်နိုင်လောက်အောင် လှပလွန်းသည့် နတ်သမီးပုံ ရွှေရုပ်တုငယ်များရှိနေသည်။
အလျားလိုက်ရှည်သော ဗိမာန်ထဲရှိ နံရံများနှင့် အမိုးများသည် မြင့်မားလွန်းသောကြောင့် သာမာန်လူတစ်ယောက် ခေါင်းမော့ကြည့်လျှင်ပင် တောင်မြင့်တစ်ခုကို မော့ကြည့်ရသကဲ့သို့ ညောင်းညာနိုင်လောက်သည်။ ထိုအမိုးနံရံများတွင်လည်း လက်ရာမြောက်လှသော ရွှေပန်းခက်ပန်းနွယ်များဖြင့် အရောင် တဖိတ်ဖိတ်တောက်နေအောင် တန်ဆာဆင်ထားကြသည်။ ရွှေရောင် နတ်သမီး နတ်သားပုံများမှာလည်း ထွင်းဖော်ထားသော နံရံများကြားမှ တိုးထွက်ပျံသန်းလာတော့မလို ထင်မှတ်မှားစေနိုင်သည်။

KAMU SEDANG MEMBACA
Black Angel ( S - 1 )
Fantasi(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee