Part 18 (Unicode)

8.6K 997 38
                                    

တောက်ပသော နေရောင်၏ အလင်းတန်းအဖြူများသည် စိမ်းလဲ့သော စမ်းချောင်းငယ်ထဲသို့ တိုးဝင်နေကြသည်။ စမ်းချောင်းငယ်ဘေးမှ နီညိုရောင် ချယ်ရီသီးငယ်များနှင့်ပြည့်နေသော ချယ်ရီပင်မှ အကိုင်းအခက်များမှ မှည့်ဝင်းသော ချယ်ရီသီးများသည် လေအဝှေ့တိုင်းမှာ စမ်းချောင်းရှိရာသို့ ပျော်ရွှင်စွာခုန်ဆင်းသွားတတ်ကြသည်။

ထိုစမ်းချောင်းလေးဘေးတွင် ဒန်နရယ် ငြိမ်သက်စွာ ထိုင်နေသည်။ တင်းမာချောမောလွန်းသော မျက်နှာရိပ်မှာ စမ်းချောင်းငယ်၏ ကြည်လင်သော ရေတွင် အရောင်ဟပ်ထင်နေသည်။ ဖြူဖွေးသော ခြေထောက်များသည် အေးစိမ့်သောစမ်းရေထဲတွင် ရှိနေသည်။ ခြေချောင်းငယ်များမှ အသိပျောက်ဆုံးသည်အထိ ကျင်တက်အေးစိမ့်နေသော်လည်း စမ်းချောင်းငယ်မှ ခြေထောက်ကို ဖယ်လိုက်ရန်ကိုပင် ဒန်နရယ် မေ့နေသည်။

ရုတ်တရက် ခပ်နွေးနွေးဖြစ်သည်အထိ အပူချိန်ပြောင်းလာနေသော စမ်းချောင်းငယ်၏ ရေအပူချိန်ကြောင့် ဒန်နရယ် မျက်မှောင်ကြုတ်သွားသည်။ ဆားပတ်ခံရသော တီကောင်တစ်ကောင်လို သူ့ခြေထောက်များကို ချက်ချင်းလိုလိုဖယ်ကာ နောက်လှည့်ကြည့်လိုက်သည်။ ဖြည်းညင်းစွာ တိုက်ခတ်နေသော လေညှင်းကြောင့် သစ်ရွက်ကြွေသံနှင့် ချယ်ရီကြွေသံမှလွဲကာ အနားတွင် ဘယ်သူမှရှိမနေ။

ဒန်နရယ် အံကြိတ်လိုက်မိသည်။ သူ ဘယ်နေရာမှာ ရှိနေနေ ဖရက်ဒီ သိနေမည်ဆိုသည်ကို တွေးမိတာနှင့် ခံရခက်လောက်အောင် ဒေါသထွက်မိသည်။ တကယ်တော့ ထွက်ပြေးဖို့ဆိုတာကို သူ မစဉ်းစား။ ထွက်ပြေးရလောက်အောင်လည်း သူ သတ္တိကြောင်သူမဟုတ်။ သူ၏ ရန်သူဖြစ်သည့် စေတန်နတ်ဆိုး၏ သားဖြစ်သူကို သတ်ဖြတ်နိုင်မည့် ရောက်လာမည့်အချိန်တစ်ခုကို စောင့်စားနေခြင်းဖြစ်သည်။

ဒါပေမယ့် ဖရက်ဒီသည် သူရှိရာလုံးလုံးမလာတော့။ သူ ဒီဗိမာန်ရှိနေရာသို့ ရောက်လာခဲ့သည်မှာ ရက်ပေါင်းသုံးဆယ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ မြေအောက်ရွာမှ သူ့နောက်ဆုံးအသိများသည် ဖေဒေ၏ နှလုံးသားကို ထုတ်ယူလိုက်သည့် ဖရက်ဒီ၏ပုံရိပ်ဖြစ်သည်။ ထို့နောက်မှာတော့ ခံနိုင်ရည်မရှိတော့စွာ သူ သတိလစ်မေ့မြောသွားခဲ့သည်။ ပြန်လည်သတိရလာချိန်တွင်မူ သူ ဒီဗိမာန်ရှိရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ဒန်နရယ် မောပန်းစွာ သက်ပြင်းချကာ စိမ်းစိုသောမြက်ခင်းပြင်ပေါ် လှဲအိပ်လိုက်သည်။ ကြည်လင်သော ကောင်းကင်ပြာတွင် တိမ်အဖြူ တစ်စုသာရှိနေသည်။

Black AngelWhere stories live. Discover now