Part 22 (Unicode)

9K 960 6
                                    

နေမင်းရှိရာဖက်သို့ ခေါင်းမော့မျက်နှာမူနေသော အဝါရောင် နေကြာပန်းပွင့်များမှာ ကားစွင့်စွာဖူးပွင့်နေကြသည်။ အစိမ်းရောင် အရွက်ကားများ ခင်းကျင်းထားသော ကမ္ဗလာတစ်ခုပေါ်မှ အဝါရောင်ပန်းခင်းသည် မျက်စိတစ်ဆုံးတောင်ကုန်းငယ်များထက် ရှိနေသည်။

တိမ်ဖြူတစ်ချို့ဖြတ်သန်းရာတစ်လျှောက်တွင် အမှောင်ရိပ်တစ်ချို့ရှိနေသော်လည်း ထွန်းလင်းစွာ တောက်ပနေသော နေရောင်ကြောင့် လောကကြီးတစ်ခုလုံး နွေးထွေးနေသည်။ နေအစင်းပေါင်းများစွာ ထွန်းတောက်နေသလို လှပလွန်းသော နေကြာပွင့်များကြားမှ ဒန်နရယ်လျှောက်လာနေသည်။ ထို့နောက် နှုတ်ခမ်းများ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်နှစ်ဖက်ဖြင့်အုပ်ကာ ဖရက်ဒီ့နာမည်ကို ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။

"ဖရက်ဒီ.. ခင်ဗျား ဘယ်မှာလဲ..."

တိုက်ခတ်လာသော လေပြေကြားမှာ ယိမ်းနွဲ့နေသော နေကြာပန်းပွင့်များမှလွဲ၍ ဘယ်သူမှရှိမနေ။ နောက်တစ်ကြိမ် အော်ခေါ်ရင်း ဘေးဘီဝဲယာကို လှည့်ကြည့်သော်လည်း ဖရက်ဒီရှိမနေ။ စိုးရိမ်စိတ်များဖြင့် ဒန်နရယ် သူ့ရှေ့မှာရှိနေသော တောင်ကုန်းငယ်တစ်ခုပေါ် ဆက်တက်လာခဲ့သည်။ သူအခုရောက်ရှိနေသော နေရာသည် သူတို့နေထိုင်ရာ ဗိမာန်နှင့်အတန်ငယ် ဝေးကွာသော နေရာတစ်ခုဖြစ်သည်။

မနက်အိပ်ရာထစဉ်ကတည်းက ဖရက်ဒီ့ကို သူ မတွေ့။ အဘိုးအိုမာစီနှင့် နတ်သမီးအားလုံး ဖရက်ဒီဘယ်သွားနေသည်ကို မပြောနိုင်သလို သိလည်းမသိကြ။ စိုးရိမ်စရာမရှိပါဘူးဟု မိမိကိုယ်ကို အထပ်ထပ် သတိပေးနေရင်းမှ ဒန်နရယ် ဖရက်ဒီ့အတွက် စိတ်မပူဘဲမနေနိုင်ခဲ့။ မွန်းတည့်ချိန်မှာတော့ ဗိမာန်ရှိရာတွင် တစ်ယောက်တည်း ဆက်လက်စောင့်စားရန် မနေနိုင်တော့ဘဲ နီးစပ်ရာတောင်ကုန်းများရှိရာ လာရှာမိခြင်းဖြစ်သည်။

"ဒန်နရယ်..."

သူ့ဘေးမှ ရုတ်တရပ်ပေါ်လာသော ဖရက်ဒီ့ကြောင့် ဒန်နရယ် လန့်သွားရသည်။

"ဖရက်.. ခင်ဗျား ဒီလို ပေါ်လိုက်ပျောက်လိုက် လုပ်တဲ့အကျင့်ကို ဖျောက်ဖို့ကောင်းပြီ..."

Black AngelWhere stories live. Discover now