တခါတရံ လက်တွေ့ကမ္ဘာက အိမ်မက်တွေထက် ပိုပြီး အတုအယောင်ဆန်တတ်သည်။
ခါတိုင်း အမှောင်ထုသာ ကြီးစိုးတတ်သည့် ချော တို့ ခြံ၀င်းသည် ယနေ့တွင် မီးရောင်စုံများဖြင့် လင်းလက်နေသည်။
လရောင်နှင့်အပြိုင် လင်းလက်နေသော မီးသီးငယ်များသာမက ရယ်ကာမောကာ စားသောက်နေကြသော လူများသည် ယနေ့ ချောတို့ ခြံ၀င်းထဲတွင် အပြည့်။
ထိုလူအားလုံးသည် ခုနကပင် ချောအကြောင်းကို တခမ်းတနား ချီးမွမ်းစကားဆိုကြပြီး ယခုတော့ ချော အား သတိထားမိပုံမရ။
ကိုယ်စီကိုယ်စီ စကားလက်ဆုံကျနေသူများ အလယ်တွင် မနေလိုတော့သဖြင့် မှောင်ရိပ် အနည်းငယ် ကျနေသော ခြံထောင့်ဘက်နားတွင် ချော သွားရပ်နေမိသည်။
ချော ၀တ်ဆင်ထားသည့် အနီရဲရဲ ဂါ၀န်လေးသည် အမှောင်ထု ကြားတွင်ပင် ထင်းကနဲ လင်းကနဲ ရှိလှသည်။
သို့သော်လည်း ချောကို ဘယ်သူမှ သတိထားမိပုံမရ။
ဒီဂါ၀န်လေးကို ရွေးချယ်ပေးခဲ့သော ကြီးကြီးသည်ပင် ချောကို အာရုံမရှိ။
ခြံ၀င်းအလယ်ရှိ စားပွဲထက်တွင် တင်ထားသော ဟီးဟီးထနေသည့် မွေးနေ့ကိတ်ကြီးကို ချော အဓိပ္ပါယ်မဲ့စွာ ငေးကြည့်မိသည်။
"ချောကလေးက ဒီနေ့ပွဲရဲ့ အဓိက ဇာတ်လိုက်ပဲ"
ပြန်လည်ကြားယောင်မိသော ကြီးကြီး၏ စကားသံကြောင့် ချော ပြုံးမိသည်။
"ခြံထောင့်မှာ ကပ်နေရတဲ့ အဓိက ဇာတ်လိုက်ကျော်လေး ပေါ့လေ"
ချော တကိုယ်တည်း ရေရွတ်ရင်း မြက်ခင်းထက်သို့ ထိုင်ချလိုက်သည်။
ပွဲချိန်မတိုင်မီက ရေဖြန်းခြင်းခံထားရသော မြက်ခင်းပြင်တွင် အစိုဓာတ်က ကျန်ရှိသေးသည်။
သူ့အရပ်နှင့် သူ့ဇာတ် အဆင်ပြေနေကြသော လူအများကြားတွင် လူးလားခေါက်တုံ့ လှုပ်ရှားနေသော ပုံရိပ်လေးက ချော၏ အမြင်အာရုံထဲသို့ တိုး၀င်လာသည်။
မီးခိုးရောင်ကို ၀တ်ဆင်ထားသည့် မေမေသည် မီးအလင်းထိန်ထိန်အောက်၌ ရပ်နေလျှင်တောင် ကြည့်ရမြင်ရသည်မှာ မှိုင်းလွန်းလှသည်။
YOU ARE READING
Quark
Разноеတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...