ရှိုက်သံသဲ့သဲ့ကို ပျိုမေချော ကြားနေရသည်။
သူမ ဆံနွယ်မှ တဆင့် လည်ဂုတ်ထက်သို့ ကျဆင်းနေသော မျက်ရည်စက်များ၏ စိုစွတ်မှုကိုလဲ သူမ ခံစားမိသည်။သို့သော်လည်း သူမ မလှည့်ကြည့်မိ၊ လှည့်လဲ မလှည့်ကြည့်ချင်။ မေမေ သူမကို မြင်စေချင်သော အပြုံးတစ်ခုကလွဲရင် သူမ အရာရာကို လျစ်လျူရှုထားဆဲ၊ လျစ်လျူရှုထားမြဲပင်။
ရှိုက်သံသည် တိတ်ဆိတ်သွားသည်၊ သူမ နံဘေးမှ အနွေးဓာတ်လေးသည် ကွယ်ပျောက်သွားသည်။ ခဏကြာလျှင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သော ဖေဖေ့ ခြေသံကို ကြားရတော့မည်။
မေမေသည် မျက်ရည်စများကို သုတ်၍ အပြုံးတစ်ခုကို အလျင်အမြန် ပြုလုပ်၍ ဖေဖေ့အား အပြေးကလေး သွားကြိုလိမ့်မည်။
ထို့နောက်တွင် မေမေသည် ညသန်းခေါင်ယံမှ ပြန်လာတတ်သော ဖေဖေ့ကို " ညစာစားပြီးပြီလား" ကဲ့သို့သော ရူးကြောင်ကြောင် မေးခွန်းကို မေးလိမ့်မည်။
ဖေဖေကလဲ ထိုမေးခွန်းမျိုးကို အပြုံးလေးဖြင့် ခပ်အေးအေး ပြန်ဖြေလိမ့်မည်။
မေမေ့မျက်၀န်းများ မို့အစ် နေသည်ကို ဖေဖေက မသိချင်ယောင်ဆောင်သလို ဖေဖေ့ဆီမှ ရေမွှေးရနံ့ကို မေမေက လျစ်လျူရှုထားမည်။
ဒီလိုနှင့် တညတာသည် ငြိမ်သက်စွာပင် အဆုံးသတ်သွားလိမ့်မည်။ ဤသည်မှာ ချော နားလည်သော ဖေဖေနှင့် မေမေ၏ အိမ်ထောင်ရေးပင် ဖြစ်သည်။
............................ဘောလုံးထိခတ်သွားရာ rocket၏ ကြိုးတန်းလေးများမှ တုန်ခါမှုကို ချော၏ လက်များအထိ ခံစားမိသည်။
ဖောင်း ဟူသော မြည်သံနှင့်အတူ လေကိုခွင်းကာ ခရီးဆက်လာသော ဘောလုံးလေးကို တဖက်သူက လိုက်မမှီလိုက်။
"မောနေပြီ ချောရယ်၊ တော်ကြပါစို့။"
ကိုလေးက မြက်ခင်းပေါ်သို့ ထိုင်ချလိုက်ပြီး ညည်းညည်းညူညူ ပြောသည်။
"ချောက လက်ရည် အတော်တက်လာတာပဲ။ ကိုလေး မင်းကတော့ ကျန်ရစ်ခဲ့ပြီဟေ့။"
တချိန်လုံး ပွဲကြည့်ပရိသတ်လုပ်နေသော ကိုကြီးက အကြောအချင် တစ်ချက်ဆန့်ရင်း ကိုလေးကို ခပ်ထေ့ထေ့ လှောင်လိုက်သည်။
YOU ARE READING
Quark
De Todoတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...