နှစ်ဝက် စာမေးပွဲရလဒ်သည် ချော ထင်ထားသကဲ့သို့ပင် ဆိုးရွားခဲ့သည်။ တကယ်တော့ ချော တစ်ယောက်တည်း အခြေအနေ ဆိုးရွားနေသည်တော့ မဟုတ်။ တစ်တန်းလုံး နီးပါး သုံးနာရီ မေးခွန်းအောက်တွင် အလဲလဲအကွဲကွဲ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အခန်းတွင်းရှိ လေထုသည် ဈာပနအခမ်းအနားကျင်းပနေသကဲ့သို့ပင် တိတ်ဆိတ်ကာ ခြောက်ခြားစရာ ကောင်းလွန်းလှပေသည်။
အဆိုးထဲက အကောင်းဆိုရမည် တစ်ခုက ပထမနှစ်ဝက်အပြီး ချောတို့မှာ ကိုယ်ပိုင်စာကြည့်ချိန်အတွက် ကျောင်းကို နေ့တိုင်းတက်စရာ မလိုတော့ဟု ကျောင်းအုပ်ဆရာမကြီးမှ မသိမသာ စကားကြောင်းလာခြင်းပင် ဖြစ်လေသည်။
"ဒါဆို ငါ နင့်ကို နေ့တိုင်း မတွေ့ရတော့ဘူးပေါ့နော်"
နဂိုကတည်းက အမှတ်မကောင်း၍ ဝမ်းနည်းမဆုံး ဖြစ်နေသည့် စိမ်းသည် ဆွေးဟန်လေးပိုကာ ပြောလာလေသည်။
"ငါနဲ့တွေ့ချင်ရင် ကျောင်းကိုလာခဲ့ပေါ့"
ချောသည် သင်္ချာပုံနှိပ်စာအုပ်အား တဖျတ်ဖျတ်လှန်ရင်းနဲ့မှ ပြောလိုက်သည်။
"နင်က နေ့တိုင်း ကျောင်းလာဖို့လား ချော"
စိမ်း၏ တအံ့တဩ မေးဟန်လေးကြောင့် ချော၏ လက်ကလေးများမှာ ခဏတာ တုံ့ဆိုင်းသွားကြသည်။
"ကျောင်းသားပဲ ကျောင်းကို မလာလို့ ဘာလုပ်ရမှာလဲ"
"ဒါပေမဲ့ ဆရာမပြောထားတာက..."
"ဆရာမက ငါ ကျောင်းလာလို့ ရိုက်မလွှတ်လောက်ပါဘူး"
စိမ်းသည် တစ်စုံတစ်ရာပြောဟန်ပြင်သော်လည်း ချောသည် ဂရုမထားဟန်ဖြင့် ခုံပေါ်သို့ မှောက်အိပ်ချလိုက်သည်။
အဝါရောင် နှင်းဆီပန်းများ ပြည့်နှက်နေသည့် အိမ်မှ လွတ်မြောက်နိုင်သည့် နေရာလေးတစ်ခုအား ချော အသည်းအသန် တွေးတောမိသည်။ အဖြေမရှိသော ပုစ္ဆာတစ်ခုလိုပင် ချောသည် တခြားဘယ်နေရာကိုမှ မတွေးနိုင်သည့်အခါ မျက်နှာကလေးမှာ မှုန်ကုတ်၍ လာရသည်။
"ချော..."
စိမ်း၏ မဝံ့မရဲ ခေါ်သံလေးက တဖန် ထွက်ပေါ်၍ လာပြန်သည်။
YOU ARE READING
Quark
De Todoတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...