"ဓနထက်က အဆောင် အဆင်မပြေသေးလို့ ဒီမှာ ခဏလာနေတာလေ။"
ကိုကြီး၏ စကားသံကြောင့် ဖဲချပ်လေးများပေါ်တွင် တည်ရှိနေသော ချော၏ အာရုံသည် မျက်နှာချင်းဆိုင်တွင် ရှိသောသူထံသို့ ကူးပြောင်းသွားသည်။
ကိုကြီး သူငယ်ချင်းဟု သိခဲ့သော ထိုသူ၏ နာမည်မှာ ဓနထက် ဖြစ်ကြောင်း ခုနလေးကတင် ချော သိခဲ့ရသည်။
ချော၏ မျက်စောင်းထိုးတွင် ထိုင်နေသော ကိုလေးကတော့ ပျင်းတိပျင်းရွဲ ပုံစံဖြင့် စားပွဲအလယ်မှ ဖဲချပ်တစ်ချပ်ကို ဆွဲလိုက်သည်။
ဓနထက် အမည်ရှိသော ထိုသူမှာလဲ တလောကလုံး သူနှင့် လားလား မသက်ဆိုင်သည့် အလား လက်ထဲမှ စာအုပ်ကိုသာ သည်းကြီးမည်းကြီး ဖတ်နေသည်။
ကိုကြီး ပြောသမျှ စကားတို့ကို အာရုံစိုက် နားထောင်နေသူမှာ ချော တစ်ယောက်ထဲသာ ရှိသည်။
"အဲ့ဒီကောင်က စာဂျပိုးလေ။"
တဖက်သူဆီ မကြာခဏ အကြည့်ရောက်သွားတတ်သော ချော အား အမိဖမ်းနိုင်လိုက်သော ကိုကြီးက ထပ်မံ သတင်းပေးပြန်သည်။
"အဆောင်က ရှာရခက်လို့လား။"
တက္ကသိုလ် နယ်မြေ အနီးအနားတွင် အဆောင်များက ဒုနဲ့ဒေး ရှိကြသည်မို့ ချော မေးလိုက်မိခြင်း ဖြစ်သည်။
"အဆောင်က ရှာရမခက်ပါဘူး၊ ကျွန်တော် လိုချင်တဲ့ ဈေးကသာ ရှာရခက်တာပါ။"
သူက စာအုပ်ဖတ်မပျက်ဘဲ အဖြေပြန်ပေးသည်။
"ဒါဆို အဆောင်က ရဖို့ကြာဦးမှာလား။"
ချော ဖဲချပ်တစ်ချပ်ကို ဆွဲရင်း မေးခွန်းထုတ်လိုက်သည်။
"အဆောင်က တွေ့ပြီးသားပါ၊ လူရှိသေးတာမို့ တစ်ရက် နှစ်ရက်လောက် စောင့်ရုံပေးပါ။ အများဆုံး ကြာရင်လဲ သုံးရက်ပေါ့၊ တစိမ်းအိမ်မှာ ကြာကြာနေလို့လဲ မကောင်းဘူးလေ။"
သူက ဖတ်လက်စ နေရာကို လက်ချောင်းကလေးဖြင့် ညှပ်ကာ စာအုပ်ကို ဖတ်လိုက်ပြီး ခပ်အေးအေးပင် ပြန်ဖြေသည်။
ကိုကြီးက သူ၏ တစိမ်းဆိုသည့် စကားလုံးကို မနှစ်မြို့သည့်ဟန်ဖြင့် မျက်နှာပျက်သွားသည်။
YOU ARE READING
Quark
Acakတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...