Chapter 1

21.9K 911 27
                                    

<Zawgyi>

' မြင့်မြတ်တိမ်လွှာ ' ဂိုဏ်းတောင်၏ဝင်ပေါက်တွင် ရာနှင့်ချီသောလူငယ်များသည် ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲ စတင်မည်ကို စောင့်ဆိုင်းနေကြလေသည်။

ကြီးမားလှသည့် စည်းတံဆိပ်အစီအရင်ကို ဖွင့်ထားကာ ထိုအစီအရင်ကြားမှ ထွက်လာသည့် လေတိုးသံများကမူ ဝမ်းနည်းသံစွက်နေသည့် ဝံပုလွေအူသံနှင့်ပင် တူနေတော့သည်။ မှုန်မှိုင်းနေသည့်ရာသီဥတုကြောင့် အားလုံးလိုလိုမှာ စိတ်ဓာတ်ကျနေလေသည်။ အထက်သို့မော့ကြည့်လိုက်ပါက ခွေနေသောမြွေတစ်ကောင်ကဲ့သို့ တွန့်ခေါက်နေသော တောင်တက်လမ်းကို တွေ့ရပေလိမ့်မည်။

' မြင့်မြတ်တိမ်လွှာ ' ဂိုဏ်းသည် ကျော်ကြားသည့် သူတော်စင်ဂိုဏ်းတစ်ခုဖြစ်ကာ ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲကို ဆယ်နှစ်တစ်ကြိမ် ဖွင့်လှစ်ပေးလေ့ရှိလေသည်။ ယခုတွေ့နေရသည့်လူငယ်များသည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန် စိတ်အားထက်သန်ကြသည့် အကြောင်းရင်းမှာ ထိုစစ်ဆေးမှုကိုကျော်ဖြတ်ပြီးသည်နှင့် တဖန်ပြန်လည် ရှင်သန်နိုင်ကာ မသေမျိုးအဖြစ် ကျင့်ကြံနိုင်မည့်လမ်းအား ခြေတစ်လှမ်းလှမ်းပြီးသား ဖြစ်နေမည့်အတွက်ကြောင့်ပင်။

ထိုလူစု၏ ပတ်ပတ်လည်တွင်မူ ဒါဇင်ကျော်သည့် အစိမ်းရောင် ကျောက်တိုင်များ ရှိနေပေသည်။ကျောက်တိုင်တစ်ခုစီတွင် နတ်ဆိုးမိစ္ဆာများအား နှိမ်နင်းနိုင်သည့်အစွမ်းရှိကာ နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင်အောင် လေဒဏ်၊ မိုးဒဏ်တို့ကိုကြံ့ကြံ့ခံ၍ မားမားမတ်မတ်တည်ရှိနေကြဆဲပင်။

ထိုအချိန်တွင် လူတစ်ဦးသည် အမြင့်ဆုံး ကျောက်တိုင်တစ်ခုပေါ်မှ ဖြည်ညှင်းစွာ ဆင်းလာသည်ကို တွေ့လိုက်ရလေသည်။

ထိုသူ့ကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်ခန့်သာ ရှိလိမ့်မည်ဟုထင်ရကာ ပိန်သည်ဟု ဆိုရမည်ထက် ခပ်သွယ်သွယ် ခန္ဓာကိုယ်အချိုးအစားရှိလေသည်။ လှပသောမျက်နှာမှာမူ အသေးစိတ် ထွင်းထုထားသကဲ့သို့ ထင်ရကာ အပြစ်အနာအဆာ ကင်းနေပေသည်။ အနားစွန်းများ၌ ရွှေဝါးရွက်ပုံများဖြင့် ထိုးချုပ်ထားသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၍ ရွှေနှင့်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆံထိုးဆင်ထားသည့် ဆံနွယ်များ လေထဲတွင်ဝေ့ဝဲနေပုံမှာ မြင်သူအပေါင်းအား ထူးခြားသိမ်မွေ့ကာ သီးသန့်ဆန်သည့်လေထုကို ခံစားမိစေလေသည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now