ဘယ်အချိန်ကဘယ်လိုကောက်ထားလဲတော့မသိ ။'ဖယ်စမ်း!´ဆိုတဲ့အော်သံနဲ့အတူ မြောက်တတ်လာတဲ့ လက်တစ်ဖက်ရယ် ~ အရှိန်နဲ့ပြေးဝင်လာတဲ့ ကျောက်စရစ်ခဲလုံး သေးသေးတွေရယ် ။
' ဖယ်စမ်း!´ ဆိုတာ ကျွန်တော့်ကိုပဲ ရည်ညွှန်းတာလား သေချာမသိပေမယ့် ကို့ရိုးကားယားဖြစ်ကုန်တဲ့ မျက်ပြူးတို့အုပ်စုရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဘေးဘက်ကို ခြေလှမ်းလေးငါးလှမ်းလောက် ခွာရပ်လိုက်သည်။
' ဟ ... ခဲနဲ့ပေါက်တာတောင် မပြေးသေးပါလား ? ဒီခွေးတွေက လူတောင်မကြောက်တာလား? ´
' ပတ်ဂျီမင်း!!!!!! ´
မျက်ပြူးက ဒေါသတကြီးအော်ဟစ်ပြီး
ပတ်ဂျီမင်းထံသို့ ရှုးရှုးရှားရှားပြေးဝင်သည်။
မျက်ပြူးနောက်လိုက်နှစ်ယောက်ကလည်း
သံယောင်လိုက်ကာ မျက်ပြူးနောက်မှလိုက်ပြီး
ပြေးဝင်၏ ။သုံးယောက်တစ်ယောက် ~ ။
ပတ်ဂျီမင်းက ဆန်းဝူးပြောပြဖူးတဲ့ ဒိန်ဂျားတွေထဲက တစ်ယောက်ဆိုတော့ အတိုက်အခိုက်က မခေလှ ။ အခုချိန်ထိတော့ သုံးယောက်လုံးကို ခုခံနိုင်နေသည်။သိပ်တော့လည်းမကြာလိုက် ~ သုံးယောက်တစ်ယောက်မို့ အလစ်အငိုက်တွင် မျက်ပြူးလက်သီးမှာ ပတ်ဂျီမင်းပါးပေါ်သို့ ရောက်သွားလေ၏ ။ ဟန်ချက်ကပျက်သွားတာမို့ မျက်ပြူးတို့အုပ်စုက ခဲနဲ့ပေါက်ခံရတဲ့ခွေးတွေအတိုင်း အမဲဖျက်ရန် အံကြိတ်ကြ၏ ။
' အွတ် ! ´
စိတ်ပျက်ပါသည် ... မပတ်သတ်ချင်လို့
ရှောင်ပါတယ်ဆိုမှ .... အခုက ဝင်မပါလို့ကို မဖြစ်တော့ ။ ငကြောင်ကြီး ... သူ့ကိုဘယ်သူကများ အကူအညီတောင်းနေလို့ လူစွမ်းကောင်းဝင်လုပ်နေရတာလဲ ... ။လွယ်ထားတဲ့လွယ်အိတ်ကိုပစ်ချပြီး ရန်ပွဲထဲကို ခပ်မြန်ပြေးဝင်လိုက်သည်။ နှစ်ယောက် သုံးယောက်ဖြစ်သွားပြီမို့ ဟိုးဖက်ဒီဖက်က မညီမျှသေးပေမယ့်လည်း ရန်သူအခြေအနေကို အကဲမခတ်ပဲ ဒေါသအတိုင်း လိုက်ထိုးနေတဲ့မျက်ပြူးတို့အုပ်စုကို အနိုင်ယူရန် သိပ်တော့လည်း မခက်ခဲပါ ... ။
ဒေါသကြောင့် ဘာမှမမြင်နိုင်တာကိုပဲ အခွင့်ကောင်းယူပြီး မျက်ပြူးရဲ့ချက်ကောင်းကို ဒူးနဲ့တိုက်သွင်း ပေးလိုက်သည် ။