EP 9

166 18 3
                                    

ကုတင်စောင်းမှာ ခြေဆင်းထိုင်နေတာဟာ
အချိန်မည်မျှ ကြာသွားသည် မသိပါ။
တင်ပါးတွေ ထူပူလာပြီး ခြေထောက်တွေက
လေးလံလာ၍ သွေးမရှိတော့သလို အေးစက်တောင့်တင်းလာသည်။
တကယ့် လူသေကောင်လို အသက်မဲ့ခန္ဓာ ဖြစ်သွားရင် သိပ်ကောင်းမှာပဲဟု စိတ်ထဲမှာ ဆုတောင်းနေသော်လည်း တကယ် သေဖို့ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေမှပဲ ရမယ်ဆိုတာ သိနေတော့ သေဖို့ကို လက်လျော့လိုက်ရပြန်သည်။
ဂျောင်ဟီ အဲ့လောက်တော့ သတ္တိမရှိဘူး မဟုတ်လား။ သေဖို့ အခွင့်အရေး မရှိပေမယ့် ငိုဖို့ အခွင့်အရေးလေး ရှိသေးလို့တော့ တော်သေးသည် ပြောရမည်။
ငိုရတာဟာလည်း သဏ္ဍာန်လုပ် သရုပ်ဆောင်နေတာ မဟုတ်ဘဲ နှလုံးသားထဲကနေ
နာကျင်ဝမ်းနည်းပြီး ငိုနေတာ ဖြစ်တာကြောင့်
ရင်ဘက်တွေ လေးလံစူးအောင့်နေပြီး ဝင်သက်လေး တစ်ရှိုက်ရဖို့ကို အားအင်ကုန်ခမ်းသည်အထိ ရှိုက်သွင်းနေခဲ့ရသည်။

ဂျောင်ဟီ ငိုလို့ဝသွားပြီ။
ရှေ့ဆက်ပြီး ဒီ့ထပ်ပို မငိုတော့ဘူး။
ပိုင်ဆိုင်ထားသည့် ကိုယ့်ချစ်သူအတွက်လည်း မဟုတ်ဘဲ ဆုံးရှုံးလိုက်ရသည့် တစ်ဘက်သက်
အချစ်အတွက် ငိုတာဟာ နေ့တစ်ဝက်လောက်ဆို တော်ရောပေါ့။
ဂျောင်ဟီ့အတွက် ဒါက ထိုက်တန်လို့ပဲ ဖြစ်မှာပါ။
ထိုက်ထိုက်တန်တန် ပေးစပ်လိုက်ပါတယ်။
ချက်ချင်း မေ့ပြစ်လို့ မရလောက်ပေမယ့်
ကိုယ့်အမအရင်းလို သဘောထားရတဲ့ သူရဲ့
ခင်ပွန်းလောင်း ဖြစ်လာမယ့်သူကို စိတ်ထဲ၊ အတွေးထဲကနေ တမ်းတမျှော်လင့်နေလို့မှ
မဖြစ်တော့တာ။

" ဒေါက် ဒေါက် ဒေါက် "

" ဂျောင်ဟီရေ .. သမီး .. ညစာ စားမယ်လေ "

တံခါးခေါက်သံနှင့်အတူ အခန်းအပြင်က မေမေ့ရဲ့ ခေါ်သံကြားရသည်။
ဂျောင်ဟီ စကားပြန်ပြောဖို့ အားယူပေမယ့်
လည်ချောင်းတစ်ခုလုံး သဲကန္တရလို ခြောက်သွေ့အက်ကွဲနေတာကြောင့် စကားသံတစ်လုံးမှ
ထွက်ကျမလာပါ။
ဒါ့အပြင် မျက်လုံးတွေဟာလည်း ဖွင့်မရအောင်
မို့မောက်ကျိန်းစပ်နေသည်။
မျက်လုံးတွေရော၊ နှာခေါင်းထိပ်တွေရော နီမြန်းနေမယ်ဆိုတာ ဂျောင်ဟီ မှန်မကြည့်လည်းဘဲ သိပါသည်။
ဒီပုံစံအတိုင်းတော့ အပြင်ထွက်မသွားနိုင်ပါ။
နီမြန်းနေမည့် မျက်နှာအစိတ်အပိုင်းများအတွက် အကြောင်းပြချက်ပေးစရာ ဂျောင်ဟီ့မှာ မရှိ။

전정히  (Completed)Where stories live. Discover now