Way back home (1)

650 49 10
                                    

တုံ့ခနဲ ရပ်လိုက်တဲ့ ကားကြောင့် မှေးခနဲ ဖြစ်နေတဲ့ သူမ မျက်၀န်းများသည် ဖျတ်ခနဲ ပွင့်သွားရပြန်သည်။

လိုရာခရီးသို့ မရောက်ခင် လမ်းတ၀က်၌ တရာ့တကြိမ်မြောက် ရပ်နားခြင်း ဖြစ်သည်။

ထုံကျင်နေသော ခြေထောက်များအား ဆန့်ကာဖြင့် အကြောအချင် ဖြေချင်သော်လည်း နံဘေးတွင် ပိတ်သိပ်ကာ စီထည့်ထားသော ဂေါ်ဖီခြင်းများက အခွင့်အရေး မပေး။

သံဖြူဇရပ်ဈေးတွင် ပစ္စည်းချမည်ဟု စကားသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ခရီးသုံးပုံ နှစ်ပုံလောက် ဒုက္ခခံသွားရဖွယ် ရှိသည်။

သို့သော်လည်း ထိုဂေါ်ဖီ ခြင်းတောင်းများ ပေါ်တွင် ထိုင်ကာ ခွကာ လိုက်ပါလာ‌ရသော ခရီးသည်များနှင့်စာရင်တော့ သူမ အဖြစ်က မနည်းသက်သာသည်။

"မုန့်ချိုတောင့်၊ မ‌ရွေး ယူဦးမလား အစ်မ။"

ဈေးသည်မလေး၏ စကားကြောင့် သူမ အ‌တွေးနယ် လွန်နေရာမှ ပြန်လည်နိုးကြားလာသည်။

"မုန့်ချိုတောင့် တထုပ်ပေးပါ။"

တကယ်တော့ ဒီမုန့်ကို သူမ မစားဖူးဘူး၊ သို့သော်လည်း တစုံတယောက် တဖွဖွ ပြောဖူးသော အမှတ်တရ ဖြစ်သောကြောင့် အခါ အခွင့်သင့်လျှင် တခါလောက် မြည်းစမ်းကြည့်မည်ဟု အရင်ကတည်းက အားခဲထားသည်။

မုန့်ထုပ် အရွယ်အစားနှင့် တန်ဖိုး ငါးရာဆိုတော့လဲ အလွန်တန်သည်ဟု သူမ တွေးမိသည်။

ဈေးသည်မလေးသည် မုန့်ရောင်းပြီးသည်နှင့် နောက် ပြတင်းပေါက် တစ်ခုဆီသို့ အလျင်အမြန် ရွေ့ကာ ယခင်အတိုင်း စကားလှမ်းစပ် ပြန်သည်။

ထိုအချိန်တွင် စက်နှိုးသံ သဲ့သဲ့နှင့်အတူ ကားလေးမှာ တငြိမ့်ငြိမ့် လှုပ်ရှားလာသည်။

"ကားဆရာရေ ခဏစောင့်ပါဦး ဒီမှာ ၀ယ်လို့မပြီးသေးလို့။"

အသံလာရာ အနောက်ဘက်သို့ လှည့်ကြည့်လာသော အခါ ပြတင်းပေါက် အပြင်သို့ ကိုယ်တပိုင်းပင် ထွက်လုနေသော ခရီးသည်ကို တွေ့ရသည်။

ကားဆရာ၏ စိတ်မရှည်စွာ မြည်တွန်တောက်တီးသံကို ထိုခရီးသည်က ထီပုံပင် မရဘဲ အေးအေးဆေးဆေးပင် ဝယ်စရာ ရှိစရာများကို ၀ယ်နေသည်။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now