"ဒါ ကုန်းတော်မူ စေတီပဲ"
ရွှေရောင်တ၀င်း၀င်းနှင့် စေတီတော်အား သူမသည် မျှော်ကာ ကြည့်လိုက်သည်။
သူမ ကုန်းတော်မူ စေတီ သို့ ရောက်ဖူးချင်သည်ဟု ပူဆာသောအခါ သူမ၏ သူငယ်ချင်းသည်ပင် အနည်းငယ် အံ့အားသင့်၍ သွားသည်။
ဒီမြို့ငယ်အား အလည်ကျလာသူအများစုမှာ တန်ခိုးကြီးလှသော ရေလယ်ဘုရားအား ဖူးမျှော်ကြရန် ဖြစ်၍ ဤကုန်းတော်မူ ဘုရားအား လမ်းကြုံ၍ အားနာပါးနာဖြင့် ၀င်ရောက် ဖူးမျှော်သူလောက်သာ ရှိသည်။
"သူး ဖိနပ်ချွတ်.."
ဘာသာခြား ဖြစ်သော သူမအား သတိပေးလိုဟန်ရှိသော သူငယ်ချင်းမ၏ စကားသည် သူမ လက်ထဲမှ ဖိနပ်ကြောင့် အဆုံးမသတ်ပဲ တုံးတိရပ်တန့်သွားသည်။
ဘုရား ပရဝုဏ်သည် သိပ်၍ မကျယ်၀န်းလှ။ ဘုရားပွဲတော် ရက်မဟုတ်၍လဲ ခဏတဖြုတ် အနားလာယူလေ့ရှိသော ခရီးသည်များလည်း မရှိဘဲ ရှင်းလင်း၍ နေသည်။
လေတချက်အဝှေ့တွင် ဆည်းလည်းလေးများ၏ မြည်တမ်းသံကို ကြားလိုက်ရသည်။
" ဘုရားရိပ် တရားရိပ်က အေးချမ်းတယ် ဆိုတာ တကယ်ကိုး"
ပီတိသောမနဿ ပြည့်လျှံနေသည့် သူမ၏ စကားသံကြောင့် သူငယ်ချင်းမ ဖြစ်သူသည် သူမအား မျက်လုံးပြူးကြီးများဖြင့် ကြည့်လာသည်။
" နင် ဘုရား ၀တ်မပြုတော့ဘူးလား"
သူမ သည် ဘာမှသတိမထားမိသည့်အလားပင် မေးခွန်းထုတ်လိုက်သည်။
"ဪ အေး"
သူငယ်ချင်းမ ဖြစ်သူသည် သတိပြန်၀င်လာဟန်ဖြင့် သူမ၏ နေ့နံထောင့်ဆီသို့ သွားကာ ဘုရား၀တ်ပြုလေသည်။
သူမသည် စေတီတော်အား လက်ယျာရစ် အတိုင်း လှည့်ပတ်ကာ ကြည့်ရှုမိသည်။
ရုတ်တရက် သူမ ၏ အမြင်အာရုံတွင် ဆယ်ကျော်သက်အရွယ် ကလေးလေး နှစ်ယောက်၏ ပုံရိပ်ကလေးက ထင်ဟပ်လာသည်။
ခါးလည်နားထိ ဝဲကျနေသော ကျစ်ဆံမြှီးထက်တွင်
စံပါယ်တစ်ကုံးအား တွဲလဲခိုထားသည့် ကောင်မလေး တစ်ယောက်သည် ကြာဖူးငုံအသွင် လက်အုပ်ကလေး ချီမိုးကာ စေတီတော်အား လှည့်ပတ်ကာ ဖူးမျှော်နေသည်။
VOUS LISEZ
Colourless (အရောင်မဲ့သော) (Completed)
Aléatoireကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။......... Zawgyi ကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။.........