[Unicode]
ဒီနေ့ ကျောင်းမှာ မှတ်ပုံတင်ကတ် လုပ်ပေးမှာမို့ ကျောင်းသားတွေ အတော်များများ အဖြူအမဲ လိုင်စင်ပုံလေးတွေ ရိုက်ကြသည်။မိန်းကလေးတွေက အချင်းချင်း ဘယ်သူလှသလဲ ယူကြည့်ကြပြီး ယောက်ျားလေးတွေကတော့ ဘယ်သူရယ်စရာကောင်းသလဲ ယူကြည့်ကြသည်။
မုန့်စားကျောင်းဆင်းချိန်မှာမို့ အတန်းထဲ ပြာယာတွေခတ်ကာ ရှုပ်ယှက်ခတ်နေသည်။ ဟိုဟိုသည်သည် လူတွေကြားမှာ ကြယ်ရောင့်ပေါင်ပေါ် လွင့်ကျလာတဲ့ လိုင်စင်ပုံသေးသေးလေး။ဘိုကေကို ကျော့နေအောင် ဖြီးသင်ထားတဲ့သူက မြင်တွေ့နေကျ လေးထောင့်မျက်မှန်မပါဘဲ မျက်နှာလေးက ရှင်းလင်းနေသည်။
ဘေးမှာထိုင်နေတဲ့ သူ့ကို ကြည့်လိုက်တော့ အေးအေးဆေးဆေးသာ ထိုင်နေသည်။မတ်တပ်ရပ်လျက် နေဝန်းလိုင်စင်ပုံကို ယူကြည့်နေတဲ့ အတန်းထဲကကောင်ကို ရယ်ပြနေသည်။ နေဝန်းက လူအများရှေ့မှာ အမြဲ နူးနူးညံ့ညံ့ ပြုံးရယ်တတ်သည်။ စကားပြောလျှင်လည်း အချိုသာဆုံးပြောသည်။အများသူငှာရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်။နေဝန်းရဲ့ တိုက်ခိုက်တတ်ပြီး ရန်လိုတဲ့ခပ်စွာစွာ တစ်ဖက်ခြမ်းကိုတော့ ကြယ်ရောင်တစ်ယောက်သာ သိသည်။
လက်ထဲကလိုင်စင်ပုံလေးကို ပြန်ပေးရမှာ နှမြောလွန်းလို့ မသိမသာ စာအုပ်ကြားညှပ်လိုက်သည်။တစ်ပုံလောက်က ဘာမှမဖြစ်လောက်ပါဘူး။
"ကြယ်ကြယ်...နင့်ပုံပြ။ငါ့အသဲလေး ဘယ်လောက်ချောသလဲ ကြည့်ရအောင်"
မီမီက အနောက်လှည့်လာပြီး ပြောပြောဆိုဆို လက်ဖဝါးဖြန့်ပေးသည်။လိုင်စင်ပုံ ထည့်ထားသည့် အိတ်သေးသေးလေးကို လက်ထဲထည့်ပေးလိုက်တော့ သေချာပြူးပြဲကြည့်သည်။
"ကြယ်ကြယ် နင်အချောဆုံးပဲ ။ငါ့ကိုတစ်ပုံပေးဟာ။"
"ဒီမျက်နှာ တသက်လုံးကြည့်နေရမှာပဲကို ဘာကိစ္စပုံလာတောင်းနေတာလဲ ချီးထုတ်မရဲ့ "
မီမီက သဘောကျစွာ တခစ်ခစ်ရယ်နေသည်။ပြီးတော့ သူ့ပုံလေးလာပြသည်။
"ငါလှလား..? "
နှုတ်ခမ်းပါးလေးက တိတိရိရိပိတ်လျက် မျက်လုံးမှေးမှေးလေးက စူးရှနေသည်။မျက်နှာပေါ်ဝဲကျနေတတ်တဲ့ ဂုတ်ဝဲဆံပင် လိမ်တွန့်တွန့်လေးကို နားရွက်နောက်မှာ သပ်သပ်ရပ်ရပ်သိမ်းထားသည်။ဘယ်လိုလုပ် မလှဘဲနေပါ့မလဲ။
![](https://img.wattpad.com/cover/193320349-288-k168426.jpg)
YOU ARE READING
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"