[Unicode]
"ထင်း ပြော…"
"ငါ ကျောင်းဝန်းထဲ ရောက်နေပြီ။ မင်း အချိန်ရရင် break time မှာ ထမင်း အတူစားရအောင်"
"အာ…"
ဘေးနားက တပည့်တွေကိုကြည့်ရင်း နေဝန်း အကြပ်ရိုက်သွားသည်။ ထမင်းအတူစားဖို့ ကတိပေးထားပြီးခါမှ ချက်ချင်းကြီး ကတိဖျက်လိုက်ရင် ငြူစူကြတော့မည်။ ဖေဖေ့ဆီက ဘာမုန့်ဖိုးမှ မရတော့တဲ့အချိန်ကစပြီး ကြယ်ရောင်လိုသမျှ ဖြည့်ဆည်းပေးဖို့ ကျူရှင်တွေသင်ပြီး အပိုဝင်ငွေရှာသည်။ တပည့်တွေနဲ့အတော်အတန်ရင်းနှီးနေပြီမို့ နေဝန်းနဲ့အနီးကပ်ခင်မင်တဲ့ ကျောင်းသားတစ်ယောက်က သူ့မွေးနေ့မှာ ထမင်းအတူစားဖို့ အတင်းဆွဲခေါ်သည့်နောက် ပါလာရပြီး ကလေးတွေ ၈ယောက်လောက်နဲ့ တစ်အုပ်တစ်မကြီးဖြစ်နေတော့သည်။ ကြယ်ရောင်က ပုဂံဘက်သွားတာမို့ ပြန်မရောက်လောက်သေးဘူး ထင်ခဲ့တာ ၊ ရုတ်တရက် ကျောင်းရောက်လာတော့ အပြေးသွားတွေ့လိုက်ချင်ပေမယ့် ဘေးက ကလေးတစ်အုပ်က သူ့ဆီ နှုတ်ခမ်းဆူကာ ကြည့်လာလေပြီ။
"မင်းမအားဘူးလား။ အဲ့လိုဆိုရင်လည်း ငါပြန်…အယ်! ရှင်း တိုက်ဆိုင်လိုက်တာ"
ကြယ်ရောင့်ဆီက ရှင်း ဆိုတဲ့ အသံကိုကြားလိုက်မှ ခန္ဓာကိုယ် တစ်ခုလုံးက သွေးတွေ ပွက်ပွက်ဆူလာသည်။ ကျောင်းဝန်း ဒီလောက်အကျယ်ကြီးကို ဘယ်လိုတောင် တိုက်တိုက်ဆိုင်ဆိုင် အဲ့ကောင်စုတ်လေးနဲ့မှတွေ့ရတာလဲ။ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ရန်သူတွေက အဲ့ဒီ ရည်းစားဟောင်းဆိုတဲ့သူတွေပဲ။
"အခ မင်းမအားဘူးဆိုရင်လည်း…"
"မဟုတ်ဘူး အားတယ်။ ငါအရမ်း အားနေတာ။ ဘာအလုပ်မှမရှိလို့ အချိန်တွေတောင် ပိုနေတာကွာ"
တပည့်တစ်အုပ်ရဲ့ မျက်လုံးပေါင်းများစွာက သူ့ဆီ စိုက်ကြည့်လာသည်။ "မနက်ကမှ အတန်းချိန်တွေပြည့်တာနဲ့ ပါချုပ်ကြီးဆီပြေးရသေးတာနဲ့ ညည်းပြနေပြီး ခုမှ ဗလောင်းဗလဲ" လို့ ပြောနေသလိုပင်။
"အဲ့ဒါဆို ငါစောင့်နေမယ်"
"အင်း"
ဖုန်းကိုကြည့်ကာ ပြုံးနေပြီးမှ ဘေးကတပည့်တွေကို ဘယ်လိုဆင်ခြေပေးရမယ်မသိ။
![](https://img.wattpad.com/cover/193320349-288-k168426.jpg)
ŞİMDİ OKUDUĞUN
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romantizm"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"