အပိုင်း ၃၇

3.1K 317 25
                                    

[Unicode]

သူတို့ပြန်ရောက်တော့ မှောင်ရိပ်သမ်းနေပြီ။ အိမ်ဝမှာကတည်းက ရလိုက်တဲ့အမွှေးနံ့ကြောင့် ကြယ်ရောင်က မီးဖိုခန်းထဲတန်းဝင်သွားသည်။ နေဝန်းကတော့ ကြယ်ရောင့်ဖေကြီး စာဖတ်နေတဲ့အနား သွားထိုင်နေလိုက်သည်။

"မေကြီးလက်ရာကို ကားထွက်ရင် မစားရလို့ အခု အရမ်းလွမ်းနေပြီ"

ဒေါ်လှမြတ်သွင်က အနားကပ်ချွဲနေတဲ့ သားဖြစ်သူကို ကြည့်ရင်း ပြုံးသည်။

"ကားထွက်တော့ နင့်မမကြီးလက်ရာကို စားနေရတာများ လာချွဲနေသေးတယ်။ မေကြီး ထမင်းပြင်ထားလိုက်တော့မယ် မီမီ့ကို ခေါ်လိုက်ဦး အိမ်ငှားနေတဲ့ ကလေးကိုလည်းခေါ်"

"မီမီ ပါမလာဘူး"

ကြယ်ရောင်က စကားပြောရင်း ကြောင်အိမ်ထဲက ပုစွန်ခြောက်ဗူးထုတ်ပြီး နှိုက်စားနေသည်။

"မီမီနဲ့သွားတာ မီမီက ဘယ်ကျန်နေခဲ့တုန်း"

"သူ့ရည်းစားနဲ့ ပါသွားတယ်"

"ဟောတော် ရည်းစားတောင်ရသွားပြီလား။ မေကြီးလည်းမသိပါလား။ အရင်က မီမီ့ကို ရည်းစားစကားလိုက်ပြောတဲ့ကလေးတွေကို သားငယ် ရိုက်လိုက်နှက်လိုက်သေးတယ်မလား။ ဒီတစ်ခေါက် ငြိမ်နေပါလား"

"မေကြီးသမီးက ဒီတစ်ခါ တကယ်ချစ်နေတာထင်တယ်။ သားကိုတောင်အသိမပေးဘဲ တွဲနေတာ။ ဘာပဲဖြစ်ဖြစ် အိမ်ကိုထမင်းစားဖိတ်လိုက်မယ်။ မေကြီးအကဲခတ်ပေးဦး။ မာမားချမ်းက အားကိုးရမှာ မဟုတ်ဘူး"

သားအမိနှစ်ယောက် စကားပြောရင်း ထမင်းစားပွဲ ပြင်နေကြသည်ကို ကြည့်ရင်း ကြယ်ရောင့်ဖေကြီးက တပြုံးပြုံး။ နေဝန်းလည်း ထိုင်သာထိုင်နေရတာ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိ။ အရင်လိုပဲ ကြယ်ရောင့်မိဘတွေက နွေးထွေးဆဲ ဖြစ်ပေမယ့် အခုအချိန်မှာ ယောက္ခမလောင်းတွေဆိုတဲ့အသိကြောင့် စိတ်ထဲ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

"သားငယ်လေးနဲ့ ဘယ်နားမှာတွေ့လာတာလဲကွ"

"ကျွန်တော် ပြန်လာရင်း လမ်းကြုံလို့ ဝင်ခေါ်လိုက်တာပါ ဦး"

"သားက ဘာလို့များ တကူးတက သွားခေါ်နေတာတုန်း။ အားနာစရာကောင်းလိုက်တာကွာ။ သားငယ်လေးက အသက်သာကြီးသာ တစ်ဦးတည်းသောသားမို့ အလိုလိုက်ထားတော့ နည်းနည်းဆိုးတယ်ကွ။ သမီးလေးဆို သူ့ဒဏ်တစ်သက်လုံးခံရတာ။ သားလည်း သိတယ်မလား။ ဟိုဘက်အိမ်က မီမီလေးက သားငယ်လေးနဲ့ မောင်နှမရင်းချာတွေလိုပဲလေ။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedOpowieści tętniące życiem. Odkryj je teraz