[လမ်း]
မိုးက တဖြည်းဖြည်းသည်းလာသဖြင့် ထီးက သိပ်ပြီး မလုံချင်သလို ဖြစ်လာသည်။ ထီးကို ပိတ်ပြီး ဆိုင်တံခါးဆွဲဖွင့်ကာ ၀င်လိုက်တော့ ဧည့်ကြိုကောင်လေးက ဆီးကြိုသည်။
“အစ်မ ဒီနေ့ စောတယ်နော်”
“အင်း”
“ခါတိုင်းလို အပြင်ဝိုင်းပဲလား”
“အင်း၊ Black Label နော်”
“Double လား၊ mixer ကရော”
“single ပဲပေး၊ Coke ရောမယ် ပြီးတော့ ရေခဲများများလေး”
“ဟုတ်ကဲ့”
ထီးထည့်သည့်ပုံးလေးထဲတွင် ထီးကို ထည့်ပြီး ဘားအပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ အပေါ်ထပ်တွင် ဧည့်သည် သိပ်မများ။ နှစ်ဝိုင်းလောက်သာရှိသည်။ သို့သော်လည်း မှန်တံခါးကို ဆွဲဖွင့်ကာ မှန်လုံခန်းမှ ထွက်လာပြီး ၀ရံတာရှိ စားပွဲဝိုင်းလေးမှာ ၀င်ထိုင်လိုက်သည်။ နန်းဝေ အတွက် သီးသန့်လုပ်ပေးထားသည့် ၀ိုင်းလည်းဖြစ်သည်။ နန်းဝေက ဆေးလိပ်သောက်ရတာ သိပ်ကြိုက်သည်လေ။ ဆိုင်တစ်ဆိုင်မှာ Smoking area ရှိသင့်တာကတော့ ပုံမှန်ပဲလို့ နန်းဝေ ထင်သည်။
ဘားက နှစ်ထပ်တိုက်ကလေး ဖြစ်သည်မို့ ဟောသည် ၀ိုင်းလေးကနေ အောက်ဘက်ကို လှမ်းကြည့်ရင် လမ်းမကြီးကို မြင်နေရသည်။ ၀ရန်တာက သိပ်တော့ မကျယ်ပါ။ နန်းဝေ ပြောလို့သာ ဆိုင်ရှင်က စားပွဲဝိုင်းလေး ထုတ်ပေးထားရခြင်း ဖြစ်သော်လည်း စားပွဲဝိုင်းနှင့် ၀ရန်တာလေးသည် ကွက်တိ ဖြစ်နေသည်။ အမိုးခပ်သေးသေး တစ်ခု ရှိနေပေမယ့် မိုးက သိပ်သည်းလာသည်မို့ မိုးစက်များက နန်းဝေကို လာပြီး စင်နေလေသည်။ ရေစိုလည်း နန်းဝေက သိပ်ပြီး ဂရုစိုက်မည့်သူမျိုးတော့ မဟုတ်ပါ။
Waiter ကောင်လေးက အရက်ခွက်ကို လာချပြီး ပြန်ထွက်သွားသည်။ မိုးရေစက်သံကလွဲရင် ကျန်သည့် အသံများ မကြားရဘဲ တိတ်ဆိတ်နေသည်မို့ ဒီဘားကို နန်းဝေ သဘောကျရခြင်းဖြစ်သည်။ သီချင်းမဖွင့်သည်တော့ မဟုတ်၊ သေချာပေါက် တီးလုံးသံ ငြိမ့်ငြိမ့်ကလေးတွေ ဖွင့်သည်။ သို့ပေမယ့် မှန်လုံခန်းအတွင်းမှာသာ ကြားရသည်လေ။ ၀ရန်တာက ပကတိတိတ်ဆိတ် ငြိမ်သက်နေလေသည်။ နန်းဝေ ညနေတိုင်း ဒီဆိုင်ကို လာဖြစ်သည်။ အလုပ်ပြီးသည်နှင့် ၀ီစကီလေးတစ်ခွက်လောက်တော့ သောက်ဖြစ်သည်။ ပြီးတော့ အတွေးတွေဟာ ဟိုရောက်သည်ရောက်ပေါ့။
နန်းဝေဟာ အတွေးလွန်တတ်တဲ့ သူတစ်ယောက်ပဲ။ အရက်သောက်တာ မကောင်းဘူးလို့ လူတွေက ပြောကြတယ်နော်။ နန်းဝေ မငြင်းချင်ပါဘူး။ မိန်းကလေး ဖြစ်ပြီး သောက်တာဆိုရင် ပိုဆိုးတာပေါ့တဲ့။ အင်း … နန်းဝေကတော့ သောက်တာပဲ။ သေပစ်လိုက်ချင်တဲ့ လူတစ်ဦးအတွက်တော့ ဘယ်အရာကိုမှ ဂရုမစိုက်နိုင်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကိုလည်း အာရုံမထားပေးနိုင်တော့ဘူး။ လူတွေကလည်း ခက်တယ်။ အဆင်ပြေချင်ယောင် ဆောင်ပြတိုင်း တကယ်ကို အဆင်ပြေနေတယ် ယုံကြတယ်နော်။ နန်းဝေကတော့ ရုတ်တရက် သတ်သေသွားကြတဲ့သူတွေကို မအံ့သြဘူး။
Mevius ဗူးပြာလေးကို ဖွင့်ပြီး ဆေးလိပ်တစ်လိပ်ထုတ်နေတုန်း waiter ကောင်လေး ပြန်ရောက်လာသည်။ သူက အလိုက်တသိ မီးညှိပေးရင်း လမ်းမကို ငေးကြည့်နေသည်။ ပြီးတော့မှ ခပ်တိုးတိုး ပြောသည်။
“ငိုနေတာ ကြာပြီ၊ ခုထိ မပြန်သေးဘူးပဲ”
သူကြည့်နေသည့် နေရာကို ကြည့်လိုက်တော့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက် လမ်းမဘေးမှာ ထိုင်ချပြီး ငိုနေလေသည်။ မိုးရေတွေ ရွှဲစိုနေတာကို သူ့ဘာသာ သတိထားမိပုံ မရ။
“၁နာရီ ကျော်နေပြီ အဲ့အတိုင်းပဲ ငိုနေတာ”
“Carlsberg တစ်ခွက် ၊ ကြက်ကြော် နောက်ထပ် ၂ ပွဲ”
“ဘီယာသောက်မလို့လား ”
“အင်း”
ဆေးလိပ်ဖွာရင်း ခေါင်းညိတ်ပြလိုက်တော့ ကောင်လေးက ပြန်ထွက်သွားသည်။ နန်းဝေကတော့ အရှေ့က မြင်ကွင်းကို ပျင်းတိပျင်းရွဲ့ဖြင့် ဆက်ကြည့်နေမိသည်။ စိတ်ထဲက တွေးနေမိတာကတော့ တစ်ခုတည်းသာ ရှိသည်။
ကယ်ရမလား ? မကယ်ရဘူးလား ?
နန်းဝေ လွန်ခဲ့သည့် လအနည်းငယ်က အချိန်တွေကို သတိရသွားသည်။ အတိတ်ကို ပြန်ပြီး တွေးနေရတာဟာလည်း အရသာတစ်ခုပဲမလား။
*
ရှိုက်သံကြောင့် အခန်းထဲကို ကြည့်လိုက်မိတော့ ကောင်မလေးတစ်ယောက်။ ငိုနေတာမှ အသည်းအသန်။ အခန်းတစ်ခုလုံး မှောင်မိုက်နေသည်။ ညနေခင်းအချိန် ဖြစ်တာမို့ စတိုခန်းက မှောင်သည်လေ။ ဒါကို သူမက မီးမထွန်းသည့် အပြင် ကြမ်းပြင်မှာ ခြေပစ်လက်ပစ် ထိုင်ချပြီး ငိုနေလေသည်။ Allium ဘာရယ်မဟုတ် ရပ်ကြည့်နေမိသည်။ ခဏကြာတော့ သူမက ဘောပင်ဖြင့် စာရွက်ပေါ်မှာ လျှောက်နေလေသည်။ တကယ်ကို ကြမ်းကြမ်းတမ်းတမ်း ခြစ်နေတာ။ စာရွက်သာ သက်ရှိဆိုရင် အကြိမ်ကြိမ် သေပြီးနေလောက်ပြီ။ သူမကို ကြည့်ရတာ စိတ်ဝေသနာရှင်နှင့် တူသည်။ စိတ်ရောဂါ တစ်ခုခု ရှိနေပုံ ရသည်။ တစ်နာရီကျော်လောက် ငိုပြီးလို့ အားရတော့မှ ရပ်သွားသည်။ ပြီးတော့ မတ်တပ်ထရပ်ပြီး စင်ပေါ်က ဓားကို ကြည့်ကာ တဖြည်းဖြည်း လှမ်းယူလိုက်သည်။ ဓားကို ကိုင်ကြည့်နေလေသည်။ လက်က သွေးတွေ ထွက်လာသည်ကို မျက်လုံးသေဖြင့် စိုက်ကြည့်နေပြန်သည်။
“ဓားလေးက လှတယ်နော်”
“ဒုတ်”
နန်းဝေ အလန့်တကြား လွှတ်ချမိလိုက်တော့ ဓားလေးက ကြမ်းပြင်ပေါ် ဒုတ်ကနဲ ကျသွားသည်။ ချလွမ်လို့ မမြည်။ ပလက်စတစ် များသည် ဓားရဲ့ ထက်ရှလှသည့် ကိုယ်ထည်လေးကို ဖုံးအုပ်ထားသည် မဟုတ်ပါလား။ နန်းဝေရဲ့ သေချင်စိတ်တွေကို အပြုံးတွေနဲ့ ဖုံးထားသလိုမျိုးပေါ့။ ဓားက တကယ် လှသည်။ အ၀ါရောင်နှင့် အနက်ရောင် ရောထားသည်က လိုက်ဖက်မှုရှိသည်။
“နင်က ဘယ်သူလဲ”
“ကိုယ်က ALLIUM ”
“ဘာနာမည်ကြီးလဲ”
“Nickname ပါ ဘယ်သူမှ ခေါ်မယ့်သူ မရှိပေမယ့်ပေါ့”
နန်းဝေ ငိုင်သွားသည်။ ထူးတော့ ထူးဆန်းသည်။ နန်းဝေ သေပစ်လိုက်ရမလား စဉ်းစားနေသည့် အချိန်တွင်မှ ဒီကောင်လေးက ရောက်လာသည်။ သူသာ ရောက်မလာရင် တကယ် သတ်သေလိုက်တော့မလို့။
“Allium ”
“အတူတူ သေမလား”
နန်းဝေ ထပ်ပြီး ကြောင်အသွားရပြန်သည်။ သူကတော့ ပြုံးနေသည်။
အပြုံးက သိပ်ပြီး ချစ်ဖို့ကောင်းနေပါလား။ ဒီလူ ပထမဆုံး ပြောသည့် စကားက ဓားလှသည့် အကြောင်း။ အခု အတူတူ သေမလားဆိုပဲ။ နန်းဝေထက် ရူးသည့်လူကို အခုမှ တွေ့ဖူးတော့တယ်။ အင်း ဘာပဲဖြစ်ဖြစ် Allium ကြောင့် နန်းဝေ မသေဖြစ်တော့ပါ။ လောလောဆယ်ပေါ့။
“ကိုယ် သွားတော့မယ်”
“အင်း”
“မသေတော့ဘူးမလား”
“အင်း လောလောဆယ်ပေါ့”
သူ ပြန်သွားတော့ နန်းဝေ မျက်နှာသစ်သွားသစ်ပြီး အလုပ်ဆက်လုပ်ဖြစ်သည်။ အလုပ်ရှင်ကြောင့် စိတ်ညစ်ခဲ့ရသမျှ ပြေပျောက် သွားသည်။ အနှိမ်ခံရတာတွေ၊ အပြစ်တင်ပြောဆို ခံရတာတွေ ဘာတစ်ခုမှ မတွေးမိတော့ပေ။
တစ်ခုပဲ။ နန်းဝေ ပျော်တယ်။ သိပ်ပျော်တယ်။ တကယ် ခဏလေး ဆိုပေမယ့် သူနဲ့ အတူ ရှိနေခဲ့တဲ့ အချိန်လေးကို သဘောကျတယ်။ Allium ဆိုတဲ့ နာမည်ပြောင် တစ်ခုကလွဲရင် သူ့အကြောင်း ဘာမှ မသိပေမယ့် သူ့အကြည့်တွေကြောင့် နန်းဝေ ရင်ခုန်တယ်။
အဲ့ဒီနေ့က သူနဲ့ ပထမဆုံး စတွေ့ခဲ့သည်။ မျက်ဝန်းညိုနဲ့ Allium က အပြုံးတွေ သိပ်လှနေတာ အကြောင်းရှိသည်။ ခပ်ညိုညို ပါးပြင်ပေါ်က ပါးချိုင့် နှစ်ဖက်ကြောင့်လို့ နန်းဝေ ထင်သည်။
*
မိုးက ပိုသည်းလာသလို ကားလမ်းမပေါ်က ကားတွေသည်လည်း အရှိန်ဖြင့် မောင်းနေကြလေသည်။ နှစ်နာရီကျော်လောက် ငိုပြီးသည့် အချိန်မှာ ပြည့်ဖြိုး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ပြီး လမ်းမပေါ်ကို လျှောက်သွားလိုက်သည်။ နောက်ဆုံးအချိန်ထိ ကံဆိုးနေပြန်သည်။ သတ်သေဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးကာမှ လမ်းမပေါ်မှာ ကားတစ်စီးမှ ထပ်ပြီး မလာတော့ပါ။ သိပ်တော့ ကိစ္စမရှိ။ ပြည့်ဖြိုး ကိုယ်ကို ဖြတ်မောင်းပေးနိုင်မည့် ကားတစ်စီးလောက်တော့ မကြာခင် လာပါလိမ့်မည်။ စောင့်နေဖို့ အချိန် လုံလုံလောက်လောက် ရှိသည်လေ။
“မသေခင် ဘီယာ သောက်ကြည့်သွားပါလား ကောင်လေး”
အားကစား ဘောင်းဘီ ခပ်ပွပွကို တီရှပ် အညို တစ်ထည်ဖြင့် တွဲဝတ်ထားသည့် အစ်မကြီး တစ်ယောက်။ ထီးအနီရောင် တစ်ချောင်း ဆောင်းထားကာ မျက်နှာသေဖြင့် ရပ်ကြည့်နေလေသည်။
“သောက်ကြည့်ပြီးမှ သေလည်း နောက်မကျဘူးမလား”
“ကျွန်တော် အချိန်ရပါတယ်၊ ဒါပေမယ့် ပိုက်ဆံ မပါဘူး”
“နန်းဝေ ၀ယ်တိုက်မှာပါ၊ မသေခင် အမှတ်တရပေါ့”
“ကျေးဇူး”
နန်းဝေဟု အမည်ရသော ထို အစ်မကြီးက လမ်းမ တစ်ဖက်ရှိ ဘားကို ဦးဆောင်ကာ ခေါ်သွားလေသည်။
ဘားဆိုတာ ကျွန်တော် တစ်ခါမှ မရောက်ဖူးခဲ့ပါ။ စာကလွဲပြီး ကျန်တာ စိတ်ဝင်စားဖို့ အခွင့်မရှိတဲ့ ကျွန်တော့အတွက်တော့ ထူးဆန်းတဲ့ နေရာပဲ။ အစ်မကတော့ အေးအေးလူလူပင်။ အပေါ်ထပ်ကိုတောင် တက်သွားသေးတယ်။ ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ လိုက်သွားရတယ်။
“သောက်ကြည့်”
“အင်း ”
ဘီယာခွက်ကို ယူပြီး သောက်ရန်ပြင်လိုက်သော်လည်း မ၀ံ့မရဲ။ မေမေသိသွားခဲ့ရင်ဆိုသော အတွေးကြောင့် လက်တွေပါ တုန်လာသည်။
“မသေပါဘူး၊ သေဖို့တောင် စဉ်းစားခဲ့ပြီးမှ ဘာကို ကြောက်နေသေးတာလဲ”
အစ်မက သရော်ပြုံး ပြုံးသည်။ ခပ်ချေချေအပြုံးလေးက မည်သူ့ကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့်။ နှုတ်ခမ်းပါးပေါ်က မှည့်နက်ကလေးက အထင်းသား။ အစ်မပြောလို့ တစ်ငုံ သောက်ကြည့်လိုက်သည်။ လူတွေ ဘာလို့ ဘီယာကို ကြိုက်ကြသည်ကို နားမလည်နိုင် ဖြစ်သွားရသည်။
“ခါးတယ်”
“မင်း မကြိုက်လို့ပါ”
“အစ်မက ဘီယာ ကြိုက်လား”
“၀ီစကီ ပိုကြိုက်တယ်”
“သြော်”
ခေါင်းညိတ်ပြလိုက်ပြီး ဘီယာခွက်ကို ထပ်မကိုင်ဖြစ်တော့ပေ။ ထိုင်နေသည်။ ဒီတိုင်း ထိုင်နေခြင်း ဖြစ်သည်။ အစ်မက ဘာမှ မမေး။ တိတ်တဆိတ်သာ သူမရဲ့ ခွက်ဖြင့် အလုပ်ရှုပ်နေသည်။ အမြည်းစားလိုက်၊ အရက်လေးသောက်လိုက်၊ အပြင်ကို ငေးလိုက်ဖြင့်။
“ကျွန်တော် ဘာကြောင့် သေချင်လဲဆိုတာ သိရင် အစ်မ ရယ်မယ်ထင်တယ်”
“လူတွေမှာ ရှိတဲ့ ခံနိုင်ရည်ချင်းက မတူဘူးမလား”
“စာမေးပွဲကျလို့ အမေ ဆူလိုက်လို့ ”
“အင်း”
အစ်မက အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ့်ပြသည်။ တခြား ဘာမှ မပြော။ “ဒီလောက်လေးကို သေချင်တာလား” လို့လည်း အပြစ်မတင်။
“မင်း တကယ် ပျော်ချင်လား”
“ဗျာ”
“မင်း ပျော်ချင်ရင် မင်းကြိုက်တာ လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ်”
“ကျွန်တော့်ကို မရယ်ဘူးလား ”
“ငါ့တုန်းကလည်း အထက်လူကြီးဆီက အနှိမ်ခံရ၊ အပြောခံရလို့ သေချင်သေးတာပဲ”
“ဟုတ်လား အခုရော ”
“အလုပ် ထွက်လိုက်ပြီ”
စကားဝိုင်းလေးက ပြန်လည် တိတ်ဆိတ် သွားပြန်သည်။ လူဆိုတာ ဘာမဟုတ်သည့် ကိစ္စလေး အတွက်လည်း စိတ်ကျနိုင်ပါသည်။ စိတ်ကျရောဂါက တကယ်ကို အန္တရယ် သိပ်များသည်။ နန်းဝေတို့လို အရူးလေးတွေက အဆင်ပြေနေသည် ထင်ရပေမယ့်လည်း အချိန်မရွေး သေသွားနိုင်သည်လေ။ ကိုယ်တိုင်လည်း သတ်သေတာက မကောင်းမှန်းတော့ သိသည်။ ဒါပေမယ့် မတတ်နိုင်။ မသေရဲလို့ မသေဖြစ်သေးတာပဲ ရှိသည်။
တစ်နေ့တည်းနှင့်
“သေသွားပါစေ၊ ဒီတိုင်း သေသွားလိုက်ပါတော့၊ ဘာအတွက် ရှင်သန်နေသေးတာလဲ၊ သေသွားချင်တယ် ၊ သေသွားရင် ကောင်းမယ်”
ဆိုပြီး ရေရွတ်မိတာ ဘယ်နှကြိမ်မှန်း မသိခဲ့။
*
“မသင်းက ဆိုင်အတွက် ဈေးဝယ်ဖို့ သုံးသိန်းလောက် ထုတ်ပေးလိုက်ပါတဲ့”
နန်းဝေတို့ဆိုင်က စားသောက်ဆိုင်။ ပိုင်ရှင်က ဟော်တယ် တစ်ခုလည်း ပိုင်ဆိုင်သေးသည်။ ဟော်တယ်က သိပ်တော့ မဝေး။ တစ်ခါတလေ ဟော်တယ်ကို သွားပြီး ပိုက်ဆံ ထုတ်ရတတ်သည်။
“ထုတ်ပေးလိုက်ဆိုတာ အမိန့်ဆန်တယ် ထုတ်ပေးပါဦးလို့ ပြော ကြားလား”
“ဟုတ်ကဲ့ အစ်မ”
ပိုင်ရှင်အစ်မရဲ့ စကားကြောင့် စိတ်နည်းနည်း ခုသွားသော်လည်း ဘာမှ ဆက်ပြီး ငြင်းဆန်မနေတော့။ ပေးလာသည့် ပိုက်ဆံကို ရေလိုက်တော့ ၂သိန်း ရှစ်သောင်း။ ပိုင်ရှင်က ထပ်ပြီး ပိုက်ဆံ တစ်အုပ်ပေးသည်။
“ရေလိုက်”
“ဟုတ်ကဲ့”
ပိုက်ဆံရေနေရင်း ပိုင်ရှင်က စကားဖြတ်ပြောသည်။
“၂သောင်း ကျော်သွားပြီမလား”
“ဟုတ် နန်းဝေ ရေတာ ၄သောင်း ရှစ်ထောင်ရှိနေပြီ”
“၂သောင်းပဲ လိုတာလေ”
“ရေလိုက်ဆိုတော့ နန်းဝေက အကုန် ရေခိုင်းတယ် ထင်လို့”
“ညည်း တော်တော် လိုသေးတာပဲ၊ တစ်ခုခုဆို တွေးကြည့် တုံးအ မနေနဲ့”
စိတ်ထဲ ဒေါသထွက်သွားသော်လည်း ပြုံးပြီး ခေါင်းညိတ်လိုက်ရသည်။
“ဟုတ်ကဲ့”
ခပ်ကျယ်ကျယ် လှေးခါးပေါ်မှ ဆင်းလာတော့ ပီယာနိုသံ သဲ့သဲ့ ကြားလိုက်ရသည်။ ခန်းမထဲတွင် လူတစ်ယောက်က ပီယာနို ထိုင်တီးနေလေသည်။ မျက်ဝန်းညိုများက ပီယာနို ကီးဘုတ်ပေါ်တွင်သာ အာရုံရှိနေသဖြင့် နန်းဝေကို မမြင်။ ခန်းမက မီးဆိုင်းများဖြင့် သိပ်ပြီး ထည်ဝါသည်။ နေ့ခင်းဘက်မို့ မီးတွေ အကုန် ပိတ်ထားကာ အနည်းငယ် မှောင်မိုက်နေသော်လည်း မှိုင်းညို့ညို့ ပတ်ဝန်းကျင်က တစ်မျိုးလေး ဆွဲဆောင်မှုရှိသည်။သံစဉ်ကိုသော အာရုံစူးစိုက်နေသော Allium ကတော့ ပိုပြီး ခန်းနားနေသည်။ ရွှေရောင် ဆံပင်ရှည်များက အညိုရောင် အသားအရည်နှင့် ဘာလို့များ သိပ်ပြီး လိုက်ဖက်နေသလဲ နားမလည်နိုင်တော့ပါ။ သံစဉ်က ရပ်သွားပြီး သူက မျက်ဝန်းတွေ မှိတ်ထားကာ ထိုင်နေလေသည်။ လက်တွေက ပီယာနိုပေါ်မှာပဲ ခပ်ဖွဖွ တင်ထားဆဲ ဖြစ်သည်။
“Allium …”
နန်းဝေ ခေါ်လိုက်တော့ အလန့်တကြား လှည့်ကြည့်လေသည်။
“မင်း အင်္ကျီလေး ကိုယ် ကြိုက်တယ်”
“ဟမ် … အင်း”
ရုတ်တရက် ပြောလိုက်သည်မို့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကာ ရင်လည်း ခုန်သွားပြန်သည်။
“မင်း ဘာဖြစ်နေတာလဲ”
“ဒီလိုပါပဲ”
မျက်နှာအရိပ်အကဲ ကြည့်ကာ အသေးစိတ် ဂရုစိုက်မှုလေးကြောင့် နန်းဝေ ပျော်သွားရသည်။ သူ ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘာလုပ်လဲ၊ ဘာတွေ ကြိုက်တတ်လဲ၊ ဘယ်လိုလူလဲ နန်းဝေ ဘာတစ်ခုမှ မသိ။ သူ့အကြောင်း အများကြီး သိချင်သော်လည်း လက်ရှိမှာတော့ နာမည်လေး တစ်လုံးသာ သိသည်။ နာမည်ပဲ သိသော သူစိမ်း တစ်ယောက်ကို သဘောကျလို့ ရနိုင်သည်လား။ နန်းဝေကတော့ Allium ကို စိတ်ဝင်စားသည်။ စကားပြောနေရင်းပဲ နန်းဝေ ထွက်လာခဲ့သည်။ နှုတ်ဆက်ပြီးမှ စကားပြော ဖြတ်တာမျိုး နန်းဝေတို့ ကြားမှာ မရှိစေချင်။
ဒါက ဒုတိယအကြိမ် တွေ့ဆုံခြင်းပေါ့။
Allium က အနက်ရောင် ရှပ်အင်္ကျီနှင့် သိပ်ပြီး လိုက်ဖက်သည်။
*
အစ်မက လမ်းမကိုငေးနေသည်။ မိုးရွာနေသည်ကို ငေးသည်လား၊ အရှိန်ပြင်းပြင်း မောင်းနေသည့် ကားတွေကို ငေးသည်လား မပြောတတ်။ ကျွန်တော့ အထင်တော့ နှစ်မျိုးလုံးကို အစ်မ မြင်မည်မထင်။ အစ်မ စိတ်တွေက တိမ်တွေလိုပဲ သိပ်လွင့်သည်။
“အစ်မ ဘာလို့ မသေခဲ့တာလဲ”
“လူတစ်ယောက်ကြောင့်”
“အဲ့ဒီလူရော”
“မသိဘူး”
ကောင်လေးက မျက်မှောင်ကြုံ့သွားသည်။ ပြီးတော့ လိုချင်သည့် အဖြေမလို့ စိတ်ညစ်သွားဟန်ဖြင့်။
“တကယ်တော့ အဲ့တုန်းက အထီးကျန်နေခဲ့တာ”
“ကျွန်တော် ခံစားဖူးတယ်”
“ဒါကြောင့် ရှင်သန်ချင်စိတ်ကို တခြားလူဆီ မှီခိုခဲ့ရုံပဲ”
“အဲ့တော့ အဆင်ပြေလား”
မျက်ဝန်းလေးတွေက ၀ိုင်းစက်နေသည်။ ကလေးတစ်ယောက်ကို ဒါမျိုးတွေ နန်းဝေ ပေးမသိချင်တာတော့ အမှန်ပါ။ ဘီယာ တိုက်တာတောင် လွန်လှပြီ။ နန်းဝေကို လူတွေက “ဖျက်စီးတဲ့ မိန်းမ” လို့ သမုတ်ကြဦးမည်ထင်သည်။ တကယ်တော့ ဒါက အယူအဆ အလွဲအမှားတွေပါ။ အခုပဲ ကြည့်လေ။ နန်းဝေ ဘီယာတိုက်ပေမယ့် ကလေးက မကြိုက်တော့ မသောက်ပေ။ အဓိက အရေးကြီးတာက လူတစ်ယောက်ရဲ့ ပင်ကို စိတ်ပါပဲ။ နန်းဝေကိုဆိုလည်း မည်သူမှ မဲဆွယ်၊ စည်းရုံး၊ သင်ပေးခဲ့တာမျိုး မရှိ။ နန်းဝေ စိတ်ကိုက အရက် ကြိုက်သည်။ ဆေးလိပ် ကြိုက်သည်။ ဒါကို လူတွေက ဆိုးသည် ထင်ကြတယ်မလား။
ဟင်း … နန်းဝေ သူတို့ကို ဘာလုပ်နေလို့လဲ။ နန်းဝေ ကျန်းမာရေး နည်းနည်းလောက် ထိခိုက်ရုံပဲလေ။ ဒါပေမယ့် ကျန်းမာရေး ထိခိုက်စေတာ ဒါတွေကြောင့်ပဲတော့ မဟုတ်ဘူးမလား။ နန်းဝေတို့ နေ့စဉ် စားသောက်နေသည့် အစားအစာတွေကရော ဘယ်လောက် ရာခိုင်နှုန်းများ ဆိုးကျိုး နည်းနိုင်မှာတဲ့လဲ။ လူတွေက သူတို့ မကြိုက်ရင် ဆိုးတာပဲလား။ ဒါဆို နန်းဝေ မကြိုက်တဲ့ ဒူးရင်းသီးဟာ ဆိုးပါတယ် ပြောရင် ဒူးရင်းသီး ကြိုက်တဲ့သူတွေက လက်ခံမတဲ့လား။ တကယ်တော့ ဒူးရင်းသီးမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိသည်။ လူတွေမှာလည်း ဒီလိုပဲ။ လူတိုင်းမှာ ကောင်းတဲ့ အကျင့်ရော ဆိုးတဲ့အကျင့်ရော ရှိတတ်တာပဲလေ။ ဖော်ပြတဲ့သူနဲ့ ဖော်မပြတဲ့သူပဲ ကွာတာ။ ဘယ်လူသားကမှ စင်းလုံးချော အပြစ်ကင်းနေခြင်း မရှိ။
ဒါတွေ ပြောတော့ နန်းဝေကို ရူးနေတယ်လို့ စွပ်စွဲခံရသည်။
နန်းဝေက ဆိုးသည်။ ဆိုးတာကို ဖော်ပြသည်။ ဆိုးလည်း ချစ်ပေးနိုင်မည့် သူကို လိုချင်ခဲ့သည်။ အပြစ်တင်တာကို မကြိုက်။ ပြုပြင်ပေးမှာကို မလိုလား။ နန်းဝေရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်မည့်သူကိုပဲ လိုအပ်သည်။ မည်သူ့အတွက်ကြောင့်မှ နန်းဝေ အကျင့်စရိုက်တွေကို ပြောင်းလဲပေးလိုစိတ် မရှိ။
“အဆင်ပြေတယ်ထင်လား”
“မသေခဲ့ဘူးမလား”
“လူတော့ မသေခဲ့ဘူးပေါ့၊ သူ့ ကျေးဇူးနဲ့ စိတ်သေသွားတယ်”
“ဆိုးလိုက်တာ”
“မင်း ရှင်သန်ချင်စိတ်ကို တခြား ဘယ်သူ့ကြောင့်မှ မဖြစ်စေနဲ့။ မင်းအတွက်မင်းပဲ ရှင်သန်။ ဘယ်သူ့အပေါ်မှာမှ မမှီခိုနဲ့ သေတတ်တယ်”
“သေချင်နေတာပါဆို”
“သေရဲလား”
“ခုနက သေမလို့ပဲလေ”
အစ်မက ပခုံးတွန့်ပြပြီး ဆေးလိပ်သောက်လိုက်သည်။ နှုတ်ခမ်းပါးလေးနဲ့ ဆေးလိပ်ငွေ့တွေနဲ့ ဘာလို့များ သိပ်ဖက်နေပါလိမ့်။
“ငါကတော့ မသေရဲခဲ့ဘူး၊ သတ္တိလည်း မရှိဘူး။ ဒါကြောင့် ရှင်တယ်ဆိုရုံ ယဲ့ယဲ့လေးနဲ့ ဒီချိန်ထိ သက်ဆိုးရှည်နေတာ”
ကျွန်တော် တအံ့တသြ ကြည့်မိသည်။ ဆိုးသွမ်းမည်ထင်ရသည့် ဒီအစ်မလေးက ကြောက်တတ်သည်လား။ သေချင်ပေမယ့် သေရမှာ ကြောက်သည်တဲ့လား။ ညဘက် တစ်ယောက်တည်း အရက်သောက်နေသည့် ဟောဒီ အစ်မလေးက သတ္တိမရှိတဲ့ ကောင်မလေးတဲ့။
“အစ်မက အခု အစ်မအတွက် အစ်မ ရှင်သန်နေတာပေါ့”
“ဒါပေါ့”
“ဒါဆို အစ်မ ဘယ်လိုနေရင်ပျော်လဲ”
အစ်မက ဖန်ခွက်လေးကို မယူပြီး တစ်ငုံအရင်သောက်သည်။ ပြီးတော့မှ ပြောပြသည်။
“ခွေးမွေးတယ်၊ ၀တ္တုဖတ်တယ် ဇာတ်ကားကြည့်တယ်၊ ခရီးထွက်တယ် ငါ ထပ်ပြီး အထီးမကျန်တော့ဘူး”
“ဟမ့် ကျွန်တော့်ကို သူများအပေါ် စိတ်နဲ့ ပက်သတ်ပြီး မမှီခိုဖို့ ပြောတယ်၊ သူကျ ခွေးမွေးတယ်တဲ့။ ခွေးက သေသွားရင်ရော”
အစ်မက သဘောတကျ ပြုံးလေသည်။ ပြီးတော့မှ “ဟုတ်သားပဲ”တဲ့။
“ပြီးတော့ ငါ သူစိမ်းတွေနဲ့ စကားပြောရတာ ကြိုက်တယ်”
“အခုလိုပေါ့”
“အင်း”
ကျွန်တော် ဘာကို ကြိုက်သည်လဲ။ ဘာလုပ်ရင် ပျော်လဲ။ မသိ။ တစ်ခါမှ မစဉ်းစားမိခဲ့ပေ။ နေပါဦး ကျွန်တော် တကယ်ကြီး မပျော်ဘဲ ရှင်သန်လာခဲ့သည်လား။ ပျော်ရွှင်မှုဆိုတာ မရှိခဲ့တာလား။ ကျွန်တော် သေချင်တာ မဆန်းတော့ပါဘူး။ တကူးတက ရှင်သန်ပေးနေရအောင် ဘာအကြောင်းပြချက်ရယ်လို့မှ သိပ်ပြီး မရှိ။
“ကျွန်တော် မပျော်ဘူး”
“မင်း ဆိုင်ကယ် စီးတတ်လား”
“မစီးတတ်ဘူး”
“ဆိုင်ကယ် စီးတတ်အောင် သင်ကြည့်ပါလား”
“အမေက မသင်ခိုင်းဘူး”
အစ်မက ဘာမှ မပြော။ စကားဝိုင်းလေးက အတွေးကိုယ်စီဖြင့် ပြန်ပြီး တိတ်ဆိတ်သွားပြန်သည်။
*
“သူရိန် ဆိုင်ကယ်ပါလား”
“မပါဘူးလေ”
“ဆိုင်ကယ် စီးတတ်တယ်မလား”
“စီးတတ်တယ်လေ”
“ဆိုင်မှာ ဆိုင်ကယ် တစ်စီးမှ မရှိဘူးလား”
“မရှိဘူးလေ အစ်မရဲ့”
နန်းဝေ တိုင်ကို မှီပြီး စကားရပ်ပြောနေရင်းက ပိုပြီး စိတ်ညစ်သွားသဖြင့် တိုင်ကြီးဖက်ကြီး ရပ်နေမိသည်။
“မင်း ဘယ်သွားချင်လို့လဲ”
သူ့အသံ။ Allium က ဘယ်တုန်းကတည်းက ရောက်နေခဲ့သည် မသိ။ သူက တိုင်လုံးကို လက်ထောက်ရင်း မေးသည်။ လူကို စိုက်ကြည့်နေသည်က ရင်ခုန်စရာ။
“စိတ်ညစ်လို့ ဆိုင်ကယ် လျှောက်စီးချင်လို့”
“ကိုယ်လိုက်ပို့ပေးမယ်”
“ဟမ်”
“တကယ်ပြောတာ ကိုယ် လိုက်ပို့ပေးမယ်”
“အင်း သွားမယ်”
“မင်း ဂျူတီ ပြီးပြီလား”
“ပြီးပြီ”
နှစ်ယောက်သား ဆိုင်ကယ်ရှိရာကို လျှောက်လာကြသည်။ သူကမေးသည်။
“မင်း စီးမှာလား”
“မစီးတတ်ဘူးလေ”
“ဟုတ်ပြီ ကိုယ် မောင်းမယ်”
ညဘက်ဖြစ်သည်မို့ လမ်းမပေါ်တွင် လူရှင်းနေသည်။ လပြည့်နေ့ညမို့လား မပြောတတ်၊ လမင်းကြီးက ၀ိုးစက်ကာ လင်းထိန် နေသည်။ လေအေးတွေက တဖြူးဖြူး တိုက်ခတ်နေသဖြင့် ဆိုင်ကယ်စီးလို့ သိပ်ကောင်းသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် Allium ရဲ့ ကျောပြင်ကို ငေးကြည့်နေမိသည်။ ဆိုင်ကယ် စီးရင် အနောက်ကခုံကိုသာ ကိုင်ပြီး စီးနေကျ ဖြစ်သည်မို့ Allium နှင့် မထိ။ သူမကြိုက်မှာကို စိတ်ပူသည်။ နည်းနည်းလေးတောင် သူ စိတ်အနှောင့်အယှက် ဖြစ်မှာကို မလိုလား။ နားကပ် အနက်ကလေးက သူနဲ့မှ သိပ်မိုက်နေသလိုလို။ ဆံပင်ကိုတော့ ခပ်တိုတို ညှပ်လိုက်ဟန်တူသည်။ ပိုကြည့်ကောင်းနေသည်။
“မင်း ဘယ်သွားချင်လဲ”
“ရတယ် ဘယ်ဖြစ်ဖြစ်”
“ဟောဗျာ ခင်များ ပြောမှပေါ့ သွားချင်တဲ့နေရာ လိုက်ပို့ပေးမယ်”
“ဆိုင်ကယ်ပဲ လျှောက်စီးချင်တာ”
“ပြီးရော”
တကယ်ကို ဆိုင်ကယ်ပဲ မောင်းနေပေးသည်။ သူလည်း စကားမပြောသလို နန်းဝေလည်း တိတ်ဆိတ်နေသည်။ သို့သော် တိတ်ဆိတ်ခြင်းနှင့် နေသားတကျပင်။ နည်းနည်းလေးမှ နေရမခက်ပေ။ ထူးဆန်းစွာဖြင့် သက်တောင့်သက်တာ ရှိနေသည်။ ရဲကားတွေ မြင်တော့မှ လန့်သွားသည်။ မနက်က Mask မတပ်သည့်လူတွေကို ဖမ်းနေခဲ့သည်မလား။
“mask မတပ်ဘူးလား၊ ဖမ်းခံရမယ်နော်”
“ပါတယ် တပ်လိုက်ရမလား”
“ဆိုင်ကယ် ရပ်ပြီးမှ တပ်”
“မင်းက ကြောက်တာလား”
နန်းဝေ ဘာမှ ပြန်မပြော။ သူက ဆိုင်ကယ်ကို ရပ်လိုက်ပြီးမှ Mask ကို ထုတ်တပ်ပြီး ဆက်မောင်းလာသည်။
“အရှေ့လမ်းက မှောင်နေပြီ ပြန်ကွေ့လိုက်ရမလား”
“သဘောလေ”
“ဟာ မင်းပြောလေ”
“အင်း ပြန်ကွေ့လိုက်”
အပြန်မှာ ဆိုင်ကယ်ကို နည်းနည်း အမြန်မောင်းသည်။ စိတ်ညစ်နေသမျှ တကယ်ကို ပြေပျောက်သွားသည်။ နန်းဝေက ဆိုင်ကယ် စီးရတာ သိပ်ကြိုက်သည်။ လေထဲ လွင့်နေရသလို ခံစားရလို့။
ALLIUM နှင့် အတူ ဆိုင်ကယ် စီးရသည်ကိုတော့ ပိုပြီး သဘောကျသည်။
နန်းဝေ သုံးကြိမ်မြောက် ဆုံသော သူစိမ်းတစ်ယောက်နှင့် ညဘက်မှာ ဆိုင်ကယ် စီးဖြစ်သည်။
နာမည် တစ်ခုပဲ သိတဲ့ သူစိမ်း တစ်ယောက်နဲ့။ မကြောက်မလန့်။ နန်းဝေဟာ သိပ်ဆိုးတာပဲနော်။
*
“ကျွန်တော် တအား ဆိုးတာပဲလား”
အစ်မက တိမ်တွေကို ငေးနေရင်း ပြန်ဖြေသည်။
“ငါ့လောက် မဆိုးဘူး”
“ကျွန်တော်က အသုံးမကျဘူးတဲ့”
“မင်း မမှားပါဘူး”
ကျွန်တော် ပျော်သွားသည်။ တစ်ခါတလေမှာ “မင်းမမှားဘူး” ဆိုပြီး နှစ်သိမ့်ပေးမည့် တစ်စုံတစ်ယောက်တော့ လိုအပ်ပါသည်။ အကောင်းဆုံး ကြိုးစားနေရက်နှင့် အပြစ်တင်မှုတွေသာ ပြန်ရနေပါက တကယ်ကို စိတ်ဓာတ်က အဆုံးစွန်ထိ ကျသွားတတ်သည်။
ကျွန်တော်ကတော့ အဲ့လို အချိန်တွေမှာ သေပစ်လိုက်ချင်မိတာပါပဲ။
“စာမေးပွဲကြီးလည်း မဟုတ်ပါဘူး၊ ကျွန်တော် နေမကောင်းလို့ ဖြေမယ့်ညက စောစောနားမိရုံလေးပါ အစ်မရာ”
“စာမေးပွဲကြီး ကျသွားလည်း မင်းကိုယ်မင်းထက် ဘယ်အရာကမှ အရေးမကြီးဘူး”
“ကျွန်တော် ဗိုက်အောင့်နေခဲ့တာ”
“အခုရော”
“ကြာပါပြီ ဖြစ်တာ၊ ပြန်ကောင်းသွားပြီ”
“မင်းအမေ မသိဘူးလား”
“ကျွန်တော် မပြောပြဘူး”
“တစ်ခါလေမှာ ရင်ထဲရှိသမျှ ဖွင့်ပြောတာလည်း အလုပ်ဖြစ်တယ် ကောင်လေး”
ကျွန်တော်က နေမကောင်းဖြစ်ရင် ပြောမပြချင်သည့် လူစား။ သေချင်သေပါစေ ဆိုသည့် စိတ်ဖြင့် ပေတေပြီး ခံနေလိုက်တာပါပဲ။ စိတ်ထဲ အဆင်မပြေမှုတွေက ရောဂါထက် နာကျင်မှု ပိုပြီး များသည့်အချိန်တွေ ရှိတတ်သည်လေ။ ဗိုက်အောင့်လည်း ကြိတ်မှိတ်ပြီး ခံနေလိုက်တာ။ နောက်တော့လည်း အချိန်ကြာတော့ ပျောက်သွားတာပါပဲ။ အကျင့် ဖြစ်နေပြီ။
“ကျွန်တော် ပြန်တော့မယ်”
“သွားသေဦးမလို့လား”
“အာ အစ်ကလည်းဗျာ”
“စိတ်အခြေအနေ ပြန်ကောင်းသွားပြီလား”
“ကျွန်တော် အစ်မနဲ့ ပြန်တွေ့ချင်သေးတယ်”
“တွေ့လောက်မှာပါ မသေသေးရင်ပေါ့”
“ကျွန်တော့် နာမည် ပြည့်ဖြိုး”
“ငါက နန်းဝေလင်း”
အစ်မက ပြုံးပြသည်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးတော့လည်း ချစ်စရာကောင်းသားဗျ။ ကျွန်တော်လည်း ပြန်ပြီးပြုံးမိသည်။ ပြီးတော့ နေရာက ထထွက်ခဲ့သည်။ အစ်မရော အဲ့ဒီလူနဲ့ ဘာဖြစ်ခဲ့သည် မသိ။ ကျွန်တော် စိတ်ရင်းနှင့် ဆုတောင်းပေးမိသည်။
အဲ့ဒီလူနဲ့ ကျွန်တော့် အစ်မလေး ပြန်တွေ့နိုင်ပါစေဗျာ။
*
အလုပ်ရှင်က ခေါ်သဖြင့် သူမအိမ်သို့ သွားရသည်။ ရင်ထဲတော့ ထိတ်လန့်နေပြီး စိတ်လေးနေသည်။ ဘာကိစ္စများ ရှိနေပြန်ပြီလဲ မသိ။
“အစ်မ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့”
“ငါ ညည်းကို မေးစရာရှိလို့”
“ဗျာ၊ ကျွန်တော့်ကို? ”
“ငါ့သားနဲ့ သတင်းတွေ ကြားနေရတယ်”
“အစ်မသား? ”
အလုပ်ရှင် မျက်နှာက ခပ်တည်တည်ပင်။ ဒေါသလည်း အနည်းငယ် ထွက်နေသယောင်။
“မင်း Allium လို့ ခေါ်နေတဲ့သူက ငါ့သားပဲ”
“Allium!”
အံ့သြသွားမိသလို ရင်ထဲလည်း အဆင်မပြေ။
“အချစ်ကလေး ဘာလုပ်နေတာလဲ ကိုယ်က မင်းကို လိုက်ရှာနေတာ”
သေချာပေါက် Allium အသံဖြစ်သည်။ အလုပ်ရှင် အစ်မကို ကြည့်မိတော့ မေးဆတ်ပြပြီး သွားကြည့် ခိုင်းလေသည်။ နန်းဝေ အပြင်ကို ကြည့်တော့ သူက ကောင်မလေး တစ်ယောက်ကို စနောက်နေသည်။
“သူက အဲ့လိုပဲ တအား ရှုပ်တာ၊ မိန်းကလေးတိုင်းကို အီစီကလီတွေ လျှောက်ပြောနေတာ”
မိန်းကလေးတိုင်း။ လူတိုင်း။
နန်းဝေ ခေါင်းထဲမှာ လူတိုင်းနဲ့တန်းတူဆိုသည့် စကားလုံးက ပြေးနေသည်။ ဒါဆို နန်းဝေကို ဂရုစိုက်ပေးခဲ့တာတွေကရော။ ဆိုင်ကယ် စီးသည့်နေ့ နောက်ပိုင်းတွင် နန်းဝေဆီ ခဏခဏ လာသည်။ အမြဲတမ်း စကားလာပြောသည်။ ဂရုစိုက်ပေးသည်။ နန်းဝေကတော့ နန်းဝေ တစ်ယောက်တည်းကို ချစ်ပေးတယ်ထင်ပြီး ရူးလိုက်ရတာ။ သူကတော့ ။
နန်းဝေ ရှက်သည်။ အစ်မ ရှေ့မှာ ပိုရှက်သည်။ အမြဲတမ်း ဖိနှိပ်ကာ နန်းဝေကို နှိမ်တတ်သည့်သူရဲ့ သားက နန်းဝေကို ကစားနေခဲ့သည်။ ဒါကို အလုပ်ရှင်ကိုယ်တိုင် သတိပေးမှ သိရသည့် အဖြစ်။ ရူးလိုက်တာ။
“ကျွန်တော် သိသားပဲ သူက အဲ့လိုလူဆိုတာ”
“ဟား ဟုတ်လား သိရက်နဲ့ မင်းက တွဲနေတာလား”
“မတွဲပါဘူး၊ အစ်မကို ဘယ်သူ ပြောလဲ၊ ကျွန်တော် တစ်ခါမှ သူ့ကို ချစ်ပါတယ် မပြောဖူးဘူး”
“ဘာ”
“သူက လာရောလို့ အလိုက်သင့်လေး နေပေးရုံပဲ စိတ်ထဲတောင် မရှိဘူး”
အစ်မက အံ့သြတကြီး ကြည့်နေလေသည်။ နောက်ဆုံး မာနလေး တစ်ခု ဖြစ်ဖြစ် နန်းဝေက ဆွဲကိုင်လိုက်ရသည်။ ရင်ထဲက နာပေမယ့် ပြုံးလိုက်သည်။
“ကစားရတာ ပျင်းသွားပြီ Allium ကို ပြောပေးနော် ပျော်ဖို့ကောင်းခဲ့တယ်လို့။ အလုပ်ထွက်စာကိုတော့ delivery နဲ့ပဲ ပို့လိုက်တော့မယ်”
နန်းဝေ ပြောချင်ရာ ပြောပြီး လှည့်ထွက်ခဲ့သည်။
ကြိုးစားပြီး တည်ဆောက်ထားသမျှ အသက်ယဲ့ယဲ့လေးတွေကိုမှ ရိုက်ချိုးရက်တယ် Allium … ။
လှည့်စားရက်လိုက်တာ ။
အဲ့ဒီနေ့က ထပ်ပြီး သေချင်ခဲ့သည်။ လူတော့ မသေခဲ့။ စိတ်ကတော့ ရစရာပင် မရှိတော့ချေ။
ထပ်ပြီး သူနဲ့ မတွေ့တော့ပေ။
*
ထူးခြားမှုမရှိသည့် နေ့တစ်နေ့။
အလုပ်သွားသည်။ အလုပ် ပြန်သည်။ ခွေးနဲ့ ကစားသည်။ ညနေရောက်တော့ ဘားကို သွားဖြစ်သည်။ ဒီနေ့တော့ မိုးမရွာ။ နေသာခဲ့သည်မို့ ညနေရောက်သည်အထိ သိပ်ပြီး မမှောင်။ ပတ်ဝန်းကျင်က လင်းနေသည်။
“တီတီ”
ဆိုင်ကယ်က ဟွန်းတစ်ချက်တီးပြီး နန်းဝေ ဘေးနား လာရပ်သည်။ ဆိုင်ကယ် ဦးထုပ် ချွတ်လိုက်တော့ ကောင်လေး တစ်ယောက်။ မိုးရေတွေနဲ့ ကြွက်စုတ်လေး မဟုတ်တော့ပေ။ တီရှပ်အ၀ါလေးနှင့် သစ်လွင်နေသည်။ မြင်ရတာ စိတ်ချမ်းသာစရာ။
“ပြည့်ဖြိုး”
“ကျွန်တော့်ကို မနေ့ညက အမေ မဆူဘူး သိလား”
“ဟုတ်လား”
“အင်း ဗိုက်အောင့်နေခဲ့တာ ဘာလို့ မပြောတာလဲတဲ့”
“အဆင်ပြေသွားပြီပေါ့”
“ဆိုင်ကယ် စီးချင်တယ် ပြောတော့ ချက်ချင်း လိုက်ဝယ်ပေးတယ်ဗျ၊ ပြီးတော့ ပြောသေးတယ် ငါ့သား တောင်းဖူးတာ ဒါ ပထမဆုံးပဲတဲ့”
ပျော်နေသည့် ကလေးကို မြင်ရတာ နန်းဝေပါ ပျော်လာသည်။
“အင်းပါ ဟုတ်ပါပြီ၊ မသေချင်တော့တာ ကောင်းတာပဲ”
“ဟီးဟီး တကယ်တော့ ကျွန်တော့် ကိစ္စက သေးသေးလေးပဲ”
“အလုပ်ခွင်ရောက်ရင် အဆင်မပြေမှုတွေနဲ့ နေသားကျသွားမှာပါ အလုပ်ခွင်က မိဘအရိပ်နဲ့ အကွာကြီး ကွာတယ်”
“အစ်မရော အဆင်ပြေလား”
“ငါလား၊ နေသားကျနေပါပြီ”
ပြည့်ဖြိုးက ခေါင်းညိတ်သည်။ ပြီးတော့ ဆိုင်ကယ်ပေါ် တက်ခိုင်းသည်။
“ငါ အရက်သောက်မလို့”
“ဒီနေ့တော့ ကိုလာနဲ့ ကြက်ကြော် သွားစားရအောင် ကျွန်တော် ကျွေးမယ်”
“သဘော”
“ကျွန်တော်က ကိုလာနဲ့ ကြက်ကြော် ကြိုက်တာပဲ”
“ဘာကြိုက်မှန်း အခုမှ သိတာလား”
“ဟုတ်တယ်”
ဆိုင်ကယ် စီးရတာ တကယ်ကို ပျော်စရာ။ ပြည့်ဖြိုးက သိပ်မမောင်းတတ်သေးတာမို့ နည်းနည်းတော့ ပျင်းဖို့ကောင်းနေပေမယ့်ပေါ့။
“ကျွန်တော် ပုံဆွဲရတာ ကြိုက်တာပဲ သိလား”
“ဟုတ်လား”
“ကျွန်တော် အစ်မပုံ ဆွဲခဲ့တယ်”
“ရုပ်ဆိုးအောင် ဆွဲထားရင် သေအောင်ရိုက်မှာ”
“ဟဲဟဲ လှပါတယ်”
ပြည့်ဖြိုးက ရယ်လေသည်။
“ကျွန်တော် အစ်မကို ပြောပြစရာတွေ အများကြီး ရှိတယ်”
“ရပါတယ် ငါက အချိန်တွေ ပိုနေတဲ့သူပဲ နားထောင်ရမှာပေါ့”
အခုလိုဆိုတော့လည်း ညနေခင်းတွေက နေချင်စရာပါပဲ။ တကယ်တော့ သေပစ်ချင်စိတ်နဲ့ ရှင်သန်လိုစိတ်က ခြေတစ်လှမ်းစာလောက်ပဲ ဝေးကွာတာပဲ။
တကယ်ကို ခြေတစ်လှမ်းစာပဲ။ နန်းဝေသာ ခြေတစ်လှမ်းစာ နောက်ကျသွားရင် ပြည့်ဖြိုး ကားအောက်မှာ ရောက်နေပြီလား မပြောတတ်။ တော်သေးတယ်။ တကယ်ကို တော်သေးတာပေါ့။
သေခြင်းရဲ့လမ်းကို ရွေးချယ်ဖို့လဲ စိတ်တစ်ခုပဲ လိုတာပါပဲ။ ဒီလမ်းကို ရွေးမလား၊ မရွေးဘူးလား။ ဒါလေးပဲ။
ဆိုင်ကယ်က တဖြည်းဖြည်းတော့ မြန်လာပါသည်။ ညနေခင်းမှာ ဆိုင်ကယ် စီးရတာ စိတ်ကို တကယ် ပျော်စေတာပဲ။ ဒီကလေးကတော့ သေခြင်းတရားရဲ့ လမ်းကို မရွေးလောက်တော့ဘူး ထင်ပါရဲ့ … ။
*
ပြီးပါပြီ။
ВЫ ЧИТАЕТЕ
Short Stories
Короткий рассказဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့ ခံစားချက်တွေပါပဲ<3 ဝတ္တုတိုတွေ စုထားတာပါ ! ပေးချင်တဲ့ မက်ဆေ့က ဘာလဲ မမေးပါနဲ့ ဒီလူက ဝတ္တုတိုမှာ ပါရမီ မပါပါဘူး-_- ဒီတိုင်း ပျံ့ကြဲနေတဲ့...