(Unicode)
တမှူး ဝူဘအရုပ်ကြီးကို ဖက်ကာ ဓာတ်ပုံရိုက်လိုက်ပြီး အမှတ်တရအဖြစ် လိုင်းပေါ်၌ ပုံတင်လိုက်သည်။ Caption က 'Thank you' ဟူ၍ ။
တမှူးတင်ပြီး သိပ်မကြာခင်မှာ Jayy က ထိုပုံလေးကို love react ပေးသွားသည်။ Jayy လိုင်းပေါ်မှာရှိသည်ဟုသော အသိဖြင့် တမှူး စာပို့လိုက်သည်။
'Hi, Jayy ဗျ'
ရောက်သွားကြောင်း အမှန်ခြစ်အမှတ်အသားလေးပေါ်ပြီး Jayy ချက်ချင်းမကြည့်ပါ။ တမှူး ခဏစောင့်သည်အထိ ကြည့်မလာသောကြောင့် Jayy တစ်ခုခုကြောင့်မအားဘူးဟုတွေးမိကာ တမှူးconversation ထဲမှ ပြန်ထွက်လိုက်သည်။ ထို့နောက် တမှူးပုံအောက်တွင် လာမန့်ကြသော အသိသူငယ်ချင်းအချို့၏ ကွန်မန့်များကို စာပြန်နေလိုက်သည်။
ကွန်မန့်များကို စာပြန်ရင်း Jayy ဆီ စာပို့ထားသည်ကို ခဏမေ့သွားသည်။ အားလုံးကို စာပြန်ပြီးချိန်မှ သတိတရဝင်ကြည့်တော့ Jayy က မကြည့်သေး။ ခါတိုင်းဆို ယခုလို မကြာတတ်ပါ။ Jayy ဆီ နိုတမတတ်လို့များလားဟုတွေးရင်း တမှူး အီမိုဂျီလေးတစ်ခုထပ်ပို့လိုက်သည်။ ထိုအချိန်ထိ မကြည့်သေးပါ။ Jayy လိုင်းပေါ်မှာ မရှိတော့တာများလား။
ဘာရယ်လို့ ရေရေရာရာမသိရသေးသည့်အချိန်တွင် ရင်ဘက်ထဲ သိပ်မကောင်း။ Jayy ဘာဖြစ်လို့များပါလိမ့်။ တကယ်ဆိုလျှင် Jayy နှင့် တမှူးအကြား ဆက်ဆံရေးက အင်တာနက်ဟူသော ခေါင်းစဥ်အောက်ဝယ် messenger လေးတစ်ခုဖြင့် ခပ်မျှင်မျှင် ချိတ်ဆက်ထားရုံမျှသာ။ Jayy ဘက်မှ ထိုချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်နှင့် တမှူးနှင့် Jayy အကြားခင်မင်မှုက တစ်ခါမှ မပတ်သတ်ဖူးသည့် သူစိမ်းတွေလို ပျောက်ကွယ်သွားရမည်ပင်။ တွေးရင်းဖြင့် ရင်ထဲ ပူလောင်လာရသည်။
Jayy က ခဏမျှ မိမိပို့သည့်စာကို မကြည့်ရုံဖြင့် တမှူး၏ အတွေးများက ယောက်ယက်ခတ်နေပေပြီ။ မတည်ငြိမ်သည့် စိတ်အရ နောက်ထပ် စာပို့မိပြန်သည်။
'Jayy ဘာတွေလုပ်နေလဲဗျ'
နောက်ထပ်တစ်နာရီမျှအထိ Jayy ဘက်က မကြည့်လာသဖြင့် တမှူး လက်လျှော့လိုက်ရသည်။ ခါတိုင်းဆိုလျှင် ယခုအချိန်က Jayy နှင့်စကားပြောနေကျပင်။ တစ်လနီးပါးသော အချိန်တစ်ခုဟာ အကျင့်တစ်ခုလို စွဲလန်းနေပေပြီ။ Jayy ကို ပြောပြချင်သည်။ နောက်တစ်ပတ်မှာ ကျရောက်တော့မည် February 14 အကြောင်း။ ပြီးလျှင် Jayy ဆီမှ သတင်းနှိုက်ယူမည်။ Jayy ၌ silent တွဲနေသော သူတွေဘာတွေများရှိသလားဟူ၍ပေါ့။
YOU ARE READING
I ADORE YOU. (COMPLETED)
RomanceI adore you.....💙 Type- Romance,Drama Started date - September 3, 2020. End date -December 6,2020. Cover photo crd from pinterest.