(Unicode)
ဆည်းဆာနေဝင်ချိန်...။
စကားလုံးကလှသလို သူ့၏အသွင်သဏ္ဌာန်ကလည်း လှသည်။ ပုစွန်ဆီရောင်ဖြန်းပတ်သော နေဝင်ဆည်းဆာသည် အကျည်းတန်မှုများကိုပင် မှေးမှိန်သွားစေလောက်အောင် လှပလွန်း၍ အကျည်းတန်လှချိန်ဟုပင် ရှေးကတည်းက ပြောစမှတ်တွင်ကြသည်မဟုတ်ပါလား။ ဒေသအလိုက် ဆည်းဆာ၏သဏ္ဌာန်က အမျိုးမျိုးပြောင်းလဲသွားသော်လည်း လှသည်ကတော့ နေရာဒေသမရွေး ပြိုင်ဖက်ကင်းဆဲပင်။
ယခင်က တမှူး နေ့စဥ်မြင်တွေ့ခဲ့ရသော ညနေဆည်းဆာတွင် အနီရောင်နေမင်းကြီးသည် တိုက်တာများ၏ နောက်ကွယ်၊ သစ်ပင်များ၏နောက်ကွယ်၊ တောင်တန်းများ၏နောက်ကွယ်သို့ ဝင်ရောက်သွားသယောင်ရှိခဲ့ပြီး ယခု ပင်လယ်ပြင်မှ ညနေဆည်းဆာတွင်မူ နေမင်းကြီးသည် ပုစွန်ဆီရောင်ဖြန်းပတ်သော ပင်လယ်ရေပြင်ထဲသို့ တရွေ့ရွေ့တိုးဝင်နေသည်ဟု ထင်မှတ်မှားရသည်။ ပင်လယ်ပျော်ငှက်တို့ကလည်း တောင်ပံများကို ဖြန့်ကား၍ ဝေဟင်ထက် ဝဲပျံနေသည်မှာ ဆည်းဆာအလှကို ပိုမိုအသက်ရှူမှားအောင် ဇာတ်ပို့ဝင်ပေးကြသည့်နှယ်။
"လှလိုက်တာ"
တမှူး မနေနိုင်စွာ ရေရွတ်မိတော့ စီနီယာကလည်း ခေါင်းညိတ်ထောက်ခံသည်။
"ဓာတ်ပုံရိုက်ကြမလား ကောင်လေး"
တမှူး ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ကောင်လေး ဖုန်းပေး"
ပင်လယ်၏ ညနေဆည်းဆာကို နောက်ခံပြု၍ တမှူးနှင့် စီနီယာ့၏ ပထမဦးဆုံးသော စုံတွဲဓာတ်ပုံကို စီနီယာက ရိုက်ယူလိုက်သည်။ တမှူး၏ဖုန်းထဲ၌ နေရာယူသွားသော စုံတွဲပုံလေးကိုပြန်ကြည့်ရင်း တမှူး နှုတ်ခမ်းတို့ ကြည်ကြည်နူးနူးပြုံးမိသည်။
ထို့နောက် မီးပုံပွဲလည်း မစသေးသည်မို့ ပင်လယ်ပြင်ကို မျက်နှာမူ၍ နှစ်ယောက်အတူ ယှဥ်ထိုင်မိသည်။ တမှူးလက်တစ်ဖက်ကိုတော့ စီနီယာက ဆုပ်ကိုင်ထားဆဲပင်။
နေလုံးကြီးက ရောင်နီများသာ ချန်ရစ်၍ ပင်လယ်ပြင်အောက် တရွေ့ရွေ့ တိုးဝင်ပျောက်ကွယ်နေသည်။
YOU ARE READING
I ADORE YOU. (COMPLETED)
RomanceI adore you.....💙 Type- Romance,Drama Started date - September 3, 2020. End date -December 6,2020. Cover photo crd from pinterest.