Part-3

3.9K 424 6
                                    

Uni

ဖတ်ပြီးစ ဝတ္ထုစာအုပ်လေးကို ခုံပေါ်အသာအယာချကာ အေးစက်နေပြီဖြစ်သော နို့ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ အပြင်မှာ သူနဲ့တွေ့တဲ့မနေ့ကလို မိုးဖွဲလေးများ ကျဆင်းလျှက်ရှိသည်။ မိုးရဲ့အေးစက်ကာ ကြက်သီးထလောက်သော အငွေ့အသက်က ကျွန်တော့် တစ်ကိုယ်လုံးကိုလွှမ်းခြုံလာသည်။ ကျွန်တော် ချမ်းသည်ဟု ပြောလို့မရသော်လည်း ကြက်သီးတော့ထလျှက်ရှိသည်။ ဝတ္ထုစာအုပ်အကြောင်းတွေးမိတော့ ရင်ဘတ်ထဲမှာ တစ်ခုခုဆို့ထားသလို တစ်ဆို့ဆို့ကြီး ခံစားလိုက်ရသည်။ စာအုပ်ကလေးကို လက်နှင့်ပွတ်ရင်းသား တွေးမိတဲ့ခေါင်းစဥ်က ‘အချစ်’။

မချစ်ဖူးသူတစ်ယောက်အနေနဲ့ အချစ်ကိုကိုယ်တိုင်မခံစားဖူးသော်ငြား စာအုပ်တွေအများကြီးတော့ ကျွန်တော်ဖတ်ဖူးပါသည်။ အားကြီးသော၊ အားနည်းသော၊ ပူလောင်‌သော၊ အေးမြသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ ဝမ်းနည်းဖွယ်ကောင်းသော အစရှိသဖြင့် အချစ်ကိုဆန့်ကျင်ဘက်များစွာဖြင့် အဓိပ္ပါယ်ဖွင့်တတ်ကြတဲ့ စာအုပ်ထဲက ဇာတ်ကောင်တွေဟာ ကျွန်တော့်ကို အချစ်အကြောင်းသိအောင်လုပ်ပေးတဲ့ သူတွေပဲဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်ကိုပဲ ဖတ်လိုက်ဖတ်လိုက် ကျွန်တော့်ခေါင်းထဲမှာ ဇာတ်လိုက်တွေနဲ့ တန်းတူ နေရာယူထားနိုင်သူများက ‘ဗီလိန်’။

ဘယ်လိုပဲ ယုတ်မာပက်စက်ပါသည် ဆိုစေကာမူ ကျွန်တော့်မျက်စိထဲတွင်တော့ သူတို့သည်လည်း အချစ်၏ သားကောင်များသာဖြစ်သည်။ သူတို့၏ အချစ်သည်လည်း ဇာတ်လိုက်တို့နည်းတူ ဖြူစင်သန့်ရှင်းပါလျှက်၊ စစ်မှန်ပါလျှက်နှင့် အဘယ့်ကြောင့် ဗီလိန်ဖြစ်လာရပါသနည်း။ အချစ်ဆိုသည့်အရာနှင့် ထိတွေ့မိလျှင် လူတိုင်းနီးပါးကတော့ ချစ်ရသူကို ပိုင်ဆိုင်ရသည်၊ မရသည် အသာထား။ တစ်ခြားသူ ပိုင်ဆိုင်မှာကိုတော့ မကြည့်ရက်သည့် အမျိုးပင်ဖြစ်သည်။ ဒီတော့ ချစ်ရသူကို တစ်ပါးသူ မပိုင်ဆိုင်ရရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းခဲ့သည့် အချစ်၏ သားကောင်များကိုမှ ဗီလိန်ဟု အမည်နာမ တပ်ရက်လေခြင်း။

‌ပြောရရင် ဇာတ်လိုက်တွေလို စစ်မှန်တဲ့အချစ်တွေနဲ့ ချစ်ခဲ့ရပါလျှက် အသုံးချခံသာသာ သာဖြစ်ခဲ့ရလေခြင်း။ တကယ်တမ်းတွေးကြည့်ရရင် တစ်ဖက်သတ်အချစ်က ဗီလိန်ဆန်ပြီး နှစ်ဦးစုံမက်အချစ်ကမှ မင်းသားမင်းသမီးဆန်သလိုလို......။ တွေးရင်းတွေးရင်းနှင့် အေးစက်လာသော လက်ဖျားများအား ခဏတာလောက် ဆုပ်နယ်နေလိုက်ရသည်။ ကျွန်တော်ကိုယ်တိုင်လည်း အချစ်နဲ့တွေ့ခဲ့လျှင် ဘယ်လိုဇာတ်ကောင်မျိုးဖြစ်မည်ဆိုတာ သိချင်မိပါသည်။ ‘ဇာတ်လိုက်လား၊ ဗီလိန်လား၊ အရံလား’ သေချာတာကတော့ ရှေ့ကံကြမ္မာကို ဘယ်သူမှ ကြိုမမြင်နိုင်ကြဘူးလေ။

Yes,I'm Villain (Completed)Where stories live. Discover now