Part 77

5.7K 659 27
                                    

Uni

ညမှောင်မှောင် ကျောက်သားခန်းမကြီး၏ အလယ်တွင် အနက်ရောင်ပဝါလေးခြုံထားသော အမျိုးသမီးတစ်ယောက် ဝတ်ပြုဆုတောင်းလျှက်ရှိ၏။ အမျိုးသားတစ်ယောက်သည် အဝင်ဝမှတဖြေးဖြေးလျှောက်လာကာ အမျိုးသမီး၏ နောက်နား၌ နေရာယူသည်။ အမျိုးသမီးလေးက နတ်ဘုရားရုပ်ထုကြီးရှေ့ရှိ ကံကြမ္မာသင်္ကေတများ‌ရေးသားထားသော စက်ဝိုင်းကို တစ်ချက်ကြည့်ကာ ခြုံထားသော အနက်ရောင်ပဝါကိုဖြုတ်၍ ကိုယ့်မျက်လုံးကိုယ် စည်းလိုက်သည်။ ထို့နောက် မင်စွတ်ထားသော စုတ်တံတစ်ချောင်းကို ကိုင်ပြီးသည်နှင့် အရှေ့ရှိ စက်ဝိုင်းကြီးကို ဖြေးညင်းစွာ လှည့်လိုက်တော့သည်။ စုတ်တံ၏ စုတ်ချက်က စက်ဝိုင်းပေါ်သို့ သုံးချက်တိတိ ကျပန်းရောက်ရှိသွားသည်။ အမျိုးသမီးလေး၏ နှုတ်မှ တဖွဖွရွတ်ဆိုနေသံကိုလည်း နားဖျားတွင် ခပ်သဲ့သဲ့ကြားနိုင်သည်။ မီးတုတ်မှ မီး‌လျှံတို့မှာလည်း တလွင့်လွင့်။

အလုံးစုံပြီးစီးသောအခါ မိန်းမပျိုလေးက သူမ၏ မျက်လုံးစည်းကို ဖွင့်ပြီး စက်ဝိုင်းဆီမျှော်လင့်တကြီးကြည့်လိုက်သည်။ ကံကြမ္မာကြည့်ခြင်းအချိန်ကာလကို မရောက်သေးသော်လည်း စစ်ပွဲအတွက်စိတ်ပူတာမို့ ရှီဝေးနှင့်တိုင်ပင်ပြီး ကံကြမ္မာကြည့်နေကြခြင်းဖြစ်သည်။

“ဘယ်လိုနေလဲ”

ရှီဝေး၏ ခပ်ဩဩအသံက နောက်မှထွက်ပေါ်လာသည်။ ထိုအထိ နက်ထန်က စုတ်ချက်သုံးချက်ကိုကြည့်ရင်း မလှုပ်မယှက်ဖြစ်နေသေးတာမို့ ရှီဝေးစိတ်ပူလာသည်။ ကံကြမ္မာက မကောင်းတဲ့ဘက်ကို ညွှန်ပြနေတာများလား။

“ဘာဖြစ်လို့လဲ မကောင်းဘူးလား”

ထပ်ဆင့်မေးခွန်းအပြီးဝယ် နက်ထန်က သူ့ဘက်သို့ အေးစက်စက်မျက်နှာထားနှင့် အသက်မရှိသူပမာ လှည့်လာသည်။ မျက်နှာအမူအရာက ကောင်းသည့် လက္ခဏာ မဟုတ်တာတော့ သေချာသည်။

“ကောင်းပါတယ် အရှင်.. စစ်ပွဲက နိုင်မှာပါ...တစ်ခု..တစ်ခုပဲ”

စစ်ပွဲနိုင်မည်ဆို၍ ပျော်သွားသော ရှီဝေး၏ စိတ်အခြေအနေက နက်ထန်၏ ရှတတကွဲအက်အက်ဖြစ်နေသော အသံကြောင့် ခဏချင်းပင် ပျက်စီးသွားရသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now