Part-3-Unicode

4.9K 711 42
                                    

"ခုထိထွက်မလာသေးဘူးလား။"

"လာပြီ။လာပြီ။"

အသံကအရင်ထွက်လာသည်။ လူကတော့ဖြင့် ပေါ်မလာသေး။ စိုင်းဝေယံ စိတ်မရှည်စွာနှင့် ဖွင့်ထားတဲ့ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး အိမ်ထဲ ဝင်ခေါ်ဖို့သွားလိုက်မှ အိမ်ပေါက်ဝကနေ ထွက်လာတဲ့ကောင်လေး။ အဝါရောင်ခေါင်းစွပ်အနွေးထည်လေးနှင့် ဂျင်းပန်အပြာကိုတွဲဝတ်ထားတဲ့ သော်လွှမ်းသည် နေရောင်ခြည်အောက်တွင် ဦးမော့နေတဲ့ နေကြာပန်းလေး တစ်ပွင့်နှယ်။ စိတ်ကြည်နေပုံရတဲ့ မျက်နှာလေးက ကြည်လင်လို့။ သူဝတ်နေကျ တွဲလောင်းနားကပ်တွေ မမြင်ရလို့လည်း ပိုကြည့်ကောင်းနေသလားပင်။

"ဘာလို့အဲ့လောက်ထိ ကြာနေရတာလဲ။"

"ရှုးဖိနပ်ကြိုးက စီးရသေးတယ်လေ။"

ဝတ်ထားတဲ့ဖိနပ်အဖြူရောင်လေးကို စိုင်းဝေယံရှေ့ထိုးပြသည်။

"ဘုရားပေါ်တက်ရမှာကို ရိုးရိုးခြေညှပ်ဖိနပ်စီးမလာဘူး။ ရှုးဖိနပ်က ချွတ်ရပြန်ဝတ်ရနဲ့ အလုပ်ကရှုပ်ဦးမယ်။"

"ခြေညှပ်ဖိနပ်မှ ပါမလာဘဲ။"

သော်လွှမ်းရဲ့ ဆင်ခြေကို စိုင်းဝေယံ ခွန်းတုံ့ုပြန်မနေတော့။ ပါမလာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ စိုင်းဝေယံဖိနပ်ပေးစီးရအောင်လည်း သူ့ခြေထောက်နဲ့ စိုင်းဝေယံ ခြေထောက်နဲ့က ဆင်နဲ့ဆိတ်လိုပင်။ ကားတံခါးကိုဆွဲဖွင့်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်တော့ စိုင်းဝေယံထက်ပိုသွက်တဲ့ သော်လွှမ်းကတော့ ဘေးက Lover seat မှာရောက်နှင့်နေပြီ။ ဒီနေရာမှာကျတော့ မြန်လိုက်တာ။

"ခါးပတ်က ကွင်းလေးကဘယ်နားမှာလဲ။ မတွေ့ဘူး။"

စိုင်းဝေယံကားစက်နိူးနေရင်း လှည့်ကြည့်လိုက်တော့ ခါးပတ်ကြိုးကို ဆွဲပြီး ဟိုရှာဒီရှာလုပ်နေတဲ့ သော်လွှမ်း။ ခရီးသွားခါနီးလာခါနီး တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေတော့တာဘဲ။

"ခဏလေး။ ကိုယ်လုပ်ပေးမယ်။"

ကိုယ်ပေါ်ငုံ့မိုးလာတဲ့ အရိပ်တစ်ခုနှင့် အတူ သော်လွှမ်းရဲ့နှာဝထဲ ခပ်သင်းသင်း တိုးဝင်လာတဲ့ အနံ့လေး။ ရေမွှေးနံ့လိုစူးတူးတူး မဟုတ်တဲ့ အနံ့ပြေပြေလေးက ဦးပြောင်ဆီက အနွေးထည်ရဖူးတဲ့ အခိုက်အတန့်လေးကို ပြန်အမှတ်ရသွားစေသည်။ စိုင်းဝေယံ ခါးပတ်ပတ်ပေးပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်ဖို့ ပြင်လိုက်ချိန် တွေ့လိုက်ရသည်က သော်လွှမ်းရဲ့ ပြုံးဖြဲဖြဲမျက်နှာလေး။

စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီWhere stories live. Discover now