မင်းဆီမှာဆိုရင် တခြားနေရာထက်စာရင် စိတ်ချရပါသေးတယ်။
အင်း
ငါဒီရက်ပိုင်းအတွင်း အလုပ်အားတာနဲ့ လာခေါ်မယ်လို့
အင်း
ငါ့ဖုန်းကိုလည်း ကိုင်ဖို့ ပြောပေးဦး
အင်း
စိုင်းဝေယံဘက်က အင်းတွေချည့် ဆက်တိုက်ဆက်လာတော့ Messenger မှာ ဆက်တိုက်လို ပေါ်နေတဲ့ အစက်လေးသုံးစက်က ပျောက်ကွယ်သွားလေသည်။ ၀လွှမ်းနာမည်ဘေးက အစိမ်းရောင်အစက်ကလေးလည်း မျက်စိတမှိတ်အတွင်း မရှိတော့။ စိုင်းဝေယံ ဖုန်းမျက်နှာပြင်ကို အမှောင်ချလိုက်ပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။
ညီမရှိတဲ့ အစ်ကိုတစ်ယောက်ဖြစ်တာကြောင့် ဝေလွှမ်းရဲ့ သောကကိုလည်း ကိုယ်ချင်းစာနိုင်သည်။ အပေါ်ထပ်က ကောင်ဆိုးလေး အခုထိ အောက်ထပ်ဆင်းမလာသေးတာကိုလည်း ကသိကအောင့် ဖြစ်နေသေးသည်။ အရှေ့က အငွေ့ပြယ်ပြီး အေးစက်သွားပြီဖြစ်တဲ့ ထမင်းစားပွဲဝိုင်းကတော့ စိုင်းဝေယံကို လှောင်ပြောင်နေသည့်နှယ်။
ရင်ထဲက ကလိတိတိနဲ့ နေရထိုင်ရဘဲ ခက်နေသလို။ ထမင်းစားပွဲဝိုင်းမှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးထိုင်ပြီး ညီအစ်ကို နှစ်ယောက်ကြား နေရခက်နေသည့်အဖြစ်ကို သည်းမခံနိုင်တော့သည့်နှင့် စိုင်းဝေယံ ထိုင်နေရာမှ ထလိုက်သည်။
"ဒေါက်..ဒေါက်...ဒေါက်။"
"သော်လွှမ်း။"
"ဒေါက်..ဒေါက်..။"
တံခါးခေါက်သံနှင့် နာမည်ကိုလှမ်းခေါ်သံတို့သည် တပြန်စီ ထွက်ပေါ်လျှက်ရှိသည်။ သော်လွှမ်း ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေရင်း တံခါးဘက်ကို ယောင်လို့တောင် လှည့်မကြည့်။
"တံခါးဖွင့်စမ်း။ သော်လွှမ်း။"
အဲ့မှာ သေအောင်သာထု။ ဒီညတော့ လုံးဝ တံခါးဖွင့်ပေးဖို့ အစီအစဉ်မရှိဘူး။
သော်လွှမ်း စိတ်ထဲက ပွစိပွစိ ရေရွတ်ပြီးသည်နှင့် ဒူးနှစ်ဖက်ကို ပိုပြီး တင်းတင်းကြပ်ကြပ်ပွေ့ပိုက်လိုက်ကာ ဒူးခေါင်းပေါ် မေးတင်ပြီး မူန်ကုတ်နေလိုက်သည်။ တံခါးခေါက်သံတွေက ပိုပြီးခပ်စိတ်စိတ်ဖြစ်လာသလို ကျယ်လောင်လာလေသည်။
YOU ARE READING
စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီ
RomanceUnicode : နှောင်ကြိုးမည်သည်ရစ်ဖွဲ့သီ-sequel Zawgyi : နှောင်ကြိုးမည်သည်ရစ်ဖွဲ့သီ-sequel