U
"မဟုတ်မှ ကိုကြီးကျန့် လက်ထပ်ဖူးတယ်လို့တော့မပြောနဲ့နော်"
"စားမှာသာစားစမ်းပါ နောက်နေ့ကျရင် ငါစမ်းပြီးချက်သမျှ မြည်းပြီး ဝေဖန်ပေးအုံး"
"အိုခီ"
ဝေဝေပြန်သွားပြီးတော့ သူလည်း တစ်ယောက်တည်း သိမ်းစရာရှိတာသိမ်းသည်။အကုန်တော့မသိမ်းသေး။အကယ်၍ ဝယ်သူ ရှိလာလိုရှိလာငြား။
မျက်နှာကလည်းနာ ဗိုက်ကလည်းအောင့်ပေမယ့် ဆိုင်က စောစောသိမ်းလို့မဖြစ်သေး။
ဆိုင်တွင်းထဲက အမိှုက်တွေတော့ ကျိတ်မှိတ်သည်းခံပြီး ရှင်းလိုက်သည်။
သူ့ကောင်တာစားပွဲပေါ်ကဖုန်းမြည်လာတာကြောင့် အပြေးသွားရသည်။ခုံကို တိုက်မိပြီး လဲတော့မလို့။
"ဝေ"
ဖုန်းက တခြားသူဆီကမဟုတ်။သူ့ဦးလေးဆီကပင်။သူ လစဥ်ဆက်ရမည့်အတိုးကို ဒီတစ်ပတ်ကြိုပြီးပေးဖို့ပြောခြင်း။မပေးနိုင်ရင် ဆိုင်ခန်းကို သိမ်းမယ်လို့တောင် ခြိမ်းခြောက်သွားသေးသည်။
ဖုန်းချပြီးတာနဲ့ အံဆွဲထဲက ပိုက်ဆံအချို့ရယ် သူ့လက်ထဲ စုမိဆောင်းမိထားတဲ့ငွေရယ်က ဦးလေးကိုဆပ်ဖို့ ပြည့်လို့တော်သေး။ပြည့်တယ်ဆိုရုံလေး။သူ့အတွက်တော့ ဘာမှ မကျန်တော့တာပေါ့လေ။သူ နောက်ထပ် ဟင်းတစ်မျိုးမျိုးချက်ဖို့ အရင်းနှီးမကျန်တော့ပြန်။
ရှောင်ကျန့်မှာ ဆိုင်ထဲ ဝင်လာတဲ့သူကြောင့် ထိုင်ဆွေးနေချိန်မရှိ။ဒီအချိန်ကြီးဝင်လာတဲ့ဧည့်သည်ကို ကျေးဇူးတင်တဲ့အနေနဲ့ သူ အားရပါးရပြုံးပြီး ကြိုဆိုလိုက်သည်။နေ့လည်ကတင် အဆော်ခံထားရတဲ့ နှုတ်ခမ်းတစ်ဝိုက်က လက်သီးဒဏ်ကြောင့် ကောင်းကောင်းတောင် မပြုံးနိုင်။
ဧည့်သည်ကောင်လေးက သူ့ထက် ငယ်ပုံပင်။သူ့ရဲ့ဖြစ်ပျက်နေတဲ့အမူအရာတွေကို ထိုကောင်လေးက မျက်မှောင်ကြုံ့ပြီး ကြည့်နေလေရဲ့။
"ဆိုင်မှာက လက်လုပ်ဂျုံခေါက်ဆွဲတစ်မျိုးပဲရတယ်"
"တစ်ပွဲပေးပါ"
"ကြက်သားနဲ့လား ဝက်သားနဲ့လား"
"ကြက်သား"