U
ဆိုင်ရှေ့က လမ်းမှာ ပိတ်နေတဲ့နှင်းတွေကို ဂေါ်ပြားနဲ့ကော်ထုတ်လိုက် တံမြက်စည်းနဲ့ လှဲထုတ်လိုက်နဲ့ သူ့ခမျာ အလုပ်ရှုပ်နေသည်။
ဒီနေ့က မနေ့ကထက် နှင်းပိုကျသည်။
အရင်နေ့က ရိပေါ်ပေးထားတဲ့ အနွေးထည်အကျီထူထူကိုဝတ်ပြီး ဆောင်းတွင်းအအေးဒဏ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေချေပြီ။
သူငယ်ငယ်က ဘွားဘွားဆီအလည်လာတိုင်း ဒီဆိုင်ရှေ့မှာ အဘွားနဲ့အတူ နှင်းတွေကြုံးရသည်။ရှောင်ကျန့်က မောတယ် အဘွားရေလို့ ပြောရင် ဘွားဘွားက ရှောင်ကျန့်ကို နှင်းရုပ်လေးတွေ လုပ်ပေးသည်။ရှောင်ကျန့်က ဒီလောက်နဲ့ ဘယ်ကျေနပ်မလဲ။ကျိုးချန်တို့ ဝတ်တဲ့အနွေးထည်အကျီလိုမျိုး ဝယ်ပေးဖို့ ပူဆာလေ့ရှိသည်။အဘွားက မဝယ်ပေးပေမယ့် ကိုယ်တိုင် ချည်ထိုးပြီး ရှောင်ကျန့်အတွက် အနွေးထည်လှလှလေးတွေ ဖန်တီးပေးသည်။
ထိုစဥ်က ရှောင်ကျန့်က ငယ်လွန်းတာကြောင့် ကလေးပီပီ လိုချင်တာပဲ သိသည်။မိဘတွေအတွက် အဘွားအတွက် ထည့်မစဥ်းတတ်သေး။
ခုချိန်များတော့ သူ့မှာ ဆိုးဖို့မပြောနဲ့ ဘွားဘွားတွက် စောင်ကောင်းကောင်းတစ်ထည်ဝယ်ပေးချင်တယ်ဆိုရင်တောင် လက်ခံမယ့်သူမရှိတော့။သူ့ရဲ့မိဘတွေရော။
သုံးဆယ်နားနီးနေတဲ့ရှောင်ကျန့်က အရွယ်ရောက်လာလို့ ရင့်ကျက်လာတယ်မရှိ။သူ ဆိုးချင်ပါသေးသည်။သူဆိုးသမျှကို ပြုံးပြုံးလေးကြည့်နေပေးမယ့်လူတစ်ယောက်ကို လိုချင်သည်။
အချိန်ကြာလာလေ ဒါဟာ သူ့အတွက် စိတ်ကူးယဥ်အိပ်မက်တွေဆိုတာ သိလာလေ။
အမေရဲ့အစ်ကို ဦးလေးအရင်းဖြစ်သူကိုယ်တိုင်ကိုက သူ့ကို အဆက်အသွယ်မလုပ်ချင်။သူ့ဆီကသာ အကြွေးရစရာသာမရှိရင် သူ့ကို ရှိတယ်တောင်ထင်မှာမဟုတ်တော့။
အားလုံးက ပြောကြသည်။မင်းက ကံဆိုးမှုတွေသာယူလာတဲ့ ဂြိုဟ်ကောင်လေးတဲ့။
သူ အထက်တန်းထိတော့ အားလုံးက ကျန့်ကျန့် ကျန့်ကျန့်ဆိုပြီး သူ့ကို ဝိုင်းချစ်ကြသည်။သူ့မိဘတွေ စီးပွားရေးအဆင်ပြေတာကြောင့်လည်း ဖြစ်နိုင်သည်။