U
လူတွေက ပြောကြသည်။လောကကြီးမှာ အဆိုးနဲ့အကောင်း ဒွန်တွဲနေသလို ကံကြမ္မာဆိုတာလည်း ချိုတလှည့်ခါးတလှည့်တဲ့။ဒါက သက်သက်မဲ့လိမ်ညာလှည့်ဖျားတာ။
ရှောင်းကျန့်အတွက် ချိုမြိန်တဲ့ကံကြမ္မာဆိုတာ ဘယ်မလဲ။ရှာပေးကြပါ။
သူ့ရှေ့က လူနှစ်ဦးထွက်သွားသည်ထိ ရှောင်းကျန့် ဒီနေရာမှာ ထိုင်နေဆဲ။စဥ်းစားပါရစေဆိုတဲ့ စကားတစ်ခွန်းနဲ့ ထိုလူတွေကို နှင်ခဲ့ပေမယ့် မင်းမှာ စဥ်းစားဖို့ အခွင့်အရေးရှိရဲ့လားဆိုတဲ့ အထင်သေးမျက်ဝန်းတွေနဲ့ ပြန်ကြည့်ခံခဲ့ရသည်။ဆိုပေမယ့်လည်း သူ ခဏတာအတွက် ငြိမ်းချမ်းခွင့်ရခဲ့တာပေါ့။
ဘွားဘွားလက်ထက်ကတည်းက ဒီပြဿနာကို ရင်ဆိုင်ခဲ့ရတာ။လူတွေက သူတို့စီးပွားရေးအတွက်လောက်ပဲ စဥ်းစားကြသည်။ဘေးပတ်ဝန်းကျင်ကလူတွေ သူတို့ကြောင့် ထိခိုက်နစ်နာသွားစေမယ့်လူတွေအတွက် ထည့်မစဥ်းစား။စီးပွားရေးအချက်အချာကျမယ့်နေရာတွေ့တာနဲ့ ဘယ်လိုနည်းနဲ့ အပိုင်ရမလဲပဲ စဥ်းစားတတ်ကြတာ။
ဒီပြဿနာကြောင့်ပဲ ရှောင်းကျန့်ဟာ မတွေ့သင့်မသိသင့်တဲ့လူတွေနဲ့ တွေ့ခဲ့သိခဲ့ရပြီး သူ့ဘဝအစိတ်အပိုင်းရဲ့ ငါးပုံပုံ တစ်ပုံခန့်က ဒီအခြေအနေမှာ လွင့်မြောနေခဲ့ရတာ။ကျန်ဘဝအစိတ်အပိုင်းတွေမှာလည်း ဒီပုံစံအတိုင်း နေနိုင်ကောင်းနေရနိုင်သည်။
တစ်နာရီနီးပါး စိတ်ဒုက္ခရောက်နေခဲ့တဲ့ရှောင်းကျန့်က တစ်စုံတစ်ရာကို သတိရသွားပြီး မျက်နှာထက်မှာ အပြုံးပန်းဝေလာသည်။သူ့မှာ ရိပေါ်ဆိုတဲ့ ချစ်သူကောင်လေးရှိတာပဲ။
သူ ရိပေါ်ဆီ ဖုန်းခေါ်လိုက်သည်။စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်ဖက်က ပြန်ဖြေလာသည်။
"ရိပေါ်"
ရိပေါ်...။နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် အားကိုးတကြီးခေါ်မိတဲ့ အမည်နာမလေး။ငယ်ငယ်ကလို မိဘတွေကဆူရင် 'ဘွားဘွား'ဆိုပြီး အားကိုးတကြီးအော်ခေါ်သလိုမျိုး။ကျောင်းသားချင်း အနိုင်ကျင့်ခံရတိုင်း ကူညီပေးဖို့ ရောက်လာတဲ့သူကို ပြုံးကြည့်ပြီး 'ကျိုးချန်'လို့ ခေါ်ခဲ့တဲ့အခိုက်အတန့်တွေ။ဒါတွေက နှစ်တွေ အရမ်းကြာခဲ့ပြီ။သူ့အနားမှာ မရှိကြတော့သလို ခေါ်ခွင့်လည်းမရတော့။