အပိုင်း( ၉ )

5.5K 351 2
                                    


မှူး ဓာတ်လှေကားတံခါးကို ငေးကြည့်နေစဥ် ဓာတ်လှေကားပွင့်လာ၏။ နေ့သစ်က လက်ထဲ၌ မုန့်တသီကြီးကိုင်ကာ ဓာတ်လှေကားထဲမှ ထွက်လာသည်။ သူ့ခြေလှမ်းတို့မှာ တက်ကြွနေ၏။
ဤအချိန်၌ မှူးခံစားမိတာ နာကြည်းမုန်းတီးခြင်းများ မှူးခေါင်းထဲ၌ တွေးမိသည်မှာ နေ့သစ်ကို နာကျင်စေချင်သည်။ မှူးခံစားရသလို ခံစားစေချင်သည်။ ရမည့်အခွင့်အရေး မှူးလက်လွတ်မခံနိုင်။ မှူး နှုတ်ခမ်း၌ လှောင်ပြုံးတစ်ခုဖြစ်တည်လာသည်။ သွင်ရိပ်မျက်နှာကို ဆုပ်ကိုင်၍ မှေးဖျားကို ဆွဲမော့လိုက်သည်။ သွင်ရိပ်က အပြစ်ကင်းသောမျက်ဝန်းတို့ဖြင့် ပြူးကြည့်နေသည်။ မှူး သွင်ရိပ်နှုတ်ခမ်းကို တရှိုက်မတ်မတ်နမ်းပစ်လိုက်သည်။ အချစ်၊ ရင်ခုန်မှုတို့ မပါဝင်ဘဲ နေ့သစ်ရင်ခွင်ကို တည့်တည့်ချိိန်ပစ်မည့် အဆိပ်သုတ်ထားသည့် အနမ်းမြှားကို သွင်ရိပ်နှုတ်ခမ်းထက် ယစ်မူးပြလိုက်သည်။ ချိုသည်။ သိပ်ချိုသည်။ နေ့သစ်နာကျင်စေမည့်အနမ်းများမှာ မှူးအတွက် သိပ်ချိုမြိန်နေသည်။
"ဘုတ်''
နေ့သစ်လက်ထဲမှ ပစ္စည်းများ လွတ်ကျသွားသည်။ သွင်ရိပ်က မှူးကို တွန်းထုတ်၏။ မှူး အောင်နိုင်သူအပြုံးဖြင့် ဝင့်ကြွားစွာ နေ့သစ်ဘက် လှည့်ကြည့်လိုက်သည်။ သွေးပျက်နေသည့် သူ့မျက်နှာမြင်ရသည်မှာ ရယ်စရာကောင်းလွန်း၍ ဟက်ခနဲ ကြိတ်ရယ်မိသေး၏။
"ကိုကို''
သွင်ရိပ်က အလန့်တကြား ထရပ်၍ ရှင်းပြရန် ကြိုးစားနေသည်။ မှူးကတော့ ခြေချိတ်ထိုင်ပြီး သူတို့နှစ်ဦးကို လက်ပိုက်ကာ ပြုံးကြည့်နေမိသည်။
"ကိုကို''
"မင်း ငါ့ကို ကိုကိုလို့ မခေါ်နဲ့''
အံကြိတ်ပြီး ပြောလိုက်သည့် နေ့သစ်စကားကြောင့် မှူး ဟက်ခနဲ လှောင်ရယ်မိပြန်သည်။ အမှန်တကယ် အူမြူးနေကြောင်း မှူး၏မျက်နှာရိပ်မှာ ထင်ပေါ်နေတော့၏။
"မဟုတ်ဘူး၊ အဲလိုမဟုတ်ဘူး၊ သွင်ရိပ်ရှင်းပြပါရစေ''
သွင်ရိပ်က နေ့သစ်လက်တစ်ဖက်ကို ဆွဲကာ တအိအိရှိုက်ငိုရင်း ငြင်းဆန်သည်။
"ကိုကိုထင်သလိုမဟုတ်ဘူးနော်၊ ကိုကို သွင်ရိပ်ကို ယုံပါ”
"ဘာမဟုတ်တာလဲကွ၊ ဘာကိုယုံရမှာလဲ”
နေ့သစ်က ရုန်းဖယ်၍ သွင်ရိပ်ကို အားဖြင့် တွန်းပစ်လိုက်သည်။ သွင်ရိပ် ဖင်ထိုင်လဲကျသွား၏။ တံတောင်ဆစ်ခိုက်မိသွားပြီး သွေးစို့သွားလေသည်။ လက်လည်း နာသွားပုံရ၏။
"သစ္စာမရှိတဲ့မိန်းမ၊ မင်းငါ့ကို ဘာမှရှင်းပြစရာမလိုဘူး''
နေ့သစ်၏စကားတစ်ခွန်း၌ မှူးမျက်မှောင်ကြုတ်သွားသည်။ စိတ်ပျက်စွာ ကြည့်မိသည်။ သို့သော် ထိုင်ရာမှ မထဘဲ ဟန်မပျက်ထိုင်နေဆဲဖြစ်သည်။
"သစ္စာမရှိတဲ့မိန်းမဟုတ်လား၊ နင်က ဒီလိုပြောရဲတယ်ပေါ့၊ နင်ကိုယ်တိုင်ကရော သစ္စာသိပ်ရှိနေလား၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးလိုက်ပါဦးနေ့သစ်ရယ်”
နေ့သစ် မှူးကို မျက်ထောင့်နီဖြင့် ကြည့်လာသည်။ မှူးဆီသို့ အာရုံရောက်လာသဖြင့် မှူးမဲ့ပစ်၍ ထိုင်ရာမှ ထကာ သွင်ရိပ်ကို ထူပေးလိုက်သည်။ သွင်ရိပ်က လက်နာလို့လား စိတ်နာလို့လား မခန့်မှန်းတတ်အောင် တရှုံ့ရှုံ့ငိုနေ၏။ မှူး သွင်ရိပ်ကို ခုံပေါ် တွဲပေးပြီး ထိုင်စေကာ နေ့သစ်အနီးသို့ ကပ်သွားလိုက်သည်။
"ကိုယ်ယူထားတဲ့မိန်းမကို လက်ပါတတ်တဲ့နင့်လုပ်ရပ်ကိုလေ ငါအခုပိုရွံသွားပြီသိရဲ့လား”
"မင်းပါးစပ်ကို ပိတ်ထား’’
နေ့သစ်က မှူးပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ကိုင်တော့ မှူး သူ့လက်များကို ဆွဲဖယ်ပစ်လိုက်သည်။
“အသားထိတော့ နာတတ်လား၊ အီဆိမ့်နေရဲ့လား၊ သတ္တိရှိရင် မှူးကို ထိခိုက်အောင်လုပ်လေ လုပ်လိုက်စမ်းပါ၊ ခုနက သွင်ရိပ်ကို တွန်းပစ်သလိုမျိုး မှူးကိုလည်း ဒဏ်ရာရအောင် လုပ်ကြည့်လိုက်လေ၊ တေးယစ်မှူးကို စိန်ခေါ်ကြည့်လိုက်စမ်းပါ၊ ဘာဖြစ်သွားမယ်ထင်လဲ”
မှူးမျက်နှာမော့ကာ တစ်လုံးချင်းတိုးညှင်းစွာပြောလိုက်သည်။ နေ့သစ်က အံတင်းတင်းကြိတ်၍ မှူးကို ရိုက်ရန် လက်ရွယ်ပြီးမှ တောက်ခေါက်ကာ တခြားဘက် မျက်နှာလွဲသွားသည်။
"မရိုက်ရဲဘူးလား၊ အေးပေါ့၊ နင့်မှာ ငါ့ကို ရိုက်ရဲလောက်တဲ့အထိ ကိုယ်တိုင်မမှန်နေတာမို့ သစ္စာမဲ့နေသူမို့ ကိုယ်တိုင်အရှက်မဲ့တဲ့လူဖြစ်နေလို့ တော်ရုံပဲ ဒေါသထွက်ပြစမ်းပါ၊ ငါ သနတတ်လို့”
"မှူး''
နေ့သစ်က မှူးကို အံကြိတ်ခေါ်လိုက်သဖြင့် မှူး နှုတ်ခမ်းကို မဲ့ပစ်လိုက်သည်။ ပြီးတော့ နေ့သစ်နားရွက်ဖျာအနီးတိုးကပ်သွားလိုက်သည်။
"ဒီလောက်ထိ ဣန္ဒြေမဲ့ပြမနေနဲ့၊ အခုထိအဆုံးသတ်မဟုတ်သေးဘူး၊ မှူးက ဒီထက်ပိုပြီးလုပ်ဦးမှာမလို့ အို! မောင်ရယ် ဒီထက်ခံနိုင်ရည်ရှိအောင် ကြိုးစားထားလိုက်ဦး..ဟက်''
မှူးပြောပြီး အနားမှ ပြန်ခွာလိုက်တော့ နေ့သစ်က အံ့အားသင့်စွာ လှည့်ကြည့်လာသည်။
"မင်းတော်တော်ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ၊ မင်း ဒီလောက်ထိ”
နေ့သစ်က ဆက်မပြောနိုင်ဘဲ မှူးကို နာကျင်စွာကြည့်တော့ မှူး ဂရုမစိုက်စွာ ပခုံးတွန့်ပြလိုက်သည်။ မှူး ထွက်သွားရန် လုပ်ပြီးမှ သွင်ရိပ်ကို လှည့်ကြည့်လိုက်သည်။ ငိုထား၍ ဖြူနုနုမျက်နှာတစ်ခုလုံး နီရဲတွတ်နေပြီး မှူးကို အကူအညီတောင်းသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေသည်။ မှူးကြည့်နေစဥ် နေ့သစ်က သွင်ရိပ်ကို အရုပ်ကလေးလို ဒေါသတကြီးဆွဲခေါ်သွား၏။ သွင်ရိပ်အပေါ် မှူးအကြွေးတင်သွားသလို စိတ်မကောင်းဖြစ်မိသည်။
မှူး ခုံ၌ ပြန်ထိုင်ကာ ယမင်းတို့ကို စောင့်နေလိုက်သည်။ အတန်ကြာတော့ ယမင်းနှင့်ရှေ့နေစိုင်းမြတ်သူတို့ ရောက်လာကြသည်။ အခြေအနေဘယ်လိုလဲဟူသည့်သဘောဖြင့် မှူးထရပ်ကာ မျက်ခုံးပင့်ပြတော့ စိုင်းမြတ်သူက သူ့ဘောင်းဘီအိတ်ထဲသို့ လက်ထည့်ကာ ဤသို့ပြော၏။
"ပထမတော့ ဘယ်လိုမှလက်မခံဘူးလေ၊ ကိုယ်တို့တိုင်ပင်ထားသလို နောက်ဆုံးကဒ်ထုတ်သုံးလိုက်မှ အင်တင်တင်နဲ့ လက်ခံလိုက်တာ၊ တရားမဝင်လောင်းကစားလုပ်တာဆိုတော့ သူတို့အမှုပြန်ပတ်မှာ ကြောက်သွားတာပေါ့၊ ဒေါ်မြင့်မာချိုက အင်မတန်တော့ ခေါင်းမာတယ်ရယ်”
"အခုလိုကူညီပေးတဲ့အတွက် ကိုစိုင်းမြတ်သူကို ကျေးဇူးတင်ပါတယ်''
"ရပါတယ်ဗျာ၊ မှူးကလည်း ကျွန်တော့်ကို ကိုစိုင်းမြတ်သူလို့ မခေါ်ပါနဲ့ ကျွန်တော်တို့က ကျောင်းတုန်းက သူငယ်ချင်းတွေမဟုတ်လား”
မှူးခေါင်းညိတ်လိုက်သည်။ မှူး ယမင်းဖြူကို ကြည့်လိုက်တော့ အသံတိတ်ကာ မျက်နှာပျက်နေ၏။
"ဒေါ်လေးကို ဒီလိုလုပ်လိုက်တာ ကိုထက် ငါ့ကို ဆူမှာ တွေးမိလို့၊ သေချာပေါက်သူတို့ ကိုထက်ကို
ဖုန်းဆက်တိုင်ကြမှာ ငါ့မှာလည်း သူငယ်ချင်းနဲ့ယောက်ျားအမျိုးကြား ဗျာများရတယ်ဟယ်”
“ကိုထက်နောင်က သင်္ဘောပြန်ဆင်းလာပြီလား၊ ဒီတစ်ခေါက်မြန်သလိုပဲနော်”
"တစ်နှစ်ကြာမယ်ပြောပြီး ကိုးလနဲ့ သင်္ဘောပြန်ဆင်းလာတယ်လေ၊ ကိုထက်ပြန်လာတာတော့ ဝမ်းသာပေမဲ့ မိသားစုကိစ္စတွေက စိတ်ညစ်စရာပဲ၊ ကိုထက်အမျိုးတွေကလည်း တမျိုးကြီးတွေ ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲ၊ တော်တော်ရှုပ်တာဟ’’
"အခုငါ့ကိုကူညီလိုက်လို့ နောင်တရနေတယ်ပေါ့၊ ဒါဆို နင်ငါ့ကိုလာမခေါ်နဲ့ယမင်းဖြူ”
မှူးမျက်စောင်းထိုးပြီး စိုင်းမြတ်သူနှင့်အတူ ရှေ့မှ ကြော့မော့စွာ ထွက်လာတော့ ယမင်းက နောက်မှ ပြေးလိုက်လာသည်။ မှူးလက်ကို တွဲချိတ်ကာ လိုက်ချော့နေ၏။
"မှူး စိတ်မဆိုးပါနဲ့သူငယ်ချင်းလေးရယ်၊ ငါ နင့်ကို မခေါ်ဘဲ မနေနိုင်ဘူးဆိုတာသိရက်နဲ့ မှူးလို့ မှူး မှူးရေ စိုင်းမြတ် မှူးကို ကူပြောပေးပါဦး၊ ဒေါသအိုးက စိတ်ကောက်နေပြန်ပြီ’’
စိုင်းမြတ်သူက ယမင်းကို ကြည့်ကာ တခွီခွီရယ်နေလေသည်။ ယမင်းက အတင်းလိုက်ဖက်နေသဖြင့် မှူးရယ်မိ၏။
~
နေ့သစ် Bar၌ ထိုင်ကာ အပြင်းစားအရက်ကို ဖန်ခွက်ထဲ လောင်းထည့်ပြီး တကျိုက်တည်း မော့သောက်လိုက်သည်။ လည်ချောင်းထဲ ပူဆင်းသွား၏။ DJသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ထားပြီး အများစုမှာ ကခုန်နေကြသည်။ နေ့သစ်က ဘေး၌ ထိုင်နေသူများကို မေ့၍ တစ်ဦးတည်းတစ်ကမ္ဘာဖြစ်ကာ အရက်ထဲ စိမ်နေသည်။ အသစ်ဖောက်ထားသည့်အရက်ပုလင်းထဲတွင် အရက်မရှိတော့သဖြင့် နေ့သစ်ဒေါသထွက်သွားသည်။ အရက်ပုလင်းကို ပစ်ပေါက်ရန်ရွယ်တော့ ထက်နောက်က အတင်းဆွဲထားလေသည်။
"မင်းအရမ်းမူးနေပြီကွာနေ့သစ်၊ အိမ်ပြန်ရအောင်''
"မပြန်ဘူး၊ ငါဒီမှာအိပ်မှာ''
"နေ့သစ် မင်းမိန်းကလေးနော်၊ ကိုယ့်ကိုယ်ကိုယ် သတိထားဦး၊ ဘာပုံဖြစ်နေတာလဲ”
နေ့သစ်က အရက်မူးသံကြီးဖြင့် ရှိုက်ငိုရင်း ပြောတော့သည်။
"ကိုထက် မင်းသိလား၊ မှူးလေ မှူးတအားရက်စက်တယ်ကွာ၊ မှူး ငါ့ကိုကွာ လုပ်ရက်တယ်၊ ငါ သူ့ကို ဘယ်လောက်တောင်ချစ်ရလဲ ဘယ်လောက်တောင်မြတ်နိုးရလဲ သူ နည်းနည်းလေးမှမသိဘူး၊ မှူးကွာ ငါ့ကို ရက်စက်တယ်ကိုထက်ရာ”
"ငါသိပါတယ်ကွာ၊ ငါ့ကြောင့်ပါ၊ မင်းအပြစ်မဟုတ်ဘူး၊ ငါ့ညီမလေးကို မင်းကို အပ်ထားမိတာ မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တယ်၊ ငါ့အပြစ်ပါကွာ”
"မဟုတ်ဘူး၊ မဆိုင်ပါဘူးကိုထက်ရာ မှူးကိုက ရက်စက်လွန်းတာပါကွာ၊ ငါဘယ်လိုလုပ်ရမှာလဲ ငါ့နှလုံးသား ဖွဲမီးလို ငရဲကျသလို တငွေ့ငွေ့လောင်မြိုက်နေတယ်”
ကိုထက်နှင့်နေ့သစ်၏အပြန်အလှန်စကားများကြားတော့ ယမင်းသက်ပြင်းချမိသည်။ လင်မယားနှစ်ယောက် night outထွက်လာရင်း barတွင် နေ့သစ်နှင့် လာဆုံနေ၏။ မပျော်ရဘဲ ကိုထက်က နေ့သစ်ကို ဘေးမှ အဖော်လုပ်ပေးနေသဖြင့် ထိုင်စောင့်နေရသည်။
"ယမင်း ကိုယ့်ကို လာကူဦး၊ နေ့သစ်ကို အိမ်ပြန်ပို့ပေးရအောင်''
ယမင်း ကိုထက်စကားကြောင့် နေ့သစ်ကို ကူတွဲပေးကာ ကားဆီသို့ ခေါ်လာသည်။ ကားပေါ်၌ ကိုထက်က ယမင်းကို အကြောင်းစုံမေးနေ၏။
"ဘယ်လိုဖြစ်ရတာလဲ၊ ကိုယ်တော့ ဘာမှနားမလည်နိုင်တော့ဘူး၊ နေ့သစ် ဒီလောက်အခြေအနေဆိုးအောင်
တေးယစ်မှူးက ဘာတွေလုပ်လိုက်လို့လဲ”
"မှူးက ဘာလုပ်ရမှာလဲ၊ ယမင်းသိတာတော့ ကိုထက်သူငယ်ချင်းကသာ မှူးကို သစ္စာဖောက်ပြီး
သွင်ရိပ်နဲ့ လက်ထပ်လိုက်တာလေ၊ အခုမှ ခံစားပြနေသေးတယ်၊ မှူးကို နာကျင်အောင် လုပ်တုန်းက လုပ်ပြီးတော့ အခုမှ အသည်းကွဲနေလည်း အပိုပဲ”
ကိုထက်က ကားမောင်းရင်းယမင်းကို လှည့်ကြည့်လာသည်။
"သူ့သူငယ်ချင်းဘက်က မျက်နှာလိုက်ပြီး ပြောနေသေးတယ်''
"မှန်တာပြောတာပဲလေ၊ ကိုထက်က မှူးကို သေချာမသိလို့ပါ”
"တေးယစ်မှူးလွန်တယ်လို့ပဲမြင်တယ်၊ ပုံစံကိုက တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့အချိုးနဲ့ ဖော်ရွေမှုးလည်းမရှိ ပေါင်းသင်းဆက်ဆံရေးကလည်းညံ့နဲ့၊ ယမင်း ကိုယ့်ကို ပထမဆုံးမိတ်ဆက်ပေးတဲ့နေ့တည်းက သိလိုက်တယ်၊ ဒီမိန်းမဟာ မာနသိပ်ကြီးတာပဲလို့ အလှမာန် ပညာမာန် ဂုဏ်ဒြပ်မာန် အဲလိုမာန်မာနတွေ သူ့မျက်နှာမှာ စာရေးထားသလိုပေါ်နေတာ”
"ကိုထက်နော်၊ မှူးကို မကောင်းမပြောနဲ့ ယမင်းမကြိုက်ဘူး၊ မှူးက အလှမာန် ပညာမာန်ရှိတာတော့ လက်ခံလို့ရပေမဲ့ ဂုဏ်ဒြပ်မာန်တော့ မရှိဘူး၊ သူ့ဘာသာမာနကြီးတာတစ်ပိုင်းပေမဲ့ ဆင်းရဲတဲ့သူတွေကို နှိမ်တဲ့ အလကားဘဝင်မြင့်နေတဲ့သူဌေးသမီးမျိုးတော့မဟုတ်ဘူး၊ သူကိုယ်တိုင်က ထက်မြက်တဲ့မိန်းမမို့ သူ့အရည်းအချင်းကို သူမာန်တက်နိုင်တာ၊ ယမင်းကတော့ မိန်းကလေးချင်းအားကျတယ်၊ သူသတ္တိရှိတာကို ဂုဏ်ယူတယ်၊ ပြီးတော့ မှူးက တစ်ဖက်မှာ သနားစရာကောင်းတဲ့မိန်းကလေးပါ”
မှူး၏အတွေးရေးကို အထိုက်အလျောက်သိထားသဖြင့် ယမင်းသက်ပြင်းချမိသည်။ မှူးက စိတ်ဒဏ်ရာများ ပြည့်နှက်နေသည့်မိန်းကလေးတစ်ဦး။ တစ်နေ့တော့ မှူးကို အမှန်တကယ် အရာရာနားလည်ပေးနိုင်မည့်လူတစ်ဦးရှိလာရန် မျှော်လင့်သည်။ မှူးကို သိပ်စိတ်ချမ်းသာစေချင်၏။
နေ့သစ်တို့ခြံရောက်တော့ သွင်ရိပ်က ခြံထဲရှိ မီးရောင်အောက် ကျုံ့ကျုံ့လေးထိုင်စောင့်နေသည်။
~
ရန်ကုန်နွေသည် အင်မတန်ပူပြင်းသည်။ လမ်ပေါ် သွားလာနေရသည့်သာမန်လူတန်းစာအလွှာတို့မှာ ချွေးတလုံးလုံးကျရ၏။ ပင်ပန်းနွမ်းနယ်စေ၏။ သူဌေးများသာနေနိုင်သောရပ်ကွက်ရှိ သီရိမြုံစံအိမ်တွင်မူ အဲကွန်းဖွင့်ထားသဖြင့် အပြင်ဘက်ရာသီဥတုနှင့် ဆန့်ကျင်ကာ အေးစိမ့်နေသည်။ သို့သော် ဧည့်ခန်းတွင်း၌မူ မုန်တိုင်းကျနေ၏။ ဦးမင်းသော်နှင့်မှူး အကြီးအကျယ်စကားများနေလေသည်။ ဒေါ်တေးမာလာသည် ဆိုဖာရှည်၌ ထိုင်၍ အသံတိတ်မျက်ရည်ကျနေသည်။ မှူးသည် ခါးထောက်၍ ကျောခိုင်းရပ်နေသော ဦးမင်းသော်ကို စိတ်ဆိုးစွာ ကြည့်နေ၏။
"ဘာလို့လဲ၊ မာမီ့ကို ဒီလောက်လေးတောင် ဂရုမစိုက်ပေးနိုင်ဘူးလား ၊ ဘယ်သူက ဒက်ဒီတို့ကို ရိုက်ပြီး လက်ထပ်ပေးခဲ့လို့လဲ၊ တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးလို့ လက်ထပ်ခဲ့ကြတာမဟုတ်ဘူးလား”
"ဒက်ဒီအလုပ်များတာ မှူးလည်း သိတာပဲလေ၊ အခု မှူးဖြေရှင်းလိုက်လို့ ပြေလည်သွားပြီမဟုတ်လား၊ ဘာလို့ ဒက်ဒီ့ကို အပြစ်တင်နေရတာလဲ၊ မှူးမာမီလိုချင်တာမှန်သမျှ အားလုံးဖြည့်ဆည်းပေးထားပြီးပြီပဲ၊ ဘာတွေလိုအပ်နေသေးလို့လဲ”
ထိုးကိုက်လာသည့်ခေါင်းကို ဥပေက္ခာပြုရင်း မှူး အံကြိတ်မိသည်။
"ဒက်ဒီအတွက် မာမီက ဘာလဲ၊ ပွဲတက်မိန်းမလား၊ မှူးကရော ဘာလဲ၊ မွေးစားသမီးလား၊ မာမီက ဘာတွေချို့ယွင်းနေလို့ မယားငယ်ထားရတာလဲ”
မှူး ခံပြင်းလွန်း၍ စူးစူးဝါးဝါးအော်ပစ်လိုက်သည်။
"မိမှူး ညည်း ဒက်ဒီ့ကို ပြန်အော်ရလား၊ ဟမ် ငါမွေးထားတဲ့သမီးက အဲလောက်မိုက်ရိုင်းရလား”
ဒက်ဒီက မှူးကို ဒေါသတကြီးအော်တော့ မှူးမျက်နှာကို ခနဲ့တဲ့တဲ့မဲ့ပစ်လိုက်သည်။
"ဟုတ်တယ်၊ မှူးက မိုက်ရိုင်းတယ်၊ မှူးက အရိုင်းအစိုင်းမပဲ၊ ဘာလို့လဲဆိုတော့ မှူးရဲ့မိဘတွေက
မှူးကို ယဉ်ကျေးအောင် ဆုံးမဖို့ မအားလပ်ကြဘူးလေ၊ မှူးက မိမဆုံးမ ဖမဆုံးမ မိုက်ရိုင်းတဲ့သူပဲ”
"ဖြန်း''
ဒက်ဒီလက်ဝါးသည် မှူးပါးပေါ်သို့ အားပြင်းစွာ ကျလာသည်။ မှူးခေါင်းလည်ထွက်ကာ ဆိုဖာပေါ် မှောက်လျက် လဲသွား၏။ မှူး အောက်နှုတ်ခမ်းကို ဖိကိုက်၍ လက်သီးဆုပ်ထားမိသည်။ အခန်းထောင့်၌ ရပ်ပြီး အခြေအနေကြည့်နေသောကြီးကြီးမြသည် မှူးလဲကျသွားတော့ အလျင်အမြန်ပြေးထူလေသည်။ မကျတာကြာပြီဖြစ်သည့်မှူးမျက်ရည်တွေမှာ ဒက်ဒီ့ရိုက်ချက်ကြောင့် ပါးပြင်ပေါ် အားကောင်းစွာ ခုန်ဆင်းလာကြသည်။ အသားနာ၍ မျက်ရည်ကျခြင်းမဟုတ်။ ရင်နာရလွန်းလို့ ရင်ထဲမှာ တဆစ်ဆစ်နဲ့ သေမတတ်နာကျင်လွန်းလို့ မျက်ရည်ကျခြင်းဖြစ်သည်။
"မောင်မြင့်၊ မင်းတို့လာကြစမ်း၊ မှူးကို အပေါ်ဆုံးထပ်မှာ သွားပိတ်ထားကြ ဆိုးလိုက်တဲ့သမီး”
ဦးမင်းသော်၏စကားကြောင့် မှူးထိတ်လန့်သွားသည်။ ကြောက်လွန်း၍ တစ်ကိုယ်လုံးတုန်ရီလာမိသည်။ ဒက်ဒီ့လူများမှာ မှူးကို တုပ်နှောင်တော့ မှူးအားကုန်ရုန်းကန်သည်။ တွန်းပစ်သည်။ ပြန်ထုရိုက်သည်။
"မရဘူး၊ ဟင့်အင်း မှူးမနေဘူး၊ မှူးကို လွတ်ပေး မှူး အဲမှာ မနေဘူး’’
သူတို့ မှူးကို ကလေးတစ်ယောက်လိုမျိုး မ,ချီခေါ်သွားတော့ မှူးအာခေါင်ခြစ်အော်နေမိသည်။ သူတို့ကို လက်လှမ်းမိသမျှ ထုရိုက်သည်။ သူတို့မျက်နှာကို လက်သည်းရှည်တို့ဖြင့် ကုပ်ခြစ်ပစ်သည်။
"သတ်သေမှာ၊ အဲဒီမှာ ပိတ်ထားရင် မှူး ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မှာ ဒက်ဒီ မှူးမလုပ်ရဲဘူးမထင်နဲ့နော်၊ မှူးမသေခင် ဒက်ဒီသတ်တာလို့ သေတမ်းစာရေးခဲ့မှာ မှူးသေသွားရင် ဒက်ဒီ့ကို ညတိုင်းလာခြောက်မှာမို့ မောင်လေးတုန်းကလိုမျိုး ဒက်ဒီအေးအေးဆေးဆေးနေရမယ်မထင်နဲ့၊ မှူးကို စိန်ခေါ်ကြည့်လိုက်လေ”
မှူးစကားကြားတော့ အားလုံးလန့်သွားကြလေသည်။ ဒေါ်မြင့်မာချိုက ရင်ဖိနေ၏။
"မောင်မြင့်တော်တော့၊ လွတ်ပေးလိုက်''
ဒက်ဒီက စိတ်မသက်မသာဖြစ်စွာ အမိန့်ပေးလာတော့ သူ့လူတွေက မှူးကို အောက်ပြန်ချပေးသည်။ လှုပ်ရှားနေသည့်စိတ်ကို ငြိမ်အောင် ထားရင်း မှူးအသက်ဝဝရှူမိသည်။ ကြီးကြီးမြက မှူးကို ရင်ခွင်ထဲ ထည့်ဖက်ပေးထားသောကြောင့် မှူးစိတ်သက်သာရသည်။ ခဏကြာတော့ ဒယ်ဒီက သူ့တပည့်တွေနှင့် ပြန်ထွက်သွားလေသည်။
"မှူးရယ်၊ ဘာလို့ မှူးဒက်ဒီကို စိတ်ဆိုးအောင်ပြောရတာလဲ၊ အခုတော့ အရိုက်ခံရပြီမို့လားကွယ်”
မာမီက စိတ်ပျက်လက်ပျက်ပြောတော့ မှူး ကြီးကြီးမြရင်ခွင်မှ ထွက်လိုက်သည်။
"မာမီပြောရမဲ့စကားတွေ မှူးက ပြောပေးတာလေ၊ ကောင်းတယ်၊ နောက်ဆို မှူးဘာမှဝင်မပါတော့ဘူး၊ မှူးကိုလည်း သမီးအဖြစ်က စွန့်လွတ်လိုက်ကြတော့''
မှူး စိတ်ဆိုးစွာပြော၍ သီရိမြုံစံအိမ်မှ ထွက်လာသည်။ တက္ကစီကားဌားပြီး တိုက်ခန်းသို့ ပြန်လာတော့ သွင်ရိပ်ကို တွေ့ရသည်။ သွင်ရိပ်က မှူးတိုက်ခန်းရှေ့၌ ခေါင်းငုံ့ကာ ကျုံ့ကျုံ့လေးထိုင်စောင့်နေ၏။
"သွင်ရိပ် ဘာထိုင်လုပ်နေတာလဲ၊ မမကို စောင့်နေတာလား”
မှူးခေါ်လိုက်တော့ သွင်ရိပ်ခေါင်းမော့လာသည်။ ပါးပြင်၌ မျက်ရည်တို့ စိုနေပြီး နီရဲဥနေတော့သည်။ အသားအရေမှာ တကယ်နူးညံ့ပြီး ကလေးရုပ်လေးမို့ ငိုနေတာပင် တမျိုးချစ်စရာကောင်းနေ၏။
"မမ''
မှူးဆီသို့ ကပျာကယာပြေးလာပြီး မှူးလက်တစ်ဖက်ကို အားကိုးတကြီးဆုပ်ကိုင်လာသည်။
"သွင်ရိပ်ကို ကူညီပါဦးမမရယ်၊ သွင်ရိပ်တို့က ဘာမှမပတ်သက်ဘူးဆိုတာ ကိုကိုယုံအောင် ရှင်းပြပေးပါနော်မမ၊ သွင်ရိပ်တောင်းဆိုပါတယ်၊ အခုကိုကိုက သွင်ရိပ်ကို မုန်းနေပြီ”
အသည်းအသန်ဖြစ်နေသည့်သွင်ရိပ်အပြုအမူကြောင့် မှူးသနားစိတ်ဝင်လာမိသည်။
"မင်း သူ့ကို အဲလောက်တောင် ချစ်တာလား”
သွင်ရိပ်က ငိုပဲငိုနေတော့ မှူးသက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ၊ နေ့သစ်ကို မမရှင်းပြပေးပါ့မယ်၊ ဒါပေမဲ့ မရှင်းပြခင် မမကို တစ်ခုကူညီရမယ်''
"ဘာ..ဘာလဲဟင်''
သွင်ရိပ်က မချင့်မရဲမေးလာတော့ မှူးပြုံးလိုက်သည်။
"သန်လျင်က အသိတစ်ယောက်ဆီ ပေးစရာရှိတာနဲ့ သွားမလို့လေ၊ ညမိုးမချုပ်ခင် ပြန်ရောက်မှာပါ၊ မမတစ်ယောက်တည်းဖြစ်နေလို့ သွင်ရိပ်အဖော်လိုက်ခဲ့ပေးမလား၊ ပြန်ရောက်ရင် နေ့သစ်ကို မမအမှန်တိုင်းသေချာရှင်းပြပေးမယ်''
သွင်ရိပ်က မလိုက်ချင်သည့်ပုံဖြင့် စဉ်းစားနေပြီးမှ မှူးကို အားနာသည့်အမူအရာဖြင့် ခေါင်းညိတ်ပြသည်။ မှူးလည်း ဝယ်ထားပြီးသည့် အားဆေးဘူး၊ မုန့်ဘူးများ ဝင်ယူ၍ သန်လျင်သို့ သွင်ရိပ်နှင့်အတူ ထွက်လာသည်။ သန်လျင်၌ ကြီးကြီးမြ၏အမျိုးအိမ်ရှိ၏။ ကြီးကြီးမြ၏အမျိုး အမေအိုကြီးတစ်ဦးရှိကာ မှူးကို ချစ်သည်။ အားပေးဆုံးမတတ်သည်။ ဘုရားတရားနှင့်နေသူမို့ သိပ်အေးချမ်း၏။ မှူး စိတ်ရှုပ်တိုင်း သန်လျင်သို့ မကြာမကြာအလည်သွားတတ်သည်။ သန်လျင်မှာ ပြန်လာလျှင် မှူးစိတ်လန်းဆန်းနေ၏။
လမ်းခရီး၌ ကားဆရာနှင့်သွင်ရိပ်တို့ စကားဖောင်ဖွဲ့နေကြသည်။ သွင်ရိပ်က ကလေးပီပီ လမ်းတွင် မြင်သမျှ ကားဆရာကို မေးခွန်းထုတ်၏။ ကားဆရာကလည်း စကားပြောကောင်းသူမို့ စိတ်ရှည်ရှည်ဖြေသည်။ မှူးကတော့ ဒက်ဒီနှင့် ရန်ဖြစ်ထား၍ ပင်ပန်းနေသဖြင့် မျက်လုံးမှိတ်ကာ မှေးနေမိသည်။ တဖြည်းဖြည်းအိပ်ချင်လာစဥ် ကားရပ်သွားသဖြင့် မှူးမျက်လုံးဖွင့်ကြည့်မိသည်။
"ရောက်ပြီလား”
"မဟုတ်ဘူးမမ၊ ကားပျက်သွားလို့တဲ့''
"ဟမ်''
သွင်ရိပ်စကားကြောင့် မှူးအိပ်ချင်ပြေသွားသည်။ ကားပေါ်မှ ဆင်းလာတော့ ကားဆရာသည် ကားခေါင်းဖုံးကို ဖွင့်ပြီး ခေါင်းကုပ်နေလေသည်။
"ကားက ဘာဖြစ်တာလဲ၊ ရောက်ဖို့ သိပ်မလိုတော့ဘူးမလား၊ အချိန်မီပြင်လို့ ရနိုင်လား”
"ဝပ်ရှော့မှာ ပြင်မှရတော့မယ်၊ ဒီအနီးအနားမှာ ဝပ်ရှော့ဆိုင်ရှိရင်လည်း ကားပြင်တာနဲ့ဆို ကြာဦးမှာပဲကွယ်၊ သန်လျင်ရောက်ဖို့နဲ့ဆို ဒီည ရန်ကုန်အမီမပြန်နိုင်လောက်ဘူး၊ ကလေးမတို့ ဒီနားက တည်းခိုခန်းမှာ ညအိပ်ရမယ်ထင်တယ်၊ ဒီလမ်းကြားဘက်မှာ ဧည့်ရိပ်သာရှိတယ်”
မှူး စိတ်ညစ်သွားမိသည်။ ညအိပ်ရမည်ဆိုလျှင်တောင် မှူး သန်လျင်၌ အိပ်ရန် စဥ်းစားထားသည်။ တည်းခိုခန်း၌ တည်းရမည်ဆိုတော့ သိပ်မကြိုက်ပါ။ သွင်ရိပ်ကို ကြည့်တော့ ငိုတော့မည့်အတိုင်း။
ကောင်းကင်သည် ချက်ချက်ကြီးညိုမဲစပြုလာသည်။ လျှပ်စီးများ လက်နေ၏။ နွေခေါင်ခေါင်ရွာမည့်မိုးမို့ တစ်နေ့လုံးပူထားသည့်လမ်းသည် အရှိန်များ တငွေ့ငွေ့ဖုန်ထနေ၏။ မိုးအသည်းအသန်ရွာတော့မည်။ ကားထဲ၌ ပစ္စည်းများ ယူ၍ မှူးတို့ ခြံအကျယ်များရှိသောဘက် ထွက်လာကြသည်။ အဝေးပြေးလမ်းပေါ် လမ်းလျှောက်နေ၏။ လမ်းမှာ ကျယ်ကာ ဆိုင်များမှာ ဝေးသည်ထင်မိ၏။ လူနေသည့်ရပ်ကွက်ဘက်သို့ လာသည်။ လမ်းရှိ ဆိုင်မှန်သမျှ မှူးကြည့်ထားမိသည်။ သွင်ရိပ်က မှူးအထုပ်များကို ကူဆွဲပေးသည်။ မသိလျှင် မှူးတို့နှစ်ဦးမှာ ခိုးပြေးလာသလိုမို့ မှူး သွင်ရိပ်ကို လှည့်ကြည့်လိုက်သည်။
မှူးက နေ့သစ်မိန်းမကို ခိုးပြေးလာသတဲ့လား။ ဤလိုဆိုလျှင် နေ့သစ်မည်မျှကြေကွဲလေမလဲတွေးကာ လှောင်ပြုံးမိသည်။ သွင်ရိပ်ကတော့ ဘာမှမသိ။ မှူးကို အပြစ်ကင်းစွာ ပြန်ကြည့်၍ ပြုံးပြလာသည်။ ဤကလေးမ၏ဖြူစင်မှုကြောင့် မှူးနည်းနည်းတော့ ဝန်လေးသည်။ တကယ်ဆို သွင်ရိပ်သည် ဤမျှအပြစ်မကင်းခဲ့လျှင် ဤမျှမရိုးအခဲ့လျှင် ရည်ရွယ်ချက်ရှိစွာ မောင့်ကို ခိုးယူခဲ့လျှင် မှူးက ဤထက်ဆယ်ဆမက အစွမ်းကုန်ယုတ်မာပစ်၍ လက်စားချေပစ်ဦးမည်။
မိုးဖွဲလေးများ စကျလာ၍ မှူး သွင်ရိပ်လက်မောင်းကို ဆွဲကာ ခြေလှမ်းအရှိန်တင်လိုက်၏။ သွင်ရိပ်က ခြေလှမ်းစိပ်တော့ မှူးနောက် မပြေးရုံတမယ် အမီလိုက်နေရသည်။ ရှေ့နား၌ ‘’ချမ်းမြေ့”ဧည့်ရိပ်သာဟု ရေးထားသည့် ဆိုင်းဘုတ်တွေ့သဖြင့် မှူးတို့ မိုးခိုရန် ပြေးဝင်လိုက်သည်။ တည်းခိုခန်း၏ဘယ်ဘက်၌ mini martရှိပြီး ငွေလွှဲသည် billရောင်းသည်ဟု ရေးထား၏။ ညာဘက်၌ ထမင်းဆိုင်ရှိသည်။ တည်းခိုခန်းမှာ ဆေးအရောင်များကွာနေပြီး ဟောင်းနွမ်းကာ သေးငယ်သည်။ အရှေ့ဘက်၌ တံတိုင်းမြင့်စွာ ကားထားသော စိုက်ပျိုးရေးခြံတစ်ခြံရှိ၏။ ဤနေရာသည် စည်ကားလှသည့်နေရာတော့မဟုတ်ပေ။ အနည်းငယ်စိုသွားသည့် မိုးရေစက်တို့ကို မှူးခါချပစ်လိုက်သည်။
"မိုးစိုသွားသေးလားသွင်ရိပ်၊ လာ အထဲဝင်ထိုင်နေ”
စင်္ကြံလျှောက်လမ်းတွင် မိုးပက်သည်မို့ မှူး သွင်ရိပ်ကို အထဲဝင်ထိုင်စေပြီး အခန်းဌားလိုက်သည်။ အတော်စုတ်ချာနေပြီဖြစ်သည့် တည်းခိုခန်းမှာ အခန်းများများမရှိသဖြင့် တစ်ယောက်ခန်းတစ်ခန်းရသည်။ အရေးပေါ်လိုသည်မို့ တစ်ယောက်ခန်းကို နှစ်ယောက်စာပေး၍ တည်းခိုခန်းပိုင်ရှင်မိန်းမကြီးခေါ်ရာ အပေါ်ထပ်သို့ လိုက်လာသည်။ အခန်းမှာ ဟိုတယ်လို အမိုက်စားမဟုတ်သော်လည်း သန့်ရှင်းနေသည်။ လေဝင်လေထွက်ကောင်း၏။ အပြင်၌ မိုးအေးသည့်တိုင် အခန်းထဲ ခပ်နွေးနွေးဖြစ်နေသည်။ လျှပ်စစ်မီးလည်းရ၏။ သွင်ရိပ်ကတော့ လက်လေးယှက်လျက် ပြတင်းပေါက်အနီးရပ်နေသည်။ သွင်ရိပ်ကိုယ်၌ မိုးစိုထားသည်မို့ ချမ်းနေလောက်မည်။ မှူးခေါ်လာသည်မို့ အအေးမိ၍ ဖျားလျှင် မှူး၌ တာဝန်ရှိ၏။ မှူး ပိုက်ဆံအိတ်ယူ၍ အခန်းမှ ထွက်ကာ အောက်ဆင်းလာ၏။
‘”ကျွန်မကို ထီးတစ်လက်လောက် ဌားပေးပါလား၊ ဒီနားလေးသွားမလို့”
‘”တံခါးထောင့်မှာ ချိတ်ထားတယ်၊ ယူသွားမိန်းကလေး”
တည်းခိုခန်းပိုင်ရှင်အဒေါ်က ကွမ်းယာကို ကွမ်းဆုံထဲ ထောင်းရင်း ပြောသည်မို့ မှူး အတွင်းဘက်မှ ပြန်ထွက်လာသည်။ ကွမ်းဆုံထောင်းနေ၍ ဤတည်းခိုခန်း၌ သက်ကြီးရွယ်အိုတစ်ဦးရှိသည်ဟု သိလိုက်သည်။ အောက်ထပ်၌ ပိုင်ရှင်မိသားစုနေပုံရပြီး အပေါ်ထပ်ကိုသာ ဧည့်ရိပ်သာအဖြစ် ထားပုံရ၏။ မှူး ခေါက်ချိုးထီးအနက်လေးကို ယူဖွင့်လိုက်တော့ ထီးမှာ ထီးတံတစ်ခု ကျိုးနေသည်။ နဂိုကျိုးပြီးသားလား မှူးကြောင့် ကျိုးသွားခြင်းလားမသိ။ မှူး ဤထီးကျိုးဆောင်း၍ လေးဆောင်ကျော်မှ အဝတ်ဆိုင်ထဲသို့ ဝင်သွားသည်။ အဝတ်ဆိုင်ဆိုသော်လည်း ထီး၊ ဖိနပ်တို့လည်းရှိ၏။ စောင်တို့ ဖက်လုံးတို့လည်းရှိ၏။ တည်းခိုခန်း၌ အိပ်ရာခင်းရှိ၍ စောင်တော့ မှူးမဝယ်ဖြစ်ပေ။ ထီးတစ်လက်၊ မျက်နှာသုတ်ပဝါ၊ ဝက်ဝံရုပ်ပါသည့်အင်္ကျီဘောင်းဘီတစ်စုံနှင့် စျေးပေါပေါတီရှပ်တစ်ထည်ဝယ်လိုက်သည်။ ပြီးတော့ တည်းခိုခန်းဘေးမှ mini martအသေးစားသို့ ဝင်လာသည်။ အရင်ဆုံး စတိုးဆိုင်ထဲ အမျိုးသမီးလစဥ်သုံးရှာလိုက်သည်။ ဓမ္မတာလာတော့မလို ခံစားနေရ၍ လိုရမယ်ရဝယ်မိခြင်း။ ရေသန့်ဘူး၊ ခြင်ဆေးခွေနှင့်မီးခြစ်ရှာ၍ ငွေရှင်းကောင်တာထွက်လာသည်။ ကောင်တာ၌ ထိုင်နေသောကောင်မလေးကို decolgenရှိလားမေးတော့ သွားယူပေးသဖြင့် တစ်ခါတည်းဝယ်လိုက်သည်။ ပိုက်ဆံတော်တော်သုံးလိုက်ရ၍ အိတ်ကပ်လေးမှာ ပိန်လာသည်။
အပြင်၌ မိုးသည်းထန်စွာ ရွာနေဆဲဖြစ်၏။ မှောင်စပြုလာပြီ။ ညနေငါးနာရီခန့်မျှရှိသော်လည်း မိုးအုံ့မှိုင်းနေ၍ အတော်မှောင်နေ၏။ အလင်းရောင်မရှိတော့ချေ။ မှူး ညာဘက်မှ ထမင်းဆိုင်သို့ ထပ်ဝင်လာသည်။ အာပူတူးထမင်းဆိုင်ဟုရေးထား၏။ နာမည်ကြောင့် သန့်ရှင်းပါ့မလား၊ အရသာရှိပါ့မလားဟူသည့် စိုးရိမ်စိတ်တို့မြင့်သွားသည်။ ဆိုင်ထဲဝင်ချင်း ငရုတ်ကြော်နံ့မွှေးမွှေးမှာ မှူးကို ကြိုဆိုတော့ ဗိုက်အလွန်ဆာလာ၏။ အထဲသို့ လှမ်းကြည့်လိုက်တော့ တုတ်တုတ်ခိုင်ခိုင်အမျိုးသမီးကြီးမှာ အေပရွန်ဝတ်၍ ဟင်းချက်နေ၏။ ချွေးတလုံးလုံးဖြင့် မညစ်ပတ်နေဘဲ မျက်နှာ၌ သနပ်ခါးများဖွေးအောင် လိမ်းထားသည်။ ချက်သမျှ ကောင်းကောင်းမြင်ရသဖြင့် မှူးရပ်ငေးကြည့်မိသေးသည်။ အဒေါ်ကြီးကို ကူပေးနေသည့် ဆယ်ကျော်သက်ကောင်မလေးနှစ်ဦးလည်းရှိသည်။
“ထမင်းစားဖို့လားမိန်းမချောလေး၊ ခရမ်းချဥ်သီးငါးပိချက်နဲ့အချဥ်ဟင်းလေးကျန်သေးတယ် စုံစုံလင်လင်စားရအောင် ခဏစောင့်ကွယ်”
အဒေါ်ကြီး၏စကားကြောင့် မှူးပြုံးမိသွားသည်။ အဒေါ်ကြီးက အပြောကောင်းပြီး ဖော်ရွေမည့်ပုံရ၏။
“ကျွန်မက ဒီဘက် တည်းခိုဆောင်မှာ တည်းတာပါ၊ ခဏနေရင် ပြန်ဆင်းလာမှာမို့ ထမင်းနှစ်ပန်းကန်ပြင်ထားပေးပါရှင့်၊ ဟင်းကတော့ အဆင်ပြေသလို သုံးလေးမျိုးလောက်”
“မိန်းမချောလေးက ထမင်းနှစ်ပန်းကန်တောင် စားတာလား၊ အဒေါ်ကြီးလို အစားကြီးတာပဲကွယ်”
“မဟုတ်ပါဘူး၊ နောက်တစ်ယောက်ပါတယ်”
အဒေါ်ကြီးက တဟက်ဟက်ရယ်ကာ so sorryလုပ်နေသဖြင့် မှူးပြုံးကာ တည်းခိုခန်းဘက် ပြန်ကူးလာသည်။ ထီးတံကျိုးနေသည့် အနက်ရောင်ခေါက်ချိုးထီးကို ပိတ်ချကာ မှူးကြောင့် ထီးကျိုးသွားတယ်ဟု အသိပေးရမလားစဥ်းစားမိသေးသည်။ ပြောရန် တုံးနှေးနေ၏။ ခေါက််ချိုးထီးဘေး၌ အသစ်ဝယ်လာသောထီးကို အတူထားပေး၍ မှူး အပေါ်ထပ်သို့ တက်လာသည်။ ဌားထားသည့်အခန်းရှေ့၌ သွင်ရိပ်က ဒူးပေါ် လက်ယှက်တင်ကာ ထိုင်နေ၏။ မှူးကို မြင်တော့ ငိုကာ ပြေးဖက်လာသည်။  မှူးရင်ဘတ်၌ မျက်နှာအပ်၍ ဝမ်းနည်းတကြီး တသိမ့်သိမ့်ရှိုက်ငိုနေတော့ မှူးမှာ လက်နှစ်ဖက်တွင် အထုပ်များဆွဲထားတော့ တောင့်တောင့်ကြီးရပ်နေမိသည်။ သွင်ရိပ်မျက်ရည်တို့ မှူးရင်ဘတ်တွင် လာစိုနေသဖြင့် ရင်ထဲ တစ်မျိုးဖြစ်ကာ နေရခက်လာသည်။
“မမ သွင်ရိပ်ကို ထားခဲ့ပြီထင်လို့ ကြောက်နေခဲ့တာ၊ အီးဟီးဟီး”
“အို! မင်းကလေးလား၊ ဒါငိုစရာလား”
“ဒီနေရာက ဘယ်နေရာလဲ သွင်ရိပ်မသိဘူး၊ မမပြောတဲ့သန်လျင်ဆိုတာ ဘာမှာရှိလဲ တကယ်ရောရှိလား သွင်ရိပ်မသိဘူး၊ တစ်ခါမှလည်း မရောက်ဖူးဘူး၊ အားလုံးက သွင်ရိပ်အတွက် နေရာစိမ်းလူစိမ်းတွေချည်းပဲ၊ သွင်ရိပ်က မမကို ယုံလို့ လိုက်လာခဲ့တာ၊ မမ သွင်ရိပ်ကို ပစ်ထားခဲ့ရင် သွင်ရိပ် ဘာမှသွားတတ်မှာမဟုတ်ဘူး၊ အဟီးဟီး”
မှူးကို မော့ကြည့်ကာ ရှိုက်ငိုရင်း ပြောနေသည့် ဤကောင်မလေးကြောင့် အံ့ဩမိသလို သနားမိသည်။ သို့သော် မည်သို့သော နစ်သိမ့်စကားမှမပြောမိ။ မျက်နှာလွဲ၍ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပစ္စည်းထုပ်ကို ကုတင်ပေါ်တင်၍ လှည့်ကြည့်လိုက်တော့ သွင်ရိပ်က နောက်မှ ဝင်လိုက်လာသည်။ ငိုထားတော့ မျက်နှာမှာ နီရဲကာ မို့အစ်နေတော့၏။ နှုတ်ခမ်းလေးစူ၍ မျက်ရည်သုတ်နေသဖြင့် မှူးသက်ပြင်းချကာ ဝယ်လာသည့် ကာတွန်းဝတ်စုံကို ထုတ်ပေးလိုက်သည်။ မျက်နှာသုတ်ပဝါပါထပ်ပေးလိုက်၏။
“အခုဝတ်ထားတာ မိုးစိုနေတယ်မလား၊ ရော့ ဒါနဲ့ အမြန်လဲဝတ်လိုက် ဆံပင်လည်း ရေခြောက်အောင် သုတ်ဦး”
“ဟုတ်ကဲ့မမ၊ သွင်ရိပ်အတွက် အင်္ကျီသွားဝယ်တာမသိလို့ပါ၊ ကျေးဇူးပါမမ”
သနားကမားရုပ်လေးဖြင့် ပြောကာ ရေချိုးခန်းထဲ ပြေးဝင်သွားတော့ ဘယ်လိုဟာပါလိမ့်ဟု မှူးရေရွတ်မိသေးသည်။ မှူး ဆံပင်ရှည်များကို ဖြည်ချ၍ စုထုံးကာ ဖုန်းခဏယူကြည့်မိသည်။ အပြင်၌ လုံးဝမှောင်မိုက်သွားလေပြီ။ အတန်ကြာတော့ အသံကြား၍ လှည့်ကြည့်လိုက်ရာ သွင်ရိပ်က မှူးဝယ်လာသည့်အဝတ်များ လဲဝတ်ထားသည်။ ရှေ့ဆံမြိတ်ကို အုန်းပင်လို သရေကွင်းနှင့် စည်းထား၏။ ရေချိုးထား၍ မျက်နှာတွင် ဘာမှမလိမ်းထား။ ပို၍ နုဖတ်နေသဖြင့် ၁၃နှစ်အရွယ်လား အမှတ်မှားရသည်။ တကယ့် baby face။
"ဗိုက်ဆာနေပြီမဟုတ်လား၊ တည်းခိုခန်းဘေးမှာ ထမင်းဆိုင်ရှိတယ်၊ မှာထားပြီးပြီမို့ ဆင်းသွားလိုက်နော်''
"မမကရော မစားဘူးလား”
"သွားနှင့်ပါ၊ မမအဝတ်စားလဲပြီး လိုက်လာခဲ့မယ်၊ ဘာမှမကြောက်ပါနဲ့”
“ဟုတ်ကဲ့မမ၊ မကြာနဲ့နော်”
သွင်ရိပ် အခန်းထဲမှ ထွက်သွားတော့ မှူး ရေချိုးခန်းထဲဝင်၍ ကိုယ်လက်သန့်စင်ကာ အဝတ်လဲလိုက်သည်။ အပြင်၌ မိုးမှာ ရွာနေဆဲ။ မှူး ပိုက်ဆံအိတ်ကောက်ယူလိုက်တော့ ဖုန်းမြည်လာသည်။ မှူးဖုန်းတော့မဟုတ်။ သွင်ရိပ်၏ဖုန်းဖြစ်သည်။ မှူး သွင်ရိပ်အိတ်ထဲမှ ယူထုတ်ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်၌ ကိုကိုဟု ရေးထားသည့် နာမ်စားပေါ်နေသည်။ ဖုန်းသည် ကျလိုက် ပြန်လာလိုက် အကြိမ်ကြိမ်မို့ မှူး သွေးအေးစွာ ထိုင်ကြည့်နေမိသေး၏။ SMSမှ စာတိုများပို့ကာ ဖုန်းဆက်တိုက်ခေါ်နေတော့ သွင်ရိပ်ကို စိတ်ပူနေပုံရ၏။
မှူးနှုတ်ခမ်းထက် မဲ့ပြုံးလေးတစ်ခု မွေးဖွားလာကာ ကုတင်ပေါ် ထိုင်လက်စဖြင့် ခြေချိတ်မိသေး၏။ ပြီးတော့ ဖုန်းဖွင့်ကိုင်လိုက်သည်။
"Hello သွင်ရိပ်၊ ဘာလို့ ကိုကို့ဖုန်းမကိုင်တာလဲ၊ ကိုကိုပြန်ရောက်တော့ အိမ်မှာမရှိနေဘူး၊ မင်းဘယ်တွေလျှောက်သွားနေတာလဲကွာ၊ ကိုကိုအခုဘယ်လောက်စိတ်ပူနေလဲသိရဲ့လား၊ ညဥ့်မှောင်နေပြီ၊ အိမ်ပြန်လာတော့”
နေ့သစ်က ဒေါနှင့်မောနှင့် တရစပ်ပြောနေသဖြင့် မှူးပိုပြုံးမိသွားသည်။
“သွင်ရိပ် ကိုကိုပြောနေတာကြားလား၊ သွင်ရိပ်ဘယ်မှာလဲ၊ ကိုကိုအခုလာခေါ်မယ်”
မှူး ဟက်ဟက်ပက်ပက်လှောင်ရယ်နေမိသည်။ မှူးရယ်သံမှာ နေ့သစ်အတွက် မိုးခြိမ်းသံကဲ့သို့ တုန်လှုပ်စရာကောင်းနေတော့မည်။
"မင်း မင်း မှူးမဟုတ်လား၊ မင်း ဘယ်လိုလုပ်ပြီး သွင်ရိပ်ဖုန်းကိုင်တာလဲ၊ သွင်ရိပ်ကို အခုဖုန်းပေးလိုက်စမ်း၊ သွင်ရိပ်နဲ့ တိုက်ရိုက်ဖုန်းပြောမယ်”
"မောင့်မိန်းမက အခုဖုန်းမကိုင်နိုင်ဘူးမောင်ရဲ့၊ ဒါကြောင့် မှူးက အစားကိုင်ပေးရတာပေါ့၊ စိတ်မပူပါနဲ့၊ ဒီည မှူးကောင်းကောင်းပြုစုလိုက်ပါ့မယ်၊ ဟက်”
"မှူး မင်းဘာတွေလျှောက်လုပ်မလို့လဲကွ၊ မင်း သွင်ရိပ်ကို ထိရဲထိကြည့် ငါမင်းကို သတ်မှာ''
နေ့သစ်၏အရူးလို သွေးပျက်ကြုံးဝါးသံမှာ မှူးကို အူမြူးလာစေသည်။ နေလို့ထိုင်လို့ ကောင်းလှ၏။
"ကြောက်စရာကြီးပါလားနော်၊ မောင်ပြောနေပုံကလေ မှူးကပဲ မောင့်မိန်းမကို အလိုမတူ အတင်းအဓမ္မပြန်ပေးဆွဲထားသလိုပဲ၊ မောင့်အတွက် ရင်ထဲ မကောင်းပေမဲ့ ဘယ်လိုလုပ်မလဲ၊ မောင့်မိန်းမကိုယ်တိုင်က မှူးကို လိုလိုချင်ချင် မမ မမနဲ့ ဖြစ်နေတာမောင်ရဲ့၊ ဟင်းဟင်း”
"မှူး မောင်တောင်းပန်ပါတယ်ကွာ၊ ဒီလိုမျိုးမလုပ်ပါနဲ့၊ မှူး သွင်ရိပ်ကို မချစ်ဘဲနဲ့ မှားလိမ့်မယ်၊ မောင့်အမှားပါမှူးရယ်၊ မောင်အနူးအညွတ်တောင်းပန်ပါတယ်''
မှူး နှုတ်ခမ်းကို မဲ့ပစ်လိုက်သည်။ မှူး မျက်နှာ၌ သရော်ပြုံးများ ပျောက်သွားကာ နာကြည်းမှုများ ပေါ်လာသည်။
"ခံစားကြည့်လိုက်! ယုံကြည်ရတဲ့သူဆီက သစ္စာအဖောက်ခံရတဲ့အရသာက ဘယ်လိုမျိုးလဲဆိုတာ တစ်ညလုံး တစ်စိမ့်စိမ့်တွေးပြီး တမြည့်မြည့်ခံစားကြည့်လိုက် လောင်ကျွမ်းကြည့်လိုက်စမ်းပါ”
မှူး ဖုန်းချ၍ တစ်ခါတည်း စက်ပိတ်ပစ်လိုက်သည်။ စိတ်ကို အသာလျှော့ချ၍ ပိုက်ဆံအိတ်ယူကာ အာပူတူးထမင်းဆိုင်သို့ ထွက်လာသည်။ ထမင်းဆိုင်၌ လူတော်တော်များပြည့်နေ၏။ အများစုမှာ လူငယ်ပိုင်းအမျိုးသားများဖြစ်သည်။ သွင်ရိပ်က စားပွဲထောင့်ဝိုင်း၌ ကုပ်ကုပ်ကလေးထိုင်နေ၏။ စားပွဲပေါ်၌ စားစရာများပြင်ထားကာ ဘာမှတို့ထိထားပုံမရ။ မှူးကို စောင့်နေသည်။
“မမ”
မှူးကို ပြုံး၍ ထကြိုနေသဖြင့် ခပ်ငေးငေးပြန်ကြည့်ရင်း စားပွဲ၌ ဝင်ထိုင်မိသည်။ သွင်ရိပ်၏ မှူးအပေါ် မှီခိုအားကိုးတတ်သောအပြုအမူများမြင်လျှင် မောင်လေးကို သိပ်သတိရမိသည်။ အားငယ်လွယ် ဝမ်းနည်းလွယ် ကြောက်လွယ်သောမောင်လေး။ မှူးထက် သုံးနှစ်မျှငယ်သော်လည်း မောင်လေးက မှူးအတွက် သားတစ်ယောက်လို။ မမ မမနှင့် မှူးကို သိပ်လည်း အားကိုးတတ်ရှာသည်။
“မမ သွင်ရိပ်တို့ ထမင်းစားရအောင်နော်၊ သွင်ရိပ်ဆာနေပြီ၊ မမနဲ့အတူစားချင်လို့ စောင့်နေတာ”
သွင်ရိပ်က မှူးပန်းကန်ထဲသို့ ပန်းဂေါ်ဖီလှော်ခပ်ထည့်ပေးသည်။ ငါးကြော်ကို ဟင်းအနစ်ဖြင့် အစပ်ချက်ထားသည့်ဟင်းကို အမြင်တွေ့လှသည်။ သွင်ရိပ်က ခပ်ထည့်ပေးလာ၏။
“ငါးရိုးမစူးစေနဲ့နော်မမ၊ သတိထားပြီးစား”
မှူး ပြုံး၍ ဇွန်းခက်ရင်းကိုင်ကာ ထမင်းစားလိုက်သည်။ ထမင်းဆိုင်ထဲ၌ ဆူညံနေပြီး ဝင်သူထွက်သူတို့ ပြည့်နေကြ၏။ ကျောင်းကန်တင်းကိုပင် သတိရသွားသည်။ ဤအနီး၌ အမျိုးသားဘော်ဒါဆောင်တို့ စက်ရုံအလုပ်ရုံတို့ ရှိလိမ့်မည်။ ထိုကြောင့် ဤဆိုင်မှာ လက်ရာကောင်းကာ အရောင်းသွက်နေ၏။
“သွင်ရိပ် ဘာလို့ ကျောင်းဆက်မတက်တာလဲ”
ဘာရယ်မဟုတ်။ အသံတိတ်ကာ ထမင်းစားနေ၍ စကားစလိုက်မိသည်။ သွင်ရိပ်က ကြက်သားငါးပိချက်မှ ကြက်သားတုံးကို ဇွန်းဖြင့် အားပါးတရဖဲ့နေရာမှ လှည့်ကြည့်လာသည်။ သွင်ရိပ်ပုံစံမှာ လက်ဖြင့် ကိုင်ကာ အားရပါးရမကိုက်ဆွဲရ၍ အားမရဖြစ်နေပုံရသည်။
“သွင်ရိပ်က ပိုက်ဆံမရှာနိုင်သေးဘူးမမ၊ အလုပ်မရှိ ငွေမရှိနဲ့ နေထိုင်စားသောက်ဖို့တောင် ကိုကို့အရိပ်ခိုပြီး အားကိုးနေရတာ၊ ဘယ်လိုစိတ်မျိုးနဲ့ ကျောင်းတက်ချင်တယ် ဘာဖြစ်ချင်တယ် ဘာလိုချင်တယ်ပြောထွက်ပါ့မလဲ၊ သွင်ရိပ်အမေကတောင် သွင်ရိပ်ကို ပစ်ထားတာ၊ သွင်ရိပ်မှာလေ ဘာလုပ်ချင်တယ်ဆိုပြီး ဆန္ဒပြောနိုင်တဲ့ဘဝမျိုး မရထားပါဘူးမမရယ်၊ မေမေ ချမ်းသာပေမဲ့ သွင်ရိပ်ကတော့ ဆင်းရဲပါတယ်၊ နုံချာတယ်၊ မေမေ့အသိုင်းအဝိုင်းကြားမှာလည်း သွင်ရိပ်က လူတောမတိုးပါဘူး၊ သွင်ရိပ် လျှာအရသာမခံဘဲ ငါးပိရည်နဲ့ထမင်းကြမ်းကို နေ့တိုင်းစားနိုင်တယ်”
မထင်ထားသည့်အဖြေမို့ မှူး ငြိမ်သက်စွာ နားထောင်နေမိသည်။ သွင်ရိပ်က ထမင်းပန်းကန်ကို ငုံ့ကြည့်ကာ မျက်ရည်ဝဲနေသည်။ ပြီးတော့ ဟင့်ခနဲ တချက်ရှိုက်ကာ ထမင်းဆက်စားနေသဖြင့် မှူးပြုံးမိသွားသည်။ အပြင်၌ မိုးက စဲသွားလေပြီ။ တံစက်မြိတ်၌ မိုးရေစက်ခိုကာ တစက်စက်ကျနေ၏။
~
အကြိမ်ကြိမ်ဖုန်းပြန်ခေါ်သော်လည်း မပြောင်းလဲစွာ စက်ပိတ်နေသည်။ နေ့သစ်ခြောက်ခြားသွားသည်။ စိတ်ဆိုးစွာ ကားဖြင့် မောင်းထွက်လာ၏။ မှူး၏တိုက်ခန်းသို့ ရောက်လာခဲ့သော်လည်း သော့ပိတ်ထားသည်။ မှူး၏အသိမိတ်ဆွေများဆီသို့ ဖုန်းဆက်မေးသည်။ အနီးဟိုတယ်များ၌ပင် လိုက်လံရှာဖွေခဲ့သေးသည်။ ညဥ့်မှာ တဖြည်းဖြည်းနက်လာသည်။ နေ့သစ် ပိုစိုးရိမ်ထိတ်လန့်လာသည်။
မှူးကို ရှာမတွေ့ခဲ့ပေ။ သွားနိုင်မည့်နေရာများ၌ စုံစမ်းရင်း မတွေ့တော့ အိမ်ပြန်လာခဲ့သည်။
"ခွမ်း”
နေ့သစ် စားပွဲပေါ် တင်ထားသည့်အလှပန်းအိုးကို ကောက်ယူ၍ နံရံသို့ ပစ်ပေါက်လိုက်သည်။ စိတ်မှာ အစိုးမရတော့ပေ။ ‘’အား..”ဟု စိတ်ရှိလက်ရှိအော်ပစ်ရင်း ရှိသမျှအားလုံးဖျက်ဆီးပစ်နေမိသည်။ နေ့သစ် အားပြတ်စွာ ကြမ်းပြင်၌ လဲချ၍ အရူးလို အော်ငိုနေမိသည်။ နားထင်တစ်ဖက်စီ၌ မျက်ရည်စီးကြောင်းများ အဆက်မပြတ် စီးဆင်းနေတော့သည်။ တစ်ဦးတည်း ကမ္ဘာပျက်နေတော့၏။
===
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now