အပိုင်း( ၁၇ )

5.5K 330 0
                                    

ကို​ကိုဖုန်းဆက်ခေါ်၍ သွင်ရိပ် ကိုကို့စတိုဒီယိုသို့ ရောက်နေသည်။ မမမှူးနှင့်သွင်ရိပ် ချစ်သူဖြစ်သွားတော့ ကိုကိုစိတ်ဆိုးမှာ သွင်ရိပ်ကြောက်ပါသည်။ ကိုကို့အပေါ် မတရားသလိုဖြစ်မှာ ကြောက်မိ၏။ သို့သော် ကိုကိုက သွင်ရိပ်ကို မုန့်များ ချကျွေးကာ ရောက်တတ်ရာရာစကားများ အတော်ကြာ ထိုင်ပြောနေသဖြင့် စိတ်မသက်မသာဖြစ်ရင်း ပြုံးရယ်နေရသည်။ နောက်ဆုံးမှ မမမှူးအကြောင်းပြောလာသည်။
“ကိုကိုက မှူးကို ပျော်အောင် မထားပေးနိုင်ခဲ့ဘူး၊ နားလည်မပေးနိုင်ခဲ့ဘူး၊ စိတ်ညစ်အောင်ပဲ လုပ်ခဲ့မိတယ်၊ သွင်ရိပ်က ကိုကိုထက် မှူးကို ပိုပျော်ရွှင်အောင် ထားပေးနိုင်မယ်ဆိုရင် ကိုကိုကျေနပ်ပါတယ်”
သွင်ရိပ် ပြောစရာမဲ့သွားပြီး ခေါင်းငုံ့ထားမိသည်။
“တကယ်လို့ သွင်ရိပ်နဲ့တွဲတာ မှူးမပျော်ရဘူးဆိုရင် ကိုကိုက မှူးအချစ်ပြန်ရဖို့ ဒုတိယအကြိမ်အခွင့်အရေးထပ်ယူရလိမ့်မယ်၊ ကိုကို့မှာ ကြိုးစားခွင့်ရှိတယ်လေ”
‘’ရှင်”
ကိုကိုက ဤမျှထိ ပွင့်လင်းစွာပြောလာသဖြင့် သွင်ရိပ်မှာ ဆွံ့အနေမိသည်။ မမကို ပြန်လုယူသွားမှာ သွင်ရိပ်သိပ်ကြောက်သည်။ ကိုကိုနှင့် ယှဥ်လျှင် သွင်ရိပ်က အဘက်ဘက်မှ မပြည့်စုံသူမို့ သိမ်ငယ်စိတ်ဝင်ကာ ဘာမှပြန်လည်မချေပနိုင်ပေ။ ကိုကိုပြောသမျှ ခေါင်းငုံ့နားထောင်၍ သစ်ခွခြံသို့ ပြန်လာခဲ့ရသည်။ သစ်ခွခြံ၌ မယမင်းရောက်နေ၏။ သွင်ရိပ် မယမင်းကို ကြိုးစားပြုံးပြ၍ နှုတ်ဆက်ရ၏။
"အစ်မ ရောက်နေတာကြာပြီလား၊ သွင်ရိပ်ကို ဖုန်းဆက်လိုက်ရောပေါ့”
“ခုနလေးပဲ ရောက်တာသွင်ရိပ်ရဲ့၊ သစ်ခွပန်းလာဝယ်တာ တော်တော်လှတယ်နော်”
"ဝယ်စရာလားအစ်မရဲ့ အချင်းချင်းတွေကို သွင်ရိပ်လိုက်ပြပေးမယ်နော်”
သွင်ရိပ် မယမင်းကို သစ်ခွစင်တန်းဘက်သို့ ခေါ်လာခဲ့သည်။ အရောင်မျိုးစုံကို လိုက်ပြရင်း ဖုန်းကို ခဏခဏထုတ်ကြည့်နေမိသည်။ မနက်တည်းမှ မမမှူးကို SMSပို့ထားသော်လည်း မမမှူးက စာမပြန်သေးသဖြင့် မျှော်နေမိသည်။
"အစ်မကြိုက်တာရွေးနော်''
မယမင်းက သစ်ခွပန်းများ ရွေးနေစဥ် သွင်ရိပ် ဖုန်းထပ်ဖွင့်ကြည့်မိပြန်သည်။ မမအလုပ်များနေသလား၊ နေများမကောင်းသလားဟု စိတ်ပူမိသည်။ ညက ဖုန်းဆက်တော့လည်း မမဖုန်းမကိုင်ပါ။
"အစ်မထင်တာမမှားရင် သွင်ရိပ် မှူးဖုန်းကို မျှော်နေတာမလား”
သွင်ရိပ် အတော်လေးအံ့ဩသွားမိသလို ရှက်၍ မျက်နှာရဲလာသည်။
"မှူးဆီက ကြားပါတယ်၊ သွင်ရိပ်တို့ချစ်သူဖြစ်သွားပြီဆို မှူးက ထပ်ချစ်ဖို့ ရွေးခဲ့တာ ယုံတောင်မယုံနိုင်ဘူး၊ သွင်ရိပ်သိပ်ကံကောင်းတယ်ဆိုတာသိရဲ့လား”
"ဟီး ဟုတ်တယ်၊ ဒါပေမဲ့ ချစ်သူဖြစ်ပြီးကတည်းက အခုထိ တစ်ခါမှ အပြင်မှာ မတွေ့ရသေးဘူး၊ မမက စာလဲ မပြန်ဘူး၊ ဖုန်းပြောရင်လဲ ခဏလေးပဲ၊ တစ်ခါတလေ ဖုန်းမကိုင်ဘူး၊ သွင်ရိပ်စိတ်ပူတယ်”
မယမင်းက သွင်ရိပ်စကားကို ခပ်ပြုံးပြုံးနားထောင်ကာ ခေါင်းညိတ်နေသည်။ ကြိုသိပြီးသားကိစ္စလို ဘာအမူအရာအံ့ဩမှုမျိုးမှမပြပါ။ တွေးပြီး ရယ်ပင် ရယ်နေသေးသည်။
"စိတ်ထဲမထားပါနဲ့၊ မှူးက ဒီလိုပဲ၊ သူ့မှာ ကိစ္စဝိစ္စတွေက များသားရယ်၊ သွင်ရိပ်သတိရရင် လူကိုယ်တိုင်သွားတွေ့လိုက်နော်၊ မှူးက တော်ရုံလွမ်းရုံနဲ့ ဖုန်းဆက်မှာတော့မဟုတ်ဘူးကွယ်၊ ဒီလိုမျိုး ခံစားချက်ကို သိုဝှက်တတ်တဲ့သူမျိုးပဲလေ၊ သွင်ရိပ် သူ့ရဲ့နေထိုင်မှုအတွေးအမြင်ပုံစံကို တော်တော်လေးနားလည်ပေးနိုင်မှဖြစ်မယ်၊ မဟုတ်ရင် သွင်ရိပ်တို့ကြား ပြဿနာရှိလာမှာ”
“သွင်ရိပ်တို့က ချစ်သူတွေလေအစ်မရဲ့၊ ခံစားချက်တွေကို အပြန်အလှန်ရင်ဖွင့်ပြီး ဖေးကူလို့ တစ်ယောက်အနားတစ်ယောက်ရှိနေပေးရမယ်မဟုတ်လား၊ သွင်ရိပ် မမကို ပျော်စေချင်တယ်”
“အဲဒါက အစ်မတို့အတွက်တော့ မှန်တယ်၊ ဒါပေမဲ့ မှူးအတွက်တော့ ရာနှုန်းပြည့်မမှန်ဘူးညီမရယ်၊ မှူးမပြောပြချင်တဲ့ မှူးမသိစေချင်တဲ့ မှူးရဲ့personalကိစ္စတွေကို မသိချင်ပါနဲ့၊ အဲဒါမှူးရဲ့လွတ်လပ်ခွင့်ဆိုပြီး မှူးက ယူဆထားတာ၊ ဘယ်လိုပြောရမလဲ၊ မှူးက ကိုယ်ပိုင်အချိန်သိပ်လိုအပ်တဲ့မိန်းမမျိုး၊ သူ့ကို တစ်ခါတလေလွတ်ပေးထားမှရတယ်၊ မှူး စိတ်လိုလက်ရရင်ဖွင့်ချင်လာတဲ့အခါ မှူးက သူ့ခံစားချက်ထုတ်ပြမှာပါ၊ သွင်ရိပ် မှူးကို အချိန်ပေးစောင့်ဖို့လိုတယ်၊ အခုလို နေ့သစ်နဲ့ တစ်ပုံစံတည်း တွေးရင် နေ့သစ်လိုပဲ စိတ်ချင်းဝေးပြီး အဆုံးသတ်မယ်လို့ အစ်မသတိပေးပါရစေ”
"သွင်ရိပ်ကလေ မမမှူးကို စိတ်ညစ်အောင်လုပ်တဲ့သူတော့ မဖြစ်ချင်ဘူး၊ မမမှူးရဲ့စိတ်ကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်၊ သွင်ရိပ် မမမှူးကို နားလည်နိုင်အောင် ကြိုးစားမယ်”
မယမင်းက ပြုံး၍ သစ်ခွပန်းများဆက်ကြည့်နေသည်။ သွင်ရိပ် မမကို ပျော်အောင် မထားပေးနိုင်လျှင် ကိုကိုက ပြန်ယူသွားမည်ဆိုသော ဆိုက်ကိုတစ်ခု အတွေးထဲ ရောက်လာတော့ ရင်မောရသည်။ သွင်ရိပ် မမကို ဆုံးရှုံးရမှာ သိပ်ကြောက်၏။ ရတက်မအေးဖြစ်ရသည်။ မမကို မဆုံးရှုံးရန် ဘာမဆိုလုပ်မည်ဟု သွင်ရိပ်ဆုံးဖြတ်ချက်မှာ ခိုင်မာနေတော့သည်။
"သြော် သွင်ရိပ်အားလို့ရှိရင် ညနေကျ အစ်မကလေးတွေကို ကျောင်းသွားကြိုပေးလို့ရမလား၊ အစ်မ
အလုပ်ကိစ္စလေးရှိလို့လေ၊ သိတဲ့အတိုင်း အငယ်လေးဆို အစ်မမကြိုရင် သွင်ရိပ်ကြိုမှ ပြန်လိုက်တာ”
"သွင်ရိပ်အားပါတယ်အစ်မရဲ့၊ စောစောသွားကြိုလိုက်မှာမို့ တူလေးတွေကို စိတ်မပူပါနဲ့''
မယမင်းအတွက် သစ်ခွပန်းများ ခူးပေးရင်း ကောင်းကင်ကို မော့ကြည့်မိသည်။ မမမှူး၏ပုံရိပ်လေးမှာ တိမ်စိုင်ကြားပေါ်လာသဖြင့် သွင်ရိပ်ပြုံးလိုက်သည်။ အလွမ်းမှာ မမပုံရိပ်ကို နေရာတိုင်းတွေ့နေစေ၏။
~
သီရိမြုံစံအိမ်သို့ ရောက်ချင်း မှူး မီးဖိုချောင်သို့ တန်းဝင်လာသည်။ အိမ်အကူကောင်မလေးနှစ်ဦးမှာ ကြီးကြီးမြကို ဝိုင်းကူပေးနေသည်။ အခြားတစ်ဦးမှာ လှေကားဦး၌ ကြမ်းတိုက်နေသည်။ သီရိမြုံတွင် အလုပ်သမားအတော်များများရှိ၏။ သို့သော် အိမ်အကူများမှာ တစ်လတစ်ကြိမ် နှစ်လတစ်ကြိမ်  အမြဲလူပြောင်းနေတတ်၍ ဘယ်သူဘယ်ဝါဟု မှူးလည်း မသိတော့ပါ။ စိတ်လည်း ဝင်စားမနေတော့။
"မှူးလေးရယ် ဘယ်တွေသွားနေတာလဲ၊ အခုမှအိမ်ပြန်လာရလားကွယ်၊ ကြီးကြီးမြကတော့ မှူးပြန်လာမယ်ထင်ပြီး နေ့တိုင်း မှူးအကြိုက် ဟင်းရွေးချက်လိုက်ရတာ၊ ဟိုတယ်မှာလဲ မရှိဘူးဆိုလို့ စိတ်ပူလိုက်ရတာကွယ်”
‘’မှူး ဘယ်မှမပျောက်ပါဘူးကြီးကြီမြရဲ့၊ မှူး ဟိုတယ်မှာပဲနေတာ သန်လျင်ခဏသွားရုံလေး ဒီမှာ ကြီးကြီးမြအတွက် မုန့်တောင် ဝယ်လာသေးတယ်”
“သန်လျင်ဆိုမှဖြင့် အဲဒီဂေဟာကို ထပ်သွားတာမလားကွယ်၊ မှူးလေး စိတ်အဆင်မပြေဘူးလား’’
“မဟုတ်ပါဘူးကြီးကြီးမြရယ်၊ မှူးမှာ စုံစမ်းရမဲ့ ကိစ္စလေးရှိလို့ပါ၊ ကြီးမြ မှူးကို လွမ်းလို့မလား”
မှူး ကိုယ်နိမ့်ချ၍ ကြီးကြီးမြရင်ခွင်ထဲ ကလေးလို ဝင်ချွဲလိုက်သည်။ ကြီးမြက မှူးကို အသာထွေးဖက်၏။
"ဆရာ ဧည့်ခန်းမှာ မှူးကို စောင့်နေတယ်၊ ဝင်တွေ့လိုက်ဦးကွယ်”
မှူး စိတ်မကြည်လင်တော့ပါ။ ကိုယ်ပြန်မတ်၍ ရွှေရောင်တုတ်ကောက်ထောက်လျက် မျက်နှာထားတည်ပစ်လိုက်သည်။
"ဆရာဘာပြောပြောသည်းခံနော်၊ မှူးလေးအပြစ်ဖြစ်မှာ မလိုချင်ဘူးကွယ်''
ကြီးကြီးမြက စိုးရိမ်ကာ သတိပေးနေ၏။ ကြီးကြီးမြအလိုကျ ခေါင်းညိတ်၍ သီးသန့်ဧည့်ခန်းကျယ်သို့ မှူး တုတ်ကောက်ဖြင့် ထွက်လာသည်။ ဧည့်ခန်း၌ ဦးမင်းသော်က ခပ်မိန့်မိန့်ထိုင်လျက် စီးကရက်ဖွာနေသည်။ ဒေါ်တေးမာလာနှင့် သားဆက်အယောင်ဆောင်ကောင်လေးလည်း အတူရှိနေကြသည်။ မှူး အခန်းဝမှ ရှုတည်တည် ခဏရပ်ကြည့်ပြီးမှ ဒေါ်တေးမာလာဘေးတွင် ဝင်ထိုင်ကာ တုတ်ကောက်ကို ဘေး၌ ထား၏။
"မှူးအခုတလောအရမ်းအလုပ်ရှုပ်နေပုံပဲ၊ အိမ်ကိုတောင် မပြန်နိုင်လောက်အောင်ပေါ့''
မှူး ဘာမှပြန်မဖြေပါ။ နှုတ်ဆိတ်ကာ ထိုင်နေလိုက်သည်။
"မှူး သားရဲ့နောက်ကြောင်းကို လိုက်စုံစမ်းနေတာ ဒက်ဒီမသိဘူးမထင်နဲ့နော်’’
"ဒက်ဒီအလိမ်ခံရမှာစိုးလို့လေ၊ ဒက်ဒီ့သားလို့ ထင်နေတဲ့သူက တခြားယောင်္ကျားနဲ့ ရတဲ့ကလေးလဲဖြစ်နိုင်တာပဲ၊ သူ့အမေက ခပ်ရှုပ်ရှုပ်ပဲဟာ”
မှူး ရှေ့မှ ကောင်လေးကို ကြည့်ပြောလိုက်တော့ ထိုကောင်လေးက မှူးကို မကျေမနပ်ကြည့်လေသည်။ မှူး ဟက်ခနဲရယ်၍ မျက်နှာမဲ့ပစ်လိုက်သည်။
"နင့်နာမည်အရင်းက ရဲရင့်မဟုတ်လား၊ နင့်အမေက နင့်ကို အသုံးချ ပိုက်ဆံလိမ်ယူပြီး အခုဆို လုံးဝသူဌေးမကြီးဖြစ်နေတာပဲ၊ ငါတော့ နင်က ဒက်ဒီ့သားဆိုတာ လုံးဝမယုံဘူး''
"တော်တော့တေးယစ်မှူး''
ဦးမင်းသော်က ဒေါသတကြီးအော်လိုက်သဖြင့် မှူးအံ့အားသင့်သွားရသည်။ မှူးလည်း ဦးမင်းသော်၏သမီးဖြစ်ပါလျက် ဘယ်ကပေါ်လာမှန်းမသိသောသားအတွက် ဦးမင်းသော်က မှူးကို အော်သည်ဆိုသောအချက်မှာ မှူးကို ဒေါသထွက်စေသည်။ ဝမ်းနည်းမိစေသည်။ ဦးမင်းသော်က မှူးဘက်၌ ဘယ်တုန်းကမှ ဖခင်ပီသစွာ မားမားမတ်မတ် ရပ်တည်ပေးခြင်းမရှိ၍ ရင်နာမိသည်။
"မှူးပြောတာ ဘာမှားလို့လဲ၊ သတ္တိရှိရင် DNAစစ် ဒက်ဒီ့ရဲ့မယားငယ်သားအဖြစ်ခံယူပြီး လူရှေ့ထွက်ပြလေ၊ ဘာလို့ သားဆက်နေရာမှာ အစားထိုးတာလဲ၊ မှူးဘယ်လိုခံစားနေရမလဲဒက်ဒီတွေးမိရဲ့လား”
မာမီက မှူးကို ဆက်မပြောရန် လက်တို့လေသည်။ မှူးထရပ်၍ မာမီ့ကို ကြည့်လိုက်သည်။
"မာမီ့ကိုလဲ မှူးအံ့သြတယ်သိလား၊ ကိုယ့်သားနေရာမှာ တခြားသူအစားဝင်နေတာ ဒီလိုမျိုး ငြိမ်ငြိမ်လေးထိုင်နေနိုင်တယ်၊ မာမီလို့ခေါ်တာ ကျေနပ်နေတာလား’’
"ပြန်ထိုင်စမ်းတေးယစ်မှူး''
ဦးမင်းသော်က ခပ်ဆတ်ဆတ်အမိန့်ပေးတော့ မှူး အံကြိတ်၍ မျက်နှာထားတင်းစွာ ပြန်ထိုင်လိုက်သည်။
"စိတ်ထင်တိုင်း ပတ်ရန်လုပ်မနေနဲ့၊ ဒက်ဒီမေးစရာရှိတယ်၊ မှူးမှာ ချစ်သူရှိပြီလား”
မှူး ဦးမင်းသော်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"သမီးလဲ မငယ်တော့ဘူးလေ၊ လက်ထပ်သင့်တဲ့အရွယ်ရောက်ပြီ၊ ချစ်သူကောင်လေးရှိရင် ဒယ်ဒီ့ဆီ ခေါ်လာခဲ့”
မှူးက lesbianဆိုတာတောင် မသိဘဲ ကောင်လေးခေါ်လာခိုင်းနေသဖြင့် စိတ်ပျက်ရသည်။ အစတည်းက မှူးကို စိတ်မဝင်စားဘဲ ယခုမှ မှူး၏အချစ်ရေးကို စိတ်ဝင်စားပြနေသည်။
“မှူးမှာ ချစ်သူမရှိရင် ဒက်ဒီစီစဉ်တဲ့သူနဲ့ လက်ထပ်ရမယ်''
မှူး ဟက်ခနဲ ရယ်လိုက်သည်။
"မှူးက ဒက်ဒီ့အတွက် ထုတ်ကုန်လား၊ ဒက်ဒီ့အလုပ်ကိစ္စအကျိုးအမြတ်ရဖို့ ယောင်္ကျားပါယူရမှာလား”
"မှူးဒယ်ဒီက ဒီလိုသဘောမျိုးနဲ့ပြောတာမဟုတ်ဘူးလေကွယ်၊ မှူးက အဆိုးမြင်စိတ်များနေပြီ”
မာမီဒေါ်တေးမာလာက မနေနိုင်စွာ ဝင်ပြောသည်။ မှူး မဲ့ပြုံးလိုက်သည်။
"လက်မထပ်နိုင်ပါဘူး၊ အဲဒီအတွက် မှူးကို အမွေပြတ်စွန့်လွတ်လိုက်လို့လဲ ရတယ်နော်၊ အစကတည်းက မှူးက ကိုယ့်အားကိုယ်ကိုးပြီးနေလာခဲ့တာပဲ၊ မှူး ကိုယ့်ဘာသာရှင်သန်နိုင်တယ်”
"တောက်! ဘာလို့ပြောသမျှ ဆန့်ကျင်နေရတာလဲ၊ ဒီလိုနဲ့ ဒီကောင်မလေး ငါရိုက်သတ်မိတော့မယ်ကွာ''
ဦးမင်းသော်က လက်သီးဆုပ်ကာ ကြုံးဝါးတော့ မှူး မကြားချင်ယောင်ဆောင်လိုက်သည်။
"မှူးလေး သွင်ရိပ်လေးရောက်နေတယ်ကွယ်၊ မှူးနဲ့ တွေ့ချင်လို့တဲ့”
ကြီးကြီးမြက အခန်းတံခါးဝမှ မှူးကို လာခေါ်သည်။ သွင်ရိပ်က အချိန်ကိုက်ရောက်လာ၍ မှူးပြုံးလိုက်၏။
"အဲဒီကလေးမ ဟိုတလောကလည်း မှူးဆီ လာသေးတယ်၊ မှူး ဘာတွေ ရှုပ်ရှုပ်ယှက်ယှက်လုပ်ထားတာလဲ၊ မှူးနဲ့ ဘယ်လိုပတ်သက်နေလို့လဲ၊ မာမီ့ကိုပြော”
"မာမီသိချင်ရင် ကိုယ်တိုင်လိုက်မေးကြည့်လေ''
မှူး အခန်းထဲမှ တုတ်ကောက်အားပြု၍ ထွက်လာခဲ့သည်။ ခြံထဲ ဆင်းလာတော့ သွင်ရိပ်က ဦးလေးထွန်းနှင့်အတူ ရယ်ရယ်မောမောစကားပြောနေသည်။ မှူး ပြုံး၍ ခတ္တရပ်ကြည့်နေလိုက်သည်။
"မမ''
သွင်ရိပ်က မှူးကို မြင်တော့ ဝမ်းသာအားရပြေးလာသည်။ ကလေးလို မှူးလက်ကို ပြေးဆွဲကာ တွဲခိုနေသည်။
“သွင်ရိပ် မမအတွက် သစ်ခွမျိုးစိတ်ယူလာပေးတာ၊ မမကြိုက်လားဟင်”
သွင်ရိပ်က ကားပေါ်မှ ချထားသည့် စက္ကူပုံးကြီးကို လက်ညိုးထိုးပြ၏။
“မမထက် ကြီးကြီးမြက ပိုသဘောကျမှာပေါ့၊ ကြီးကြီးမြက ပျိုးထောင်ရမဲ့သူလေ၊ မမက အလှပဲ ကြည့်တတ်တာ”
သွင်ရိပ်က ပြုံး၍ ခစ်ခနဲရယ်သည်။ ပြီးတော့ သနားစဖွယ်မျက်နှာဖြင့် မှူးကို မော့ကြည့်လာ၏။
“ဒီနေ့ မမအားလားဟင်၊ မမအားရင် သွင်ရိပ် မမနဲ့အတူ လျှောက်လည်ချင်တယ်၊ ဟီး”
‘’မမ အပြင်ထွက်ဖို့ စိတ်မပါဘူး၊ နေကလဲ ပူနဲ့ ပင်ပန်းတယ်ကွယ်”
သွင်ရိပ်က နှုတ်ခမ်းလေးစူကာ မှူးကို သနားစဖွယ် မော့ကြည့်နေ၏။
“သွင်ရိပ် မမနဲ့ အတူရှိချင်တယ်၊ ဒီထက်ပိုပြီးကြာကြာလေးပေါ့”
မှူး သွင်ရိပ်လက်ဖဝါးကို ယှက်ကိုင်လိုက်သည်။ ပြီးတော့ သွင်ရိပ်ကို အိမ်ထဲသို့ ဆွဲခေါ်လာသည်။ ရဲရင့်က မှူးတို့ကို အထူးအဆန်းရပ်ကြည့်နေ၏။ မှူးဂရုမစိုက်ဘဲ သွင်ရိပ်ကို အပေါ်ဆုံးထပ်သို့ ခေါ်လာသည်။ သွင်ရိပ်က မှူးလက်ထဲမှ တုတ်ကောက်ဆွဲယူ၍ သူမကို ပခုံးကို တွဲခိုရန် ပခုံးပေးသဖြင့် မှူးပြုံးမိသည်။ အကူမပါဘဲ လမ်းလျှောက်နိုင်ကြောင်းပြရန် မှူး ရှေ့မှ ထွက်လာသည်။ အပေါ်ဆုံးထပ်ရောက်တော့ တံခါးမကျယ်ကြီးပိတ်ချလိုက်ရာ အောက်ထပ်နှင့် အဆက်အသွယ်ပြတ်သွားသလို တိတ်ဆိတ်သွားသည်။ မှူး၏သီးသန့်ကမ္ဘာဖြစ်လာ၏။
"မမေခြထောက်က တုတ်ကောက်မပါဘဲ လမ်းလျှောက်လို့တောင် ရနေပြီ”
"အရင်လို မသန်တော့ပေမဲ့ လမ်းလျှောက်လို့တော့ အဆင်ပြေပါတယ်၊ လမ်းလျှောက်တာများရင်တော့ နည်းနည်းပြန်နာတတ်တယ်၊ ဒါကြောင့် မနာအောင် တုတ်ကောက်သုံးရတာပေါ့”
မှူး အခန်းတစ်ခုထဲ ဝင်၍ မီးဖွင့်လိုက်သည်။ သွင်ရိပ်က အခန်းကို မမြင်ဖူးစွာ လှည့်ပတ်ကြည့်နေ၏။ အခန်းအလယ်တည့်တည့်၌ ရုပ်ရှင်ရုံမှ ပိတ်ကားနီးပါး နံရံကပ်TVကြီးတစ်ခုရှိသည်။ TV ရှေ့၌မူ ကြီးမားသော ဆိုဖာရှည်တစ်ခုရှိသည်။ ဆိုဖာမှာ မွေ့ယာနီးပါးကျယ်ဝန်းပြီး TVကြည့်ရန် အလွန်သင့်သောင့်သက်သာရှိအောင် ပြင်ထားသည်။ ဤအခန်းသည် မှူးတို့မောင်နှမဦး TVကြည့်နေကျ အခန်းတစ်ခုဖြစ်ပြီး ဤအထပ်၏ နေရာတိုင်း၌ သားဆက်ပုံရိပ်များ ထင်ဟတ်နေသည်။
မှူး အဲကွန်းဖွင့်၍ သွင်ရိပ်အအေးမမိစေရန် အပူအအေးသေချာချိန်ညှိလိုက်သည်။ အလုံပိတ်ခန်းမို့ မှောင်နေသဖြင့် ဤအခန်းသည် ရုပ်ရှင်ရုံလို။ မှူး TV ရီမုယူ၍ သွင်ရိပ်ကို လှမ်းကြည့်လိုက်သည်။
"သွင်ရိပ် မမနဲ့အတူ ဇာတ်ကားကြည့်မလား၊ ရုပ်ရှင်ရုံမှာလို မဆူဘူး၊ အေးဆေးတယ်”
“ဟုတ်ကဲ့၊ သွင်ရိပ်ကြည့်မယ်မမ ဟီး”
သွင်ရိပ်က ဆိုဖာရှည်တွင် အကျအနဝင်ထိုင်လိုက်သဖြင့် မှူး နိုင်ငံခြားရုပ်ရှင်တစ်ခုရွေးပြလိုက်သည်။ ပြီးတော့ အောက်ထပ် ခဏပြန်ဆင်းလာကာ ကြီးကြီးမြကို စားစရာယူလာပေးရန် သွားပြောလိုက်သည်။ အောက်ထပ်၌ ဦးမင်းသော်နှင့်ရဲရင့်မရှိတော့ပေ။ အလုပ်ကိစ္စပေါ်လာ၍ အပြင်ထွက်သွားပုံရ၏။ မာမီကတော့ အိမ်အကူကောင်မလေးကို ခြေသည်းနီဆိုးခိုင်းရင်း ဖုန်းပြောနေသည်။ မာမီ့ရယ်သံမှာ အဝေးမှပင် မှူးကြားနေရ၏။ မာမီကတော့ အပူအပင်မဲ့ကာ စိတ်အေးလက်အေးနေနိုင်လှသည်။ ဤအိမ်၌ လူတိုင်း ကိုယ်လုပ်ချင်တာလုပ်ပြီး ကိုယ်နေချင်သလိုနေခဲ့ကြသည်မှာ ဟိုအရင်တည်းကမို့ မှူးအတွက် ဘာမှမထူးခြားနေပေ။ မှူး အပေါ်ဆုံးထပ်သို့ ပြန်တက်လာခဲ့သည်။ သွင်ရိပ်က အခန်းထဲ၌ ရုပ်ရှင်ထိုင်ကြည့်ရင်း သဘောကျကာ တခစ်ခစ်ရယ်နေသည်။ မှူးပြုံး၍ သွင်ရိပ်ဘေးတွင် ထိုင်ချလိုက်တော့ သွင်ရိပ်က မှူးလက်ကို လှမ်းချိတ်ခိုတွဲကာ ရှေ့သွားနှစ်ချောင်းပေါ်အောင် ဖြီးပြလာသည်။ ဖြူဖြူသေးသေးလေးနှင့် သွင်ရိပ်က ဘာရုပ်လေးမှန်းမသိအောင် အသည်းယားစရာကောင်းနေ၏။
“မမ''
“ဒီလောက်တောင် သဘောကျလား၊ ရယ်နေလိုက်တာများ အူလိုက်သည်းလိုက်”
သွင်ရိပ်က မှူးပါးပြင်မှ ပါးချိုင့်လေးကို လက်ညိုးဖြင့် အသာထိ၍ ခစ်ခနဲရယ်သည်။
“ဘာထိတာလဲ၊ ရုပ်က ပြုံးစိစိနဲ့ TVဆက်ကြည့်လေ ဟိုဘက်လှည့်”
‘’သွင်ရိပ်က မမကို ပိုကြည့်ချင်တယ်၊ မမပါးချိုင့်လေးထဲ နေချင်တယ်၊ မမကို ဟောဒီလို နမ်းချင်လို့”
သွင်ရိပ်က မှူးပါးကို ဖျတ်ခနဲ မော့နမ်းလာသဖြင့် မှူး မျက်စောင်းထိုးလိုက်သည်။ သွင်ရိပ်က ရှက်သွားသလို မှူးလက်မောင်းတွင် မျက်နှာအတင်းတိုးဝေ့နေသဖြင့် မှူးစိတ်ရှုပ်ရမည့်အစား ပြုံးမိ၏။ အိမ်အကူကောင်မလေးက တံခါးဝမှ အသံပေးကာ မုန့်လာပို့ပေးသည်။ အာလူးချောင်းကြော်၊ နေကြာစေ့ထုပ်၊ ဘီစကစ်မုန့်ဘူးများနှင့် ကိုကာကိုလာနှစ်ဘူးဖြစ်သည်။ ဤအခန်၌ သွင်ရိပ်တို့မောင်နှမ မုန့်များစား၍ မုန့်ခွံများ မည်သို့ဖွဖွ ကြီးကြီမြက မငြိုမငြင် အမှိုက်ပြန်ရှင်းတတ်သည်။
“အတော်ပဲ၊ သွင်ရိပ်က ရုပ်ရှင်ကြည့်ရင်း ပါးစပ်က တစ်ခုခုစားနေရမှ”
မှူး ကိုလာဘူးဖောက်ကာ သွင်ရိပ်ကို ပေးလိုက်သည်။ သွင်ရိပ်က တစ်ငုံသောက်ကာ ရှုံ့မဲ့နေသည်။ နှာခေါင်းမှ အရှိန်ပြန်ကန်တက်ကုန်ပြီဟု အော်ရင်း ကလေးလို ငိုမဲ့မဲ့လုပ်နေ၏။ ပြီးတော့ နေကြာစေ့ထုပ်ဖောက်ကာ အခွံခွာ၍ မှူးလက်ထဲသို့ ထည့်ပေးလာသည်။
“မမ နေကြာစေ့ကြိုက်လား”
“ကြိုက်တော့ ကြိုက်ပါတယ်၊ ဒါပေမဲ့ အခွံခွာရပျင်းလို့ မစားဘူးကွယ်”
“သွင်ရိပ်ခွာပေးမှာပေါ့၊ မမအတွက်ဆို သွင်ရိပ်အရမ်းလုပ်ပေးချင်တာ”
သွင်ရိပ်က မှူးလက်ဖဝါးထဲသို့ နေကြာစေ့အသားများ တစ်ခုပြီးတစ်ခုထည့်ပေးလာ၏။ မှူး ငြိမ်သက်စွာ ထိုင်ကြည့်နေမိသည်။ နေ့သစ်ကို ကလေးဆန်တယ် ထင်ခဲ့သမျှ သွင်ရိပ်က ပိုကလေးဆန်သေးသည်။ သွင်ရိပ်က ကလေးအတွေးနှင့် ကလေးအရွယ်သာရှိသေး၍ ဖြစ်မည်။ မှူးတော့ အရင်က မကြိုက်ပေမဲ့ ယခုတော့ စိတ်မရှုပ်ရုံဖြင့် အတော်ထူးဆန်းနေ၏။ နေကြာစေ့အသားကို စားရင်း မှူးပြုံးလိုက်သည်။
"မမအကြောင်းတွေ သွင်ရိပ်ကို ပြောပြပါလား”
သွင်ရိပ်က ကလေးတစ်ယောက်လို မှူးရင်ခွင်ထဲ တိုးဝင်လာပြီး မှူး လည်တိုင်ကို မထိတထိနမ်းသည်။
"မမမောင်လေးက ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲဟင်''
မှူး ချက်ချင်း စိတ်ရှုပ်လာသည်။ သွင်ရိပ်ကို တွန်းဖယ်ပစ်၍ ဟောခန်းမကျယ်ဘက်သို့ ထွက်လာသည်။ သွင်ရိပ်က မှူးနောက်သို့ အပြေးလိုက်လာ၏။ ဟောခန်းမကျယ်၏မှန်နံရံအနီးသွားရပ်၍ အပြင်ဘက်သို့ ငေးမိသည်။ မှူး ထိန်းမရအောင် သားဆက်ကို လွမ်းနေပြီး သွင်ရိပ်က မေးလာတော့ ပိုဆွေးသွားသည်။
“သွင်ရိပ်ကို စိတ်ဆိုးသွားတာလားဟင်၊ မမမပြောချင်လဲ ရပါတယ်၊ သွင်ရိပ်မမေးတော့ပါဘူး၊ သွင်ရိပ်တောင်းပန်တယ်နော်၊ စိတ်မဆိုးလိုက်ပါနဲ့မမရယ်”
သွင်ရိပ်က မှူးရှေ့၌ မျက်နှာငယ်လေးဖြင့် လာရပ်ကာ တတွတ်တွတ်တောင်းပန်နေသည်။
"ဒီနေရာလေးကလေ ဟိုးတစ်ချိန်က သားဆက်နဲ့မမအတွက် ကစားကွင်းတစ်ခုဖြစ်ခဲ့တယ်’’
သွင်ရိပ်က ဟောခန်းမကျယ်ကြီးကို အထူးအဆန်း လှည့်ပတ်ကြည့်နေသည်။ မှူး လိုက်ကာစအနီရောင်ကို ဘေးသို့ ဆွဲလိုက်တော့ အလင်းရောင်မှာ အခန်းကျယ်ထဲ တိုးဝင်လာသည်။ မှူးမျက်ဝန်းတို့ စိုထိုင်းလာ၏။
"သားဆက်က အဖျားကြီးပြီး ဆုံးသွားတာပါ၊ လူတစ်ယောက်က သာမန်အဖျားဝင်ရုံနဲ့တော့ မသေသင့်ဘူးလို့ မထင်ဘူးလား၊ ဒီလို ကျယ်ဝန်းလုံခြုံတဲ့ အိမ်ကြီးအိမ်ကောင်းမှာ နေပြီး ပိုက်ဆံလုံလုံလောက်လောက်ရှိရက်နဲ့ ဆေးမကုနိုင်ခဲ့တာ သွင်ရိပ်ဘယ်လိုထင်လဲ”
မှူး မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ ထိုနေ့ညက ပုံရိပ်တို့မှာ စွဲနေအောင် မှတ်မိနေစေ၏။ မိုးသက်လေမုန်တိုင်းကျကာ ရာသီဥတုဆိုးဝါးနေခဲ့သည်။ မိုးခြိမ်းသံကျယ်လွန်း၍ သားဆက်ကြောက်နေမည်စိုးကာ မှူး သားဆက်အခန်းထဲသို့ ပြေးဝင်လာချိန် သားဆက်က ကြမ်းပြင်ပေါ် အဖျားတက်ကာ လဲကျနေခဲ့၏။ သားဆက်ခန္ဓာကိုယ်မှာ မီးတုံးမီးခဲပူနေပြီး နှုတ်မှလည်း ကယောင်ကတမ်းပြောနေခဲ့သည်။ ‘’သားကြောက်ပါပြီ၊ နောက်ထပ် အပြင်မထွက်တော့ပါဘူး၊
သားကို မရိုက်ပါနဲ့၊ ဒက်ဒီ သားကို မရိုက်ပါနဲ့”ဟု ယယောင်ကတမ်း ငိုကာ ပြောနေသော သားဆက်ပုံစံကို မှူးလုံးဝမမေ့နိုင်ခဲ့ပေ။ မှူး အလုံပိတ်ထားသော ကျွန်းတံခါးမကြီးကို ထုရိုက်ရင်း အော်ခေါ်ခဲ့သည်။ တံခါးဖွင့်ပေးရန် ငိုယိုတောင်းပန်ခဲ့သည်။ မှူး လည်ချောင်းကွဲမတတ် အော်ခဲ့ပေမဲ့ မည်သူမှမကြားခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် ထိုည၌ ဒက်ဒီက အလုပ်ကိစ္စနှင့် ခရီးထွက်သွားပြီး မာမီက လောင်းကစားဝိုင်းရောက်နေခဲ့သည်။ ကြီးကြီးမြက အမေဆုံး၍ ရွာပြန်သွား၏။ အိမ်အကူအစ်မများမှာ အောက်ဆုံးအထပ်၌ နေကြ၍ မှူးတို့အသံမကြားကြပါ။ အိပ်ပျော်နေကြသည်။
သားဆက်မှာ ဒက်ဒီရိုက်လိုက်သည့်နေ့ကတည်းက ကြောက်ဖျားဖျားနေခဲ့သည်။ အမြဲအထိတ်တလန့်ဖြစ်နေခဲ့သည်။ အရင်လို သိပ်လည်း မဆော့တော့ပါ။ မှူးတို့ ပြနေကျ မိသားစုဆရာဝန်မှာလည်း မန္တလေးသွားသည်။ မာမီက မိသားစုဆရာဝန်ပြန်လာမှ ခေါ်ပေးမည်ပြောပြီး မောင်လေးကို ဆေးခန်းမပြပေးခဲ့ပါ။ နေ့ရွှေ့ရက်ရွှေ့ထားပြီး မှူးမောင်လေးမှာ မသက်သာခဲ့ပါ။ ထိုနေ့ညတွင် သားဆက်ဆုံးသွားခဲ့ရသည်။ အားလုံးမှာ ဒက်ဒီနှင့်မာမီကြောင့် ဖြစ်၏။ ဒက်ဒီနှင့်မာမီက မှူးတို့ကို ပိတ်လှောင်ထားခဲ့လို့ ဂရုမစိုက်ခဲ့လို့ သားဆက်မှာ မသေသင့်ဘဲ သေခဲ့ရသည်။
“မမ ဒက်ဒီနဲ့မာမီကို ခွင့်မလွတ်နိုင်ဘူး၊ သားဆက်သေရတာ ဒက်ဒီနဲ့မာမီ့အပြစ်တွေပဲ”
သွင်ရိပ်က တအိအိရှိုက်နေသဖြင့် မှူး အံဩစွာ ငုံ့ကြည့်လိုက်သည်။ သွင်ရိပ်မှာ ဝမ်းနည်းအားကြီးလွန်းစွာ ရှိုက်ငိုနေ၏။ နှာခေါင်းထိပ်တို့မှာ နီရဲကာ ဘာရုပ်လေးမှန်းမသိ။ ဝမ်းနည်းနေသည့် မှူးမှာ သွင်ရိပ်ကို ကြည့်ကာ ပြုံးမိသွားသည်။
"မငိုနဲ့ တိတ်တော့ကွယ်၊ ကလေးလေးကျလို့”
သွင်ရိပ်က ချက်ချင်းမျက်ရည်သုတ်ကာ ဟီးခနဲ ပြုံးပြသည်။ ၎င်းအပြုံးကြောင့် မှူး၏ရင်ခုန်သံများ မတည်မငြိမ် ဂယက်ထသွားကြောင်း မှူးသိသိသာသာခံစားမိလိုက်သည်။
~
နေ့သစ် ဘုရားပေါ်၌ ဆီမီးပူဇော်၍ အရိပ်ရသော ဇောင်းတန်းတွင် ထိုင်ပြီး လေညှင်းခံနေမိသည်။ ဤနေ့သည် မှူး၏သုံးဆယ့်တစ်နှစ်ပြည့်မွေးနေ့ဖြစ်၏။ ထိုကြောင့် နေ့သစ် မနက်အစောထကာ ဘုရားသို့ လာခဲ့သည်။ ဟိုစဥ် မှူးနှင့် ချစ်သူမဖြစ်ခင် တက္ကသိုလ်တွင် မှူးကို ပိုးပန်းခဲ့ရသောအချိန်များကို တွေးနေမိသည်။ မှူးက မငြင်းကောင်းဘူးဟူသည့် မွေးနေ့လက်ဆောင်ကိုလည်း အားနာနာဖြင့် လက်မခံခဲ့ဖူးပါ။ မှူး နေ့သစ်အပေါ်ဆက်ဆံပုံမှာ အမြဲစည်းတစ်ခုခြားထားသည်။ စဥ်းစားကြည့်တော့ မှူး နေ့သစ်ကို နစ်နစ်ကာကာ မချစ်ခဲ့ဘူးဟူသည့်အဖြေသာပေါ်လာပြီး မှူးကိုယ်တိုင်သတိထားမိပုံမရပါ။
နေ့သစ် သက်ပြင်းချ၍ ဘုရားဇောင်းတန်းအောက်ဘက် လှမ်းကြည့်လိုက်သည်။ မှူးသည် ခိုစာများ ဝယ်၍ သွင်ရိပ်နှင့်အတူ ခိုအစာကျွေးနေလေသည်။ မှူးသည် အနီရင့်ရောင် ချိတ်မြန်မာဝမ်းဆက်ဝတ်ထားပြီး ဆံပင်ရှည်တို့ကို တစ်ဝက်စည်းနှောင်ကာ ဖြန့်ချထားသည်။ သိပ်လှလွန်း၍ နေ့သစ် ဆက်တိုက်ငေးကြည့်နေခဲ့မိသည်။ သွင်ရိပ်ကတော့ မှူးကို အနီးကပ်ငေးခွင့်ရသူဖြစ်ပြီး နေ့သစ်ကတော့ အဝေးမှ ငေးခဲ့ရသူဖြစ်သည်။ နေ့သစ်၏လက်မောင်းကို တွဲခိုခဲ့ဖူးသော လက်တို့သည် အခြားသူလက်ကို ဆုပ်ကိုင်ထားသဖြင့် နေ့သစ် ကိုယ့်လက်ကိုယ် ဝမ်းနည်းစွာ ငုံ့ကြည့်လိုက်သည်။ မှူးက ခိုစာကျွေးနေရာမှ တအံ့တသြ လှည့်ကြည့်လာပြီး နေ့သစ်ဆီသို့ ခပ်ဖြည်းဖြည်းလျှောက်လာသည်။
“နေ့သစ်၊ နင်က ဘုရားလာတယ်ပေါ့၊ တစ်ယောက်တည်းလေ မှူးမွေးနေ့မို့ဆိုပြီး မပြောနဲ့နော်”
နေ့သစ် ဘာပြန်ပြောရမည်မသိအောင် မှူးက စိတ်ဖတ်လိုက်သဖြင့် အရှက်ပြေ ဟင်းခနဲ ရယ်ချလိုက်သည်။ မှူးက နေ့သစ်ကို ချစ်သူမဖြစ်ခင် ကျောင်းတုန်းက အခေါ်အဝေါ်မျိုးဖြင့် ပြောဆိုလာသဖြင့် အရင်ချိန်များ ပိုသတိရလာသည်။ သွင်ရိပ်က ခိုစာများ ပစ်ကျွေးပြီး နေ့သစ်တို့ဆီသို့ ပြေးလာ၏။ မြန်မာဝတ်စုံလေးဝတ်ထားသဖြင့် သေးသေးလေးဖြင့် ချစ်စရာကောင်းနေသည်။
“မမရေဆာနေလားဟင်၊ သွင်ရိပ် ရေသန့်ဘူးသွားဝယ်လိုက်မယ်”
မှူးက လက်ပိုက်ကာ ခေါင်းညိတ်လိုက်တော့ သွင်ရိပ်က ဇောင်းတန်းအောက်ဘက်မှ စျေးဆိုင်သို့ ပြေးဆင်းသွားသည်။ နေ့သစ် သွင်ရိပ်ကို လိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“သွင်ရိပ်က မှူးအပေါ်မှာ ကိုယ့်ထက် ပိုပြီး ကောင်းလား၊ ပိုပြီး ပိုပြီးလေ”
မှူးက ဟင်းခနဲ သက်ပြင်းရှိုက်သော်လည်း လက်ပိုက်မပျက်ပေ။ ဤကိစ္စကို ပြန်အစဖော်ရန် စိတ်ကူးမရှိသလို မကြားဟန်ပြုကာ ခပ်တည်တည်လုပ်နေသည်။ သွေးအေးနိုင်လွန်း၏။
"နေ့သစ်ပြန်ရင် သွင်ရ်ပ်ကို အတူခေါ်သွားပေးလို့ရမလား”
“ခေါ်သွားလို့တော့ ရပေမဲ့ ဘာလို့လဲမှူးရဲ့”
"ဒက်ဒီက မှူးကို ကုမ္ပဏီအကျိုးအမြတ်အတွက် သူ့မိတ်ဆွေသားနဲ့ လက်ထပ်ဖို့ တိုက်တွန်းနေတယ်၊ မှူး အပြတ်ငြင်းထားပေမဲ့ ဒက်ဒီက လက်ခံပုံမရသေးဘူး၊ မှူးကို အကြပ်ကိုင်ဖို့ အားနည်းချက်ရှာနေမှာပေါ့၊ မှူးကို ထိလို့ ဘယ်ရမလဲ၊ သွင်ရိပ်ကို သတိထားမိသွားရင် မှူးကို မနိုင်တာနဲ့ ဆွဲထည့်လာမှာစိုးလို့”
“မှူး သွင်ရိပ်ကို စိုးရိမ်နေတာလား”
“စိုးရိမ်တယ်၊ ဟုတ်တယ် မှူး သွင်ရိပ်ကို စိုးရိမ်တယ်၊ မှူးတို့မိသားစုကိစ္စတွေကြားထဲ ဝင်မပါစေချင်ဘူး၊ အခုတောင် သွင်ရိပ်က မှူးနဲ့အတူ ကုသိုလ်ယူချင်တယ်ဆိုလို့သာ လာလိုက်တာ၊ မှူးမှာ စုံစမ်းရမှာတွေ ရှိသေးတယ်၊ မှူး မအားနေဘူး၊ ဒါကို မှူးပြောရင် သွင်ရိပ်က နားလည်ပါ့မလားလဲမသိဘူး”
နေ့သစ် မှူးကို ငေးကြည့်နေမိသည်။ မှူးက သူမကို သွင်ရိပ်နားမလည်နိုင်မှာကို စိုးရိမ်နေ၏။ သွင်ရိပ်က ရေသန့်ဘူးဝယ်၍ လှေကားဇောင်းတန်းပေါ်သို့ ပြန်တက်လာသည်။ ပြီးတော့ သွားလေးဖြီး၍ ရေသန့်ဘူးဖွင့်ကာ မှူးကို ပေးနေသည်။ မှူးက တစ်ငုံသောက်၍ နေ့သစ်ကို သောက်မလားမေးသဖြင့် နေ့သစ်ခေါင်းခါလိုက်သည်။
"သွင်ရိပ်’’
“ဟုတ်မမ၊ ဘာပြောမလို့လဲဟင်”
“မမ သွင်ရိပ်ကို သစ်ခွခြံပြန်မပို့ပေးနိုင်တော့ဘူး၊ နေ့သစ်နဲ့အတူ ပြန်လိုက်နော်၊ မမ နောက်မှ ဖုန်းဆက်လိုက်မယ်”
သွင်ရိပ်က ဘာမေးခွန်းမှမထုတ်ဘဲ ခေါင်းညိတ်သဖြင့် နေ့သစ်အံ့ဩရသေးသည်။ ယခုတော့ ဤအတွဲမှာ လိုက်လည်းလိုက်တယ်ဟု တွေးနေမိသည်။
====
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now