အပိုင်း( ၁၀ )

5.5K 370 3
                                    


အပိုင်း ( ၁၀ )
နေရောင်သည် ထွက်ပြူစပြုနေပြီ။ မနက်စောစော တည်းခိုခန်းမှ ထွက်လာကာ လမ်းဘေးရှိ အသုပ်ဆိုင်၌ အသုပ်ဝင်စားရင်း မနက်စာကို ဗိုက်ဖြည့်ရသည်။ အထုပ်အပိုးများမှာ ဝယ်ရင်း ပိုများလာ၍ မနိုင်းမနင်းဖြစ်ရသေးသည်။ မသိလျှင် အိမ်ပြောင်းလာသလို။ သွင်ရိပ်က ကူဆွဲပေး၏။
မှူး တက္ကစီဆရာကို ဖုန်းဆက်လိုက်သည်။ ယခုထွက်လာနေပြီဟုပြောသည်။ မှူးတို့ အသုပ်နှစ်ပန်းကန်စား၍ ကုန်သောအခါ လမ်းထဲသို့ တက္ကစီကားတစ်စီးမောင်းဝင်လာသည်။ တက္ကစီကားမှာ လမ်းဘေးအသုပ်ဆိုင်ရှေ့ ထိုးရပ်လာ၏။ ကားဆရာဆင်းလာပြီး ချထားသည့် မှူးအထုပ်များကို ကားပေါ်သို့ ကူတင်ပေးသည်။
“ရှင့်ကားကောင်းသွားပြီလား၊ သေချာပြင်ခဲ့ရဲ့လား၊ မနေ့ကလို စက်ရပ်နေဦးမယ်’’
“ကောင်းသွားပါပြီ၊ ဝပ်ရှော့မှာ ညတွင်းချင်းသေချာပြင်ပြီး စစ်ဆေးခိုင်းပြီးမှ ယူလာတာပါ”
မှူး အသုပ်ဖိုးရှင်း၍ ကားပေါ်သို့ တက်လာသည်။ ကားမှာ သန်လျင်သို့ ဆက်မောင်းနေ၏။ သွင်ရိပ်က ကားပေါ်တွင် မျက်နှာညှိုးနေ၍ မှူးသတိထားမိသွားသည်။
“ဘာဖြစ်နေတာလဲသွင်ရိပ်၊ ဘာအဆင်မပြေလဲ”
“ညတည်းက ကိုကို့ကို ဆက်သွယ်လို့မရဘူးမမ၊ သွင်ရိပ်အိမ်ပြန်မလာလို့ စိတ်ဆိုးနေပြီထင်တယ်”
မှူး အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ ယခုချိန်ဆို နေ့သစ်က ကမ္ဘာပျက်ကာ သွက်သွက်ခါရူးနေတော့မည်။ ပြာကျမတတ် တမြည့်မြည့်လောင်ကျွမ်းနေတော့မည်။ သေလုမျောပါးနာကျင်ခံစားနေရမည်။ တေးယစ်မှူးဆိုသည့် မိန်းမကိုမှ အထင်သေးကာ မာနထိပါးစော်ကားတော့ ခံပေဦးပေါ့မောင်ရယ်။
“နေ့သစ်က မင်းအတွက် ဘယ်လိုလူမျိုးလဲ”
“အားကိုးရာမဲ့နေတဲ့သွင်ရိပ်ကို ကူညီဖေးမပေးခဲ့တယ်၊ သွင်ရိပ်အတွက်နဲ့ သူ့ချစ်သူကိုတောင် လမ်းခွဲခဲ့တာ ကိုကိုက သွင်ရိပ်အတွက် လေးစားစရာကောင်းတဲ့သူမျိုးပေါ့မမရယ်”
“ဒီလောက်အရေးပါတဲ့သူမျိုးလား၊ မင်းအတွက် ဒီလိုလူမျိုးဖြစ်ပေမဲ့ မမအတွက်တော့ သစ္စာမရှိတဲ့သူပဲ”
သွင်ရိပ်က နားမလည်ပါ။ ကားသည် သန်လျင်ရှိ မသန်မစွမ်းဂေဟာဝန်းတွင်းသို့ ရောက်လာသည်။
“သွင်ရိပ် ရန်ကုန်ပြန်လိုက်တော့”
မှူး ခပ်ပြတ်ပြတ်ပြော၍ အထုပ်များ သယ်ကာ ကားပေါ်မှ ဆင်းလာသည်။ သွင်ရိပ်က ရှင်ဟု တအံ့တဩရေရွတ်၍ ကားပေါ်မှ ဆင်းလိုက်လာသည်။
“ဘာလို့လဲမမ၊ သွင်ရိပ် ဒီနေရာလေးကို အခုမှရောက်ဖူးတာလေ၊ ပြန်ရင်လည်း မမနဲ့အတူပြန်မှာ”
“မမက ဒီမှာ တစ်ရက်နှစ်ရက်လောက်နေမလို့လေ၊ သွင်ရိပ်က နေလို့ရလို့လား၊ နေ့သစ်ပိုစိတ်ဆိုးလိမ့်မယ်”
“ဟို…ဟိုလေ”
သွင်ရိပ်က ငိုမဲ့မဲ့ဖြင့် ကြီးမားသော ကုက္ကိုလ်ပင်ကို မော့ကြည့်နေသည်။ ဂေဟာတွင်း၌ အရိပ်ရအပင်ကြီးများ စိုက်ထား၍ အေးချမ်းသည်။ မှူး သွင်ရိပ်နှင့်အတူ ညနေမှ အေးအေးလူလူ ပြန်၍ နေ့သစ်ကို ရှင်းပြလို့ ရသည်။ ဒါပေမဲ့ မှူး ဘာကြောင့် ရှင်းပြရမလဲ။ မှူး ကိုယ်တိုင်မွေးထားသောမီးကို မှူးမငြိမ်းသတ်နိုင်ပါ။ နေ့သစ် လောင်ကျွမ်းပြာကျနေတာကို တစိမ့်စိမ့် ထိုင်ကြည့်ဦးမည်။
“ကားဆရာ သွင်ရိပ်ကို တစ်ခါတည်း ပြန်ခေါ်သွားလိုက်ပါ၊ လိုက်သွားနော်သွင်ရိပ်”
မှူး သွင်ရိပ်လက်ကို ဆွဲ၍ ကားထဲသို့ ပြန်ထည့်ပေးလိုက်သည်။ သွင်ရိပ်က မလိုက်ချင်စွာ လိုက်သွားရင်း ငိုမဲ့မဲ့လေးဖြစ်နေ၏။ ကားမှန်ချကာ မှူးကို အားကိုးတကြီးကြည့်နေသည်။ ကားထွက်တော့မည်မို့ မှူးပြုံးကာ သွင်ရိပ်ကို တာ့တာပြလိုက်သည်။ သနားစရာထိုမျက်ဝန်းကို လျစ်လျူရှုရင်းပေါ့။
~
အိမ်ပြန်လာသော လမ်းတလျှောက်၌ ကိုကို့ကို မည်သို့ရှင်းပြရမလဲ၊ အကြောင်းပြချက်ပေးရမလဲ စသဖြင့် စကားလုံးများ သွင်ရိပ် ခေါင်းထဲ စီနေမိသည်။ အမှန်အတိုင်းပြောလျှင် လက်ခံပါ့မလားဟူသည့် စိုးရိမ်စိတ်တို့က ခြောက်ခြားစေသည်။ လိမ်ညာလီဆယ်ပြောရမလား တွေးမိတော့ မလိမ်တတ်သော အရိုးခံစိတ်မှာ သွင်ရိပ်ကို လိပ်ပြာမလုံဖြစ်စေသည်။
တက္ကစီကားသည် သွင်ရိပ်တို့ လမ်းထဲ ဝင်လာပြီး ခြံရှေ့ရပ်သွားသည်။ ခြံထဲမှ တိုက်ပုလေးသည် ရင်အခုန်မြန်စေ၏။ လူဝင်ပေါက် ခြံတံခါးဖွင့်ဝင်၍ ပြန်ပိတ်လိုက်သည်။ ခြံထဲ၌ ကိုကို့ကားအဖြူရောင်ရပ်ထား၏။ ကိုကိုအလုပ်မသွားပုံရသဖြင့် တိုက်ထဲ ဝင်ရမှာ တုံ့နှေးနေမိသည်။ အမှားကြီးကြီးမားမားမကျူးလွန်ထားသော်လည်း အပြစ်သားလို ခံစားနေရကာ ကြောက်နေသည်။ ခြေဖျားလက်ဖျား အေးစက်လာသည်။ ခြေထောက်လည်း မခိုင်ချင်တော့။ မသိလျှင် သွင်ရိပ်အဖြစ်မှာ ညဘက် clubတက် ပျော်ပါးသောက်စားမူးယစ်ပြီး အပြင်၌ အိပ်ကာ မနက်မှ တိတ်တိတ်လေး အိမ်ပြန်လာသည့် သမီးဆိုးလေးလို။ စိတ်အတတ်နိုင်ဆုံးလျှော့ချကာ အသက်ဝဝရှူမိသည်။
ဖိနပ် အသာလေးချွတ်ထားကာ အိမ်ထဲသို့ တိတ်ဆိတ်စွာ ဝင်သွားမိသည်။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပစ္စည်းများ မြင်လိုက်ရတော့ သွင်ရိပ်အားပြတ်သွားသလို ခံစားလိုက်ရသည်။ အိမ်ဦးကြမ်းပြင်၌ တစ်စစီဖြစ်နေသော အသုံးဆောင်များက ရင်နာဖွယ်စီးကြိုနေလေသည်။ ဓားပြဝင်စီးခံထားရသလို တစ်အိမ်လုံး ဗြောင်းဆန်နေသည်။ နံရံ၌ ကပ်ထားရမည့် သွင်ရိပ်တို့၏မင်္ဂလာဆောင်ဓာတ်ပုံမှာ ကြမ်းပြင်ပေါ် ကြေမွနေသည်။ သွင်ရိပ် ကြမ်းပြင်ပေါ် ဒူးထောက်ရင်း ကြေမွနေသည့် ဓာတ်ပုံမှန်စကွဲပေါ်သို့ လက်ဖြင့် ခပ်ဖွဖွတို့ကာ တသိမ့်သိမ့်ရှိုက်ငိုမိသည်။ ရင်ထဲ တဆစ်ဆစ် နာကျင်ဝမ်းနည်းလာခြင်းနှင့်အတူ သွင်ရိပ်ကမ္ဘာမှာ မှောင်မိုက်သွားသည်။
အိပ်ခန်းတံခါးပွင့်လာသဖြင့် သွင်ရိပ် အလန့်တကြားမော့ကြည့်လိုက်သည်။ ကိုကို့မျက်နှာသည် နေ့ချင်းညချင်းအိုစာသွားပြီး ညှင်းသိုးသိုးနှင့် ဆောက်တည်ရာမဲ့နေပုံပေါ်သည်။ အရင်က နွေးထွေးစမတ်ကျသည့် ကိုကို့မျက်နှာမှာ ယခုတော့ ခက်ထန်ကာ ကြောက်ဖို့ကောင်းနေသည်။
ရှင်းပြရန် စီထားသည့် စကားလုံးများ ဘာတစ်ခုမှ သွင်ရိပ်စဥ်းစားမရ။ ငို၍သာ ကိုကို့ကိုကြည့်နေမိသည်။ ကိုကိုက သွင်ရိပ်ဆီလျှောက်လာပြီး အင်္ကျီကော်လံစမှ ဆွဲတင်လိုက်တော့ တုန်တုန်ရီရီဖြင့် အရုပ်ကလေးလို ပါသွားသည်။ ကိုကို့လက်ဝါးမှာ သွင်ရိပ်ပါးပေါ် အားပြင်းစွာ ကျလာ၏။
"ဖြန်း''
ညာဘက်မျက်နှာတစ်ခြမ်းလုံး ပူထူနာကျင်သွားကာ သွင်ရိပ်ကိုယ်လေးကြမ်းပြင်ပေါ် အရှိန်ပြင်းစွာ လဲကျသွားသည်။ အရမ်းနာလွန်း၍ တော်တော်နှင့် ပြန်မထနိုင်။ စပ်နေသည့်ပါးကို အသာအုပ်ကိုင်ရင်း ကို့ကို့ကို နာကျင်စွာ မော့ကြည့်မိသည်။ တစ်ကိုယ်လုံးတုန်သည်အထိ တသိမ့်သိမ့်ရှိုက်ငိုမိသည်။ ကိုကိုက ဆောင့်ကြောင့်ထိုင်ချပြီး သွင်ရိပ်ပခုံးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသည်။
"မင်းပြောစမ်း၊ မင်းမျက်လုံးထဲမှာ ငါက နွားလား၊ ငါက ဘာမှစောက်ဂရုစိုက်စရာမလိုတဲ့ကောင်လား ဟမ် သွင်ရိပ် မင်းလည်း ငါ့ကို မှူးလိုပဲ စောက်အထင်သေးနေတယ်မဟုတ်လား”
သွင်ရိပ်ပခုံးနှစ်ဖက်ကို ဆွဲခါလှုပ်ပြီး ဒေါသတကြီးမေးနေသဖြင့် သွင်ရိပ် ကြောက်လန့်စွာ ခေါင်းခါနေမိသည်။
“မဟုတ်ဘူး၊ သွင်ရိပ် တစ်ခါမှ ကိုကို့ကို အထင်မသေးခဲ့ဖူးပါဘူး’’
"မင်း ဘာလို့ ဖောက်ပြန်ရတာလဲ၊ ဟမ် ဘာလို့ မှူးနဲ့မှလဲ၊ ငါ့မှာတော့ မင်းကို ငါ့ညီမလေးအရင်းလိုမျိုး ဖြူဖြူစင်စင်စောင့်ရှောက်လိုက်ရတာ၊ မင်းကတော့ ဘာလို့ ဒီလိုမျိုး မှူးနဲ့လေ ငါ့ကွယ်ရာမှာ ဖြစ်ချင်တိုင်း ဖြစ်နေတယ်၊ မင်းနဲ့ငါက တကယ့်လင်မယားအစစ်မဟုတ်ပေမဲ့ တရားဝင်လက်မှတ်ထိုးထားလို့ မင်းမှာ ဖောက်ပြန်ခွင့်မရှိဘူးကွ၊ မင်းနားလည်လား၊ ဘာလဲ မင်းကိုယ်တိုင်က မင်းအမေဖောက်ပြန်ပြီး ရလာတဲ့ကလေးဖြစ်နေလို့ ဒီလိုအကျင့်စရိုက်ရှိနေတာလားကွ၊ တောက်”
ကိုကိုက အံကြိတ်ပြီး နံရံကို လက်သီးနှင့် ထိုးပစ်လိုက်သည်။ သွင်ရိပ် ရူးသွားချင်လောက်အောင် နာကျင်သွားသည်။ ပါးစပ်ကို လက်ဖြင့် ပိတ်ကာ အော်ငိုရင်း သွေးပျက်နေသည်။
"ကိုကို ဘာလို့ဒီလိုထင်ရတာလဲ၊ ဘာလို့ တစ်ဖက်သတ်ကြီးစွပ်စွဲပြီး သွင်ရိပ်ကို ရှင်းပြခွင့်မပေးတာလဲ၊ ဘာလို့ သွင်ရိပ်ကို ဒီလိုပြောရက်ရတာလဲ၊ သွင်ရိပ်မှာ အဲလိုသန္ဓေမရှိပါဘူး”
ကိုကိုက သွင်ရိပ်ကို ကျောခိုင်းထားသည်။ ဒေါသမပြယ်သေးသလို လက်သီးဆုပ်ထား၏။
"သွင်ရိပ်ဝန်ခံပါတယ်၊ သွင်ရိပ် မမကို သဘောကျတယ်၊ မမအကြည့်တွေအပြောတွေအပြုံးတွေကြောင့်
သွင်ရိပ် ရင်ခုန်ခဲ့တယ်၊ အဲဒီလိုဖြစ်နေလို့လည်း ကိုကို့ကို အားနာစိတ်ဖြစ်တယ်၊ ဒါပေမဲ့ မမကို ချစ်တဲ့စိတ်ကြောင့် သွင်ရိပ်နှလုံးသားသွေးစိမ်းရှင်ရှင်ကျပြီး အစိပ်စိပ်အမြွာမြွာ ကွဲကြေနေတယ်ဆိုရင်တောင် သွင်ရိပ် ကိုကို့ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ ဒါကိုကို့အပေါ်ထားတဲ့သွင်ရိပ်ရဲ့သစ္စာပဲ”
ကိုကိုက ခြောက်ခြားစရာအသံကြီးဖြင့် တဟားဟားအော်ရယ်လေသည်။ သွင်ရိပ်စကားကို နည်းနည်းမှ မယုံကြည်ပေးဘဲ ပျက်ရယ်ပြုသည်။ သွင်ရိပ်ကို ခနဲ့တဲ့တဲ့ ကြည့်လာ၏။
“တစ်နေ့လုံး တစ်ညလုံး ငါ့ချစ်သူနဲ့ ပျောက်ချင်းမလှပျောက်သွားပြီး ငါ့ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်ခဲ့ပြီး အခုဒါကိုယုံခိုင်းနေတာလား၊ သွင်ရိပ်ချို ငါ နွားမဟုတ်ဘူးကွ၊ ငါ့ကွယ်ရာမှာ မင်းတို့ဘာတွေဖြစ်နေလဲ ငါအားလုံးသိတယ်၊ မင်း ဖြူစင်တဲ့ပုံစံလုပ်ပြမနေနဲ့''
ရင့်သီးလွန်းသည့် ကိုကို့စကားများမှာ နားမခံနိုင်အောင် ကိုးလိုးကန့်လန့် ဝင်လာလေသည်။
"ကိုကို့ချစ်သူဟုတ်လား၊ ကိုကိုဘာတွေပြောနေတာလဲ၊ သွင်ရိပ်နားမလည်တော့ဘူး''
ကိုကိုက ပါးရိုးများ ဖြိုင်းဖြိုင်းထနေအောင် အံတင်းတင်းကြိတ်ပြီး သွင်ရိပ်ကို မျက်လုံးစိမ်းဖြင့် ကြည့်သည်။ နာကြည်းမှုများ ပြည့်နေသည်။
"အေး ဟုတ်တယ် ငါ့ချစ်သူ မင်းဖောက်ပြန်ခဲ့တဲ့မိန်းမက ငါ့ဘဝတစ်ခုလုံးမှာ ငါရူးမတတ်ချစ်ရတဲ့ချစ်သူ၊ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ငါသိပ်မြတ်နိုးရတဲ့ ချစ်သူပဲ၊ ဒါကို မင်းသိလား၊ မင်းက ငါ့ကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်လိုက်တာလေသွင်ရိပ်ချို''
သွင်ရိပ် အားတင်းထရပ်၍ ကိုကို့စကားများကို မယုံကြည်နိုင်ဖြစ်နေသည်။ မဖြစ်နိုင်ဘူးဟု ငြင်းဆန်နေမိသည်။ မမမှူးက ကိုကို့ချစ်သူဆိုသည်မှာ ယုတ္တိမတန်ရာကျလွန်းသည်။ ကိုကိုက သွင်ရိပ်ပခုံးကို အရှိန်ဖြင့် ဝင်တိုက်ပစ်ပြီး ဒေါသတကြီးကားမောင်းထွက်သွားသည်။
ကိုကို့ချစ်သူက မမမှူးတဲ့လား။ ဒါဆို ကိုကို သွင်ရိပ်ကို သဝန်တိုနေတာမှမဟုတ်တာ။ မမမှူးကို သဝန်တိုနေတာ။ မမနဲ့ မပတ်သက်ခိုင်းတာကလည်း သွင်ရိပ်ကို စိတ်ပူလို့မဟုတ်ဘဲ မမနဲ့ ငြိစွန်းသွားမှာကြောက်နေတာ။ သွင်ရိပ်ဖောက်ပြန်လို့ စိတ်ဆိုးနေတာမဟုတ်ဘဲ သွင်ရိပ်ပတ်သက်မိသူက မမမှူးဖြစ်နေလို့။ မမမှူးဖြစ်နေခဲ့လို့ ကိုကို သွင်ရိပ်ကို မုန်းရတာပါလား။
~
လေးလခန့်ကြာသော်။
ရေဇလုံထဲ၌ ရေတွေခပ်ကစားနေသော ပူတူးလေးကို ကောက်ချီပြီး ပဝါဖြင့် တစ်ကိုယ်လုံးပတ်ပေး၍မှူး ရေချိုးခန်းထဲမှ ထွက်လာသည်။ ပူတူးလေးက ရှူးပေါက်ချကာ ညစ်ပတ်နေသဖြင့် သန့်အောင် မှူးရေချိုးပေးရခြင်း။ ကလေးပေါင်ဒါမွှေးကို တစ်ကိုယ်လုံးအနှံ့လိမ်းပေး၍ ပါးပြင်ကို ဘယ်ပြန်ညာပြန် ရှုံ့နမ်းလိုက်တော့ ပူတူးလေးက တခစ်ခစ်ရယ်သည်။ မှူး ဘီရိုထဲမှ ကလေးအဝတ်ယူကာ ခုန်ဆွခုန်ဆွလုပ်နေသည့် ပူတူးလေးကို ထိန်းကိုင်ပြီး အင်္ကျီဝတ်ပေးရသည်။ မှူးအခန်းထဲမှ ပြန်ထွက်လာတော့ ယမင်းက ကလေးကစားစရာများ ရှုပ်ပွနေသည့် အလယ်တွင် ထိုင်၍ မှာထားသည့် ပီဇာကို နှိုက်စားနေသည်။ ပီဇာများလည်း ပေပွကာ ကြမ်းပြင်ကျသည့်အပိုင်းကျကာ ညစ်ပတ်နေ၏။ ဆံပင်များမှာ မဖြီးနိုင်မသပ်နိုင်အောင် ရှုပ်ပွကာ မုဆိုးမနှင့်မခြားတော့ပေ။
"နင် အိမ်ထောင်သည်ဖြစ်တာနဲ့ ဒီလောက်ညစ်ပတ်သွားတာလား၊ ငါရွံတတ်တယ်နော်ယမင်းဖြူ”
ယမင်းက မုန့်နှိုက်ထားသည့်လက်ဖြင့် ခေါင်းကုပ်ကာ မုန့်ပြန်စားနေပြန်သဖြင့် မှူးရှုံ့မဲ့သွားသည်။
"ကိုယ့်အိမ်မှာ ကိုယ်နေတာပဲ၊ နင်ကလည်း အဖြစ်သည်းလိုက်တာ၊ ငါညစ်ပတ်တာက ရုပ်ချောတာနဲ့ ထိန်းထားလို့ရတယ်မှူးရဲ့”
"သြော် အေအေ ပြောရဲတယ်နော်၊ ဒီအိမ်မှာ မှန်မရှိဘူးထင်ပါတယ်''
မှူး ပူတူးလေးကို လှည်းထဲပေးထိုင်လိုက်ပြီး အလုပ်ဆက်လုပ်ရန် စာရိုက်စက်ရှေ့ ရှိ ကုလားထိုင်၌ ပြန်လာထိုင်လိုက်သည်။ စာတတောက်တောက်ရိုက်နေစဥ် ယမင်းက ဘေးတွင် ထိုင်ကာ ပြောလိုက် ရယ်လိုက် မောလိုက်ဖြင့်။ ကျောင်းတုန်းကအဖြစ်များကိုလည်း ပြန်ရောက်သွားပြီး သူမင်္ဂလာဆောင်သောနေ့များကိုလည်း ပြန်ရောက်သွား၏။ ဆွေမျိုးများအကြောင်း အတင်းချရုံမက ဘေးခြံမှ ခွေးမကြီး သားဘယ်နှစ်ကောင်ပေါက်လဲအဆုံး မမောပန်းစွာ ထိုင်ပြောနေသည်။ ယမင်းပြောသမျှ သိပ်အာရုံမဝင်စားသော်လည်း မှူးခေါင်းသာညိတ်ပြနေမိသည်။
“အိမ်ရှေ့မှာ ကားသံကြားတယ်၊ ဧည့်သည်လာတယ်ထင်တယ်၊ ငါသွားကြည့်ဦးမယ်၊ ပြီးရင် ခုနက ငါ ငပလီသွားတုန်းက သရဲခြောက်ခံရတဲ့အကြောင်း ဆက်ပြောပြမယ်နော်မှူး”
ယမင်းက ပြောပြောဆိုဆိုထထွက်သွားတော့ မှူးလည်း အကြာကြီးထိုင်လိုက်၍ ညောင်းလာသဖြင့် စာစီတာ ရပ်၍ အပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။ အိမ်ထဲသို့ သွင်ရိပ်ဝင်လာ၏။ မှူး အလိုလိုထရပ်မိသွားကာ မီးဖိုချောင်တံခါးအကွယ်၌ ဝင်ရပ်နေမိသည်။
"အားနာစရာကြီးသွင်ရိပ်ရယ်၊ တကူးတကကြီးလာပေးတာ၊ အစ်မကလေးလည်း နေကောင်းနေပါပြီ၊ ဒီနေ့တောင် မူကြိုလွတ်ထားတာ၊ ဆော့မှဆော့ပဲ”
"ဘွားဘွားက လာပေးခိုင်းလို့ပါ၊ သွင်ရိပ်အတွက်လည်း အပန်းမကြီးပါဘူး၊ အခုဆို သွင်ရိပ်က တက္ကစီကိုယ်တိုင်ဌားစီးရဲနေပါပြီ၊ အရင်လို တအားမကြောက်တော့ပါဘူးအစ်မ”
မှူး တံခါးရွက်ကြားမှ ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်တော့ သွင်ရိပ်က ပန်းရောင်ဂါဝန်အတိုလေးဝတ်ထားသည်။ ဆံပင်ကို နှစ်ဖက်ခွဲ၍ ရှေ့ချကာ ကျစ်ဆံမြီးကျစ်ထား၏။ အသားက နို့နစ်ရောင်လို တအားဖြူတော့ ဂါဝန်အတိုလေးဖြင့် လိုက်ကာ cuteဖြစ်နေသည်။ အရင်လို အူတူတူတောသူမပုံစံတောင် အနည်းငယ်ပျောက်ကာ မြို့ပြဆန်ဆန်ချစ်စရာကောင်းလာသည်။
"ဟိုလေအစ်မ ကိုကို့သတင်းဘာကြားသေးလဲဟင်”
"မကြားရပါဘူးသွင်ရိပ်ရယ်၊ အစ်မလည်း သိသလောက်စုံစမ်းကြည့်ပါတယ်၊ အစအနကို ရှာလို့မရဘူး၊ လေးလတောင်ရှိပြီ၊ ဘယ်တွေသွားနေလည်း မသိပါဘူး၊ အသိမိတ်ဆွေတွေလည်း မေးကြည့်တာပါပဲ”
"တစ်ခုခုသတင်းထူးရင် သွင်ရိပ်ကို ပြောပြပါနော်၊ ဘွားဘွားကလည်း မေးနေပြီ၊ စိတ်ပူတယ်”
မှူး နံရံကို မှီရပ်၍ မျက်မှောင်ကြုတ်ပစ်လိုက်သည်။ နေ့သစ်က သွင်ရိပ်ကို ထား၍ အိမ်မှ ထွက်သွားသဖြင့် နေ့သစ်ကို စိတ်တိုမိသည်။ နေ့သစ်သည် ဘယ်တုန်းကမှ မှူးအတွက် အလိုကျစရာမကောင်းခဲ့ပါ။
"သွင်ရိပ်ကို အစ်မမေးချင်နေတာ၊ မှူးလုပ်ခဲ့တာတွေအတွက် သွင်ရိပ်စိတ်ဆိုးလား”
မှူး သွင်ရိပ်ပြောမည့်စကားကို နားစွင့်နေမိသည်။
"ဟင့်အင်း၊ သွင်ရိပ် မမမှူးကို နည်းနည်းလေးတောင်မှ စိတ်မဆိုးပါဘူး၊ မခေါ်ဖြစ်တော့တာက ရင်မဆိုင်ရဲလို့ပါ၊ မမမှူးချစ်သူကို လုယူခဲ့မိသလိုဖြစ်တဲ့အတွက် အားနာတယ်၊ ပြီးတော့ သွင်ရိပ် ကိုကို့အပေါ်မှာ သစ္စာရှိချင်တယ်''
သွင်ရိပ်စကားကြားတော့ မှူးမကျေနပ်ပါ။ အရူးမလေး။ မမကို မုန်းနေရမှာပေါ့၊၊ ဒီလိုစိတ်ထားကောင်းပြနေရင် မမက လူမိုက်ကြီးဖြစ်မသွားဘူးလား။
အတန်ကြာတော့ သွင်ရိပ်ပြန်သွားသည်။ ယမင်းက သွင်ရိပ်အဘွားအတွက် လက်ဆောင်အချို့ ပြန်ပါးလိုက်သည်။ မှူး အိမ်ရှေ့ပြန်ထွက်လာတော့ ယမင်က မှူးကို အမြင်ကတ်စွာ ကြည့်နေ၏။
"ဟိုဆရာဟောတဲ့ဗေဒင် တကယ်မှန်တာပဲ၊ မြေကြီးကို လက်ခတ်ရင်တောင် လွဲဦးမယ်၊ နင်တကယ်ပဲ တခြားသူရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးပစ်လိုက်ပြီမှူး၊ သွင်ရိပ်လေး သနားပါတယ်၊ သူ့ခမျာ ဘာအပြစ်မှမရှိဘဲ နင်တို့ချစ်သူနှစ်ဦးကြား မြေဇာပင်ဖြစ်ရတယ်၊ နင် သွင်ရိပ်ကို တောင်းပန်သင့်တယ်မှူး”
"ငါက နေ့သစ်ကို ငါခံစားရသလို ပြန်ခံစားစေချင်ရုံပဲ၊ အခု ငါ့ရဲ့အစီအစဥ်အောင်မြင်လို့ ငါကျေနပ်တယ်၊ ငါ သူတို့နဲ့ ထပ်ပတ်သက်စရာအကြောင်းလည်း မရှိဘူး၊ ထပ်မတွေ့ချင်သလို တောင်းပန်စရာမရှိဘူး”
မှူး ယမင်းကို မကျေနပ်စွာ ပြန်ရန်တွေ့လိုက်သည်။ ယမင်းကတော့ မှူး၏မာကျောမှုကို အံ့ဩနေသည်။
"ငါ နင်ရှိနေတာ ပြောလိုက်မလို့ စဉ်းစားသေးတာ၊ နှစ်ယောက်လုံးအနေခက်သွားမှာစိုးလို့မှူးရယ်၊ နင် ဘာသားနဲ့များ ထုဆစ်ထားသလဲ ငါသံသယဝင်လာပြီ၊ အသည်းမာလွန်းတယ်’’
မှူး ဘာမှပြန်မပြောဘဲ စာရွက်စာတမ်းများ ကောက်သိမ်းလိုက်သည်။ မှူးမျက်နှာတည်တင်းနေ၏။
"ငါပြန်တော့မယ်၊ ကျန်နေတဲ့ဟာတွေ အိမ်ရောက်မှ ဆက်လုပ်တော့မယ်၊ စာမူရိုက်ခ မနက်ဖြန်တစ်ခါတည်းယူမယ်''
"နင် မဟုတ်မှ ငါ့ကိုစိတ်ဆိုးသွားတာလားမှူး၊ ဒီတိုင်းလေးပဲ ပြောလိုက်တာပါသူငယ်ချင်းရယ်'
ယမင်းက မှူးရှေ့မှ လက်ကာပြီး မချိုမချဥ်မျက်နှာဖြင့် ပြောလာသည်။ မှူး ယမင်းကို မျက်စောင်းထိုး၍ အိမ်ထဲမှ ထွက်လာခဲ့တော့သည်။
~
ညနေခင်းသည် သိပ်လှ၏။ အပြာရောင်ကောင်းကင်၌ နေဝင်တော့မည့် ရောင်နီဝန်းဝန်းသည် ပတ္တမြားရောင်သမ်းကာ ဆည်းဆာအလှအားဖြည့်နေ၏။ ရပ်ကွက်ရှိ လမ်းထဲ၌ ခွေးကလေးခေါ်ကာ လမ်းလျှောက်နေသူများရှိကာ လေ့ကျင့်ခန်းလုပ်နေသည့် သက်ကြီးရွယ်အိုအချို့လည်း တွေ့ရသည်။ ခြံထဲ၌ ကြက်တောင်ရိုက်နေကြသည့် မောင်နှမတစ်စုကိုလည်း တွေ့ရပြီး အိမ်ပြန်နေသော လူအချို့လည်း မြင်ရ၏။ ဆိုက်ကားတစ်စီးမှာ သွင်ရိပ်၏စက်ဘီးဘေးမှ ဖြတ်မောင်းသွားသည်။ သွင်ရိပ် အေးအေးလူလူ စက်ဘီးနင်းရင်း လမ်းတလျှောက် မြင်သမျှ ခံစားလာသည်။ အရာရာမှာ ညနေခင်းအမှတ်တရအငွေ့အသက်များရနေ၏။
သွင်ရိပ် စက်ဘီးကို ရပ်ကွက်ဆေးဆိုင်ရှေ့၌ ရပ်လိုက်သည်။
ကိုကိုထွက်သွားသည့်နောက်ပိုင်း သွင်ရိပ် ဘွားဘွားအနား၌ လာနေသည်မှာများ၏။ မေမေတို့က သွင်ရိပ်လာလျှင် သိပ်မကြိုက်သော်လည်း အရင်လို ခါးခါးသီးသီးမဟုတ်။ လာလည်ခွင့်တော့ ပေးထားသည်။ ဘွားဘွား၏ကျန်းမာရေးမှာလည်း ပိုချူချာလာ၏။ ဤနေ့လည်း သွင်ရိပ် ဘွားဘွားဆီလာရင်း ဘွားဘွား၏ဆေးများကုန်နေသဖြင့် ဝယ်ရန် ရပ်ကွက်ဆေးဆိုင်သို့ ထွက်လာသည်။ မမမှူးတိုက်ခန်းသည် ဤရပ်ကွက်၌ ဖြစ်သည်မို့ ဟိုတစ်ချိန်က သွင်ရိပ်တို့ ၎င်းရပ်ကွက်လမ်းများ၌ ဆုံခဲ့ကြသည်။ အမှတ်တရညနေခင်းများဖြစ်ခဲ့သည်။ မမမှူးကတော့ အမှတ်တရရှိနေပါ့မလားမသိပါ။
စက်ဘီးရပ်၍ ယူလာသည့် ဆေးဘူးခွံများကို စက်ဘီရှေ့ခြင်းမှ ထုတ်ကာ ဆေးဆိုင်ထဲ ပြေးဝင်လာသည်။ ဆေးဘူးခွံများပြတော့ ဆိုင်ရှင်က ဆိုင်ထဲ ရှာဖွေရင်း ယူပေးနေ၏။ သွင်ရိပ်ရပ်စောင့်နေမိသည်။
"ကျွန်မကို သွေးတိုးကျဆေး အမြန်ရောင်းပေးပါလား၊ အုန်းနို့ခေါက်ဆွဲစားလိုက်တာ ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မဲ့အတိုင်းပဲ၊ သွေးတက်နေလို့”
အသံလာရာဘက်သို့ သွင်ရိပ် လှမ်းကြည့်လိုက်သည်။ မမမှူးခေါင်းမူးနေပုံရ၏။ သွေးတိုးတက်နေ၍ မျက်နှာသည် နီအမ်းနေသည်။ ဆေးရောင်းသည့်အစ်မသည် သွင်ရိပ်၏ဆေးဘူးများ ခဏထား၍ မမမှူးကို သွေးတိုးကျဆေး ဦးစွာရောင်းပေးနေသည်။ မမက နားထင်ကို ဖိနှိပ်ရင်း သွင်ရိပ်ဘက်လှည့်လာသဖြင့် သွင်ရိပ်ပြုံးပြလိုက်သည်။ မမက သွင်ရိပ်ကို စိမ်းသက်စွာ ရှုတည်တည်ကြည့်၍ ပြန်လှည့်သွားလေသည်။ မမ ဆေးဝယ်ကာ လှည့်ထွက်သွားတော့ သွင်ရိပ် ဆေးဆိုင်ထဲမှ ပြေးထွက်ကြည့်မိသည်။ ကျောခိုင်းထွက်သွားသော မမကျောပြင်လေးကို ငေးရင်း မျက်ရည်ကျလာ၏။
မဆုံသောလမ်း မင်းက ရွေးချယ်သွားပြီး ကျန်နေသူက အရူးမီး မင်း လှည့်ကြည့်ဦး×××
မဆုံချင်ဘူး အလွမ်းနဲ့ မင်းဘဝအတွက် ချန်ခဲ့ မဆုံသောလမ်း×××
ဇော်ပိုင်၏မဆုံသောလမ်းသီချင်းမှာ အမှတ်တရညနေခင်း၌ လမ်းထဲ ခပ်ငြိမ့်ငြိမ့်လေး ပျံ့လွင့်လာသည်။ သွင်ရိပ်၏ညနေခင်းမှာ မျက်ရည်တစမ်းစမ်းဖြင့် ပိုအသက်ဝင်သွားသည်။
မမရယ်၊ အခုတော့သူစိမ်းတွေလိုပါပဲလား။ ညီမလေးလိုတောင် သဘောမထားပေးနိုင်ဘူးလား။ အစကတည်းက သွင်ရိပ်ကို မုန်းနေခဲ့တာလား။ မမလုပ်ခဲ့တာတွေအားလုံးက ကိုကို့ကြောင့်ပဲလား။
~
ပြတင်းပေါက်၌ မှေးတင်၍ အပြင်ဘက်သို့ သွင်ရိပ်ငေးနေမိသည်။ ခြံရှေ့မှ ကားဖြတ်သွားလျှင် ဟွန်းသံကြားရလျှင် ကိုကိုများလားဟု ထကြည့်ရသည်မှာအမောပေ။ တိုက်ပုလေးက တိတ်ဆိတ်နေ၏။ မြင်သမျှနေရာတိုင်းသည် ကိုကိုနှင့် အမှတ်တရများ မြင်ယောင်စေသည်။ ကိုကို၏စနောက်ရယ်မောသံမှာ လွမ်းစရာကောင်း၏။ ကိုကိုမရှိသည့် ဤအိမ်လေးသည် ခြောက်ကပ်ကာ သွင်ရိပ်ကို တရိပ်ရိပ် အထီးကျန်စေ၏။ ဤအိမ်တွင် ကိုကို့ရယ်သံများအစား သွင်ရိပ်ငိုသံသာ နေ့တိုင်းလိုလို ကြီးစိုးနေ၏။
အဲဒီနေ့တည်းက ကိုကိုထွက်သွားလိုက်တာ အခုထိ ပြန်မလာခဲ့။ သွင်ရိပ်ကို ခွင့်မလွတ်နိုင်လောက်အောင် မျက်နှာမမြင်ချင်တော့လောက်အောင် မုန်းတီးနာကြည်းသွားတယ်ထင်ပါတယ်။ ကိုကိုထင်တာတွေက အမှန်မဟုတ်ဘူး။ သွင်ရိပ်တို့က ဖြူစင်ကြတယ်လို့တောင် ဘာတစ်ခုမရှင်းပြခဲ့ရဘူး။ ကိုကိုနှင့်မမမှူး ပြန်ပေါင်းထုတ်မယ်ဆိုရင်တောင် သွင်ရိပ်က နောက်ဆုတ်ပြီး လက်ခံပေးမဲ့သူပါ။ ကိုကိုရယ် ပြန်လာပါတော့နော်။ သွင်ရိပ်မျှော်နေတယ်။
ခြံရှေ့၌ ကားတစ်စီး ဟွန်းတီးလာသဖြင့် သွင်ရိပ်မျက်ရည်ကပျာကယာသုတ်ကာ အိမ်ထဲမှ ထွက်လာသည်။ ကိုကို့ကားလည်းမဟုတ်ပါ။ ကားပေါ်မှ တိုက်ပုံအနက်ရောင်ဝတ်ထားသည့် လူကြီးတစ်ဦးဆင်းလာသည်။ လက်ထဲ၌ အနက်ရောင်ဆွဲအိတ်တစ်လုံးကို ဆွဲထားသည်။ ဤလူကြီးသည် ကိုကိုနှင့်သွင်ရိပ်လက်ထပ်ရန် တရားရုံး၌ လက်မှတ်ထိုးစဥ်က ကူညီပေးခဲ့သည့် ရှေ့နေဖြစ်သည်။
“အိမ်မှာ ကိုကိုမရှိဘူးရှေ့နေကြီး၊ ဘာကိစ္စများရှိလို့လဲဟင်”
သွင်ရိပ် ခြံတံခါးဖွင့်ပေးရင်း မေးတော့ ထိုလူကြီးက ပင့်သက်ရှိုက်သည်။
“အန်ကယ့်ကို နေ့သစ်လွတ်လိုက်တာပါ”
“ရှင်! ဟုတ်ကဲ့၊ ရှေ့နေကြီး အိမ်ထဲကို ကြွပါရှင့်''
သွင်ရိပ် ရှေ့နေကြီးကို ဧည့်ခန်း၌ ထိုင်စေကာ ကော်ဖီနှင့်မုန့် ဧည့်ခံလိုက်သည်။ သွင်ရိပ်စိတ်လောနေ၏။
"ကိုကိုက ဘယ်မှာလဲဟင်၊ ဘယ်တော့ပြန်လာမယ်လို့ပြောလဲ၊ ရှေ့နေကြီး သွင်ရိပ်ကို ပြောပြပါနော်''
ရှေ့နေကြီးက ခေါင်းတခါခါဖြင့် သက်ပြင်းးချသည်။ သူ့အိတ်ထဲမှ စာရွက်စာတမ်းများ ယူထုတ်နေသည်။
“မောင်နေ့သစ်က ဒါလေး သမီးကို ပေးခိုင်းလိုက်တယ်''
ရှေ့နေကြီးကမ်းပေးသည့်စာရွက်ကို မရဲတရဲလှမ်းယူပြီး ခေါင်းစဉ်ဖတ်လိုက်တော့ ရင်ထဲ၌ နစ်ခနဲဖြစ်သွားရသည်။ ကွာရှင်းစာချုပ်၌ ကိုကို့လက်မှတ်မှာ ထိုးပြီးသားဖြစ်နေတော့ ပိုရင်နာ၏။
ကွာရှင်းစာချုပ်။ ကိုကိုက တကယ်ပဲ သွင်ရိပ်နဲ့ ကွာရှင်းချင်တာတဲ့လား။ သွင်ရိပ်ကို တကယ်ပဲ အခွင့်အရေးလေးတောင် မပေးတော့ဘူးလား။
"ဒီအိမ်နဲ့ခြံကို သမီးလေးကို ပေးဖို့ စာရွက်ထဲမှာပါတယ်၊ သေချာဖတ်ကြည့်ပြီး လက်မှတ်ထိုးပေးဖို့ပါပဲ”
သွင်ရိပ် သေချာတစ်လုံးချင်းဖတ်ကြည့်၍ ငိုချင်စိတ်ထိန်းထားရသည်။
"တကယ်ပဲ ကိုကို့ဆန္ဒအမှန်လား”
"ဟုတ်ပါတယ်သမီး”
ကြွေကျလာသည့်မျက်ရည်တွေကို ဖယ်သုတ်လိုက်ပြီး သွင်ရိပ်သက်ပြင်းရှည်ဆွဲချမိသည်။ ရှေ့နေကြီးကမ်းပေးသည့်ဘောပင်ယူပြီး ကွာရှင်းစာချုပ်ကို စားပွဲပေါ်ချ၍ ပိုင်ဆိုင်မှု လွဲပြောင်းပေးမယ်ဆိုသည့်စာကြောင်းကို ဘောပင်နှင့် ခြစ်ပစ်လိုက်သည်။ ရှေ့နေကြီးက သွင်ရိပ်ကို နားမလည်နိုင်စွာ ကြည့်တော့ မျက်ရည်ကြားမှ ပြုံးပြလိုက်သည်။
"လက်ထပ်ထားတယ်ဆိုပြီး သွင်ရိပ်ကို ဘာမှပေးစရာမလိုပါဘူး၊ ကိုကိုက သွင်ရိပ် ဒုက္ခရောက်နေချိန်မှာ ကယ်တင်ပေးခဲ့တဲ့ သွင်ရိပ်ကျေးဇူးရှင်ပါ၊ ကိုကို့အရိပ်ကို ခတ္တခိုလှုံခွင့်ပေးလို့ ကျေးဇူးတင်ရပါတယ်”
သွင်ရိပ်ကွာရှင်းစာချုပ်ကို အတန်ကြာစိုက်ကြည့်နေမိသည်။ ဘောပင်ကိုင်ထားသည့်လက်သည် အနည်းငယ်တုန်ချင်နေသည်။ လက်မှတ်ထိုးရန် အတန်ကြာ တုံ့ဆိုင်းနေမိ၏။ ဆုံးဖြတ်ချက်မှာ မှန်ကန်ရဲ့လားဆိုတာလည်း မစဉ်းစားတတ်တော့ပါ။ သွင်ရိပ် စိတ်လျှော့ချ၍ လက်မှတ်ထိုးကာ ရှေ့နေကြီးကို ပြန်ပေးလိုက်သည်။
“ရှေ့နေကြီး ကိုကို့ကို ဒီတစ်ခုတော့ ပြောပေးပါ၊ ကိုကို့အပေါ်မှာ သွင်ရိပ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး အစ်ကိုလို အမြဲလေးစားချစ်ခင်ခဲ့တယ်ဆိုတာ ဒီတစ်ခုတော့ ဆက်ဆက်ပြောပေးပါ''
"ကောင်းပါပြီကွယ်၊ အန်ကယ်ပြောလိုက်ပါ့မယ်၊ ဒါဖြင့်ရင် အန်ကယ်ကို ပြန်ခွင့်ပြုပါဦး''
ရှေ့နေကြီးကို အပြင်ထိ လိုက်မပို့ပေးနိုင်တော့ဘဲ တစ်ဦးတည်း နာကျင်စွာ ငိုကျန်ခဲ့သည်။
သစ္စာဖောက်လို့ အထင်ခံရပြီး ကွာရှင်းခံရတာက အရမ်းကို နာကျင်ဖို့ကောင်းတယ်။ သွင်ရိပ်တို့က တကယ့်လင်မယားအစစ်တွေ မဟုတ်လို့ တစ်နေ့ ကွာရှင်းရမယ်ဆိုရင်တောင် ဒီလိုပုံစံမျိုးနဲ့ မဟုတ်ဘူး။
ရှင်းပြချင်ခဲ့တာ ဘယ်တုန်းကမှ သစ္စာမပျက်ခဲ့ပါဘူးလို့။ တောင်းပန်ချင်ခဲ့တာ တခြားတစ်ယောက်ကို နှလုံးသားက ရွေးချယ်ခဲ့မိလို့။ အမြဲတမ်းကျေးဇူးတင်နေခဲ့တာ အားငယ်ချိန်တိုင်း ဖေးမနစ်သိမ့်ပေးခဲ့လို့။
===
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now