ချင်းတွင်းသက်သေ

1K 41 1
                                    

ဗလငါးတန်ရှိတဲ့အနက် မိတ္တဗလဆိုတဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာလည်း ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ လိုအပ်တဲ့အရာတစ်ခုပေလော။ကျွန်တော့်ရဲ့ဘဝမှာလည်း မိတ်ဆွေတွေ၊သူငယ်ချင်းတွေရှိခဲ့ပါတယ်။အဲ့ဒီ မိတ်ဆွေသူငယ်ချင်းတွေထဲမှာမှ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်စွဲထင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ကျွန်တော်ကသူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတော့မဖြစ်ခဲ့ပါဘူး။ဘာလို့ဆို.....။

ခရစ်နှစ် ၂၀၀၉ ခုနှစ်.....

အစိုးရဝန်ထမ်းဖြစ်တဲ့ ဖေဖေ့ကြောင့် ကျွန်တော်တို့မိသားစု အမြဲလိုလိုနယ်ပြောင်းရွှေ့ရလေ့ရှိတယ်။‌ဒီတစ်ခါပြောင်းရွှေ့မှုကိုတော့ ကျွန်တော်မလိုလားခဲ့မိဘူး။တတိယတန်းတောင်ဖြေဆိုပြီးလို့ ယခုနှစ်ကျောင်းဖွင့်လျှင် စတုတ္ထတန်းသို့ တက်ရောက်ရတော့မည့် ကျွန်တော့်အတွက် သူငယ်ချင်းတွေဆုံးရှုံးရ‌မယ်။သူငယ်ချင်းအသစ်တွေပြန်လည်မိတ်ဖွဲ့ရမယ်။ပတ်ဝန်းကျင်အသစ်၊ကျောင်းအသစ်မှာ ယောင်လည်လည်နဲ့မျက်နှာငယ်ရမည့်အဖြစ်ပဲလေ။

သို့ပေသည့် ဒီအသက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ စကားတွေက ဘယ်အသုံးဝင်ပါ့မလဲ။ဒါကြောင့် ကျွန်တော့်မိဘတွေပြောင်းရွှေ့ရာကို လိုက်ပါခဲ့ရတော့တာပေါ့။ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့ရသည်ကား.....စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊အလုံမြို့သို့ပင်...

မြန်မာလူမျိုးတို့ရဲ့ စိတ်စေတနာအတိုင်း ကျွန်တော်တို့ပြောင်းရွှေ့လာတဲ့ အိမ်သို့ လာရောက်ကူညီပေးခဲ့သော အန်တီကြီးသည် သိပ်ကိုဖော်ရွေပြီး စိတ်နှလုံးသားလေးလည်းလှသည်ဆိုတာကို သူမရဲ့အပြုံးတွေက ဖော်ပြလို့နေသည်။နောက်...အန်တီကြီးရဲ့ ကျောဘက်၌ ကောင်လေးတစ်ယောက်ကိုလည်းတွေ့ရသည်။အသားဖြူဖြူ၊မျက်လုံးဝိုင်းဝိုင်းလေးနှင့်ထိုအကောင်ပေါက်လေးသည် ယောက်ျားလေးဆိုတာ အစက ကျွန်တော်မယုံနိုင်ခဲ့ဘူး။သို့သော် အန်တီကြီးရဲ့ မိတ်ဆက်‌ပေးမှုကြောင့်သာ ယောက်ျားလေးဟု ယုံလိုက်ရသည်။ထိုကောင်လေးက ကျွန်တော်နဲ့ ရွယ်တူတဲ့။ကျွန်တော့်လိုပဲ စတုတ္ထတန်းကို တက်ရောက်ရမှာတဲ့လေ။ဒါပေမယ့် ကျွန်တော်နဲ့တော့ လူကောင်ချင်း အတော်ကွာတယ်ဗျ။၁၀နှစ်သားအရွယ်ကျွန်တော်ကပဲ ထွားနေသလား၊သူကပဲသေးနေသလား မတွေးတတ်တော့ပါဘူး။

ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ(ချင်းတွင်းသက်သေနှင့်အခြားဝတ္ထုတိုများ)Where stories live. Discover now