မောင့်ကို သယ်ဆောင်လာသော အနက်ရောင်ပြိုင်ကားသည် အဆင့်မြင့်ကွန်ဒိုတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့သည်။ မောင်သည် လက်ရှိအခြေအနေကို သုံးသပ်နိုင်စွမ်းကင်းမဲ့လျက် ကားပေါ်တွင် ခွေခွေခေါက်ခေါက်ပါလာရမှ ရုတ်တရက် ထိုးရပ်သောကားကြောင့် နဖူးနှင့် ဒက်ရှ်ဘုတ်ကို ဆောင့်မိလေသည်။
" ဆင်းတော့ မြတ်သောမောင် "
မောင့်ဘေးက ကားတံခါးပွင့်သွားပြီး ရိုင်းသည် ထိုတံခါးကို ကိုင်ထားသည်။ မောင့်မျက်စိရှေ့တွင် မြင်ရသော ရိုင်းသည် ခန္ဓာကိုယ် နှစ်ကိုယ်ခွဲဖြစ်လို့နေသည်။ မောင်သည် ကိုယ်တွင်ပတ်ထားသော ခါးပတ်ကို ချွတ်၏။ မောင့်လက်တွေကပဲ အားမရှိသလား။ ခါးပတ်ကပင် ကြပ်နေသလား မပြောတတ်။ ထိုခါးပတ်ကို ချွတ်၍မရ ဖြစ်လို့နေသည်။
" မင်းလက်ကို ဖယ်လိုက် "
ရိုင်းသည် မောင့်လုပ်ဟန်ကို စိတ်မရှည်၍ သူကိုယ်တိုင် ခါးပတ်ကို ချွတ်ပေးရန် ကားထဲသို့ ခေါင်းငုံ့ဝင်လာလေသည်။ နီးကပ်သွားသော ရိုင်း၏ဦးခေါင်းထံမှ ရှန်ပူနံ့သင်းသင်းကို ရ၏။ ထို့ပြင် ယောက်ျားဆန်သော ရေမွှေးနံ့သည် သူ့နှာဖျားဝကို လာကျီစယ်သည်။ ' ချောက် ' ဆိုသောအသံနှင့်အတူ ခါးပတ် ပြုတ်သွားသည်။
မောင်သည် မြေကြီးပေါ်သို့ ခြေချလိုက်သည်။ မတ်မတ်ရပ်လိုက်သည်နှင့် မောင့်ကိုယ်သည် ကားကိုယ်ထည်ပေါ် ယိုင်နဲ့ပစ်ချသွားတော့သည်။
" ဖယ် .. ဖယ် ရတယ်။ ခင်ဗျား တွဲစရာမလိုဘူး "
မောင်သည် ကမ်းလှမ်းလာသော ရိုင်းလက်တစ်ဖက်ကို ပုတ်ထုတ်လိုက်မိ၏။ အဝင်ဝက လုံခြုံရေးဦးလေးကြီးတွေကို ပြုံးပြလျက် ဓာတ်လှေကားဆီသို့ ယိုင်တိုင်တိုင် လျှောက်တော့သည်။
ဓာတ်လှေကားထဲတွင် စီးနင်းသူသည် မောင်နှင့် ရိုင်း နှစ်ယောက်သာ ရှိ၏။ ဦးခေါင်းက တဆစ်ဆစ်ထိုးကိုက်လာသည်မို့ မောင်သည် ဓာတ်လှေကားနံရံကို မှီထားလေသည်။ နံရံတွင် မှီထားသော မောင့်ဦးခေါင်းသည် ရှေ့နောက် ယိုင်ထိုးနေလေသည်။
" ဘာလို့ နံရံကြီးကို အတင်းမှီနေတာလဲ "
" မှီချင်လိုမှီတာဗျာ။ ခင်ဗျားကို ....ထိခိုက်တာလဲမဟုတ်ပဲ .... ဘာလို့ လိုက်ပြောနေရတာလဲ "
BẠN ĐANG ĐỌC
ချစ်ခြင်းဋီကာ
Lãng mạnကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။