|| ချစ်ခြင်းမေတ္တာကို သူ မယုံကြည်ဘူး
ဒါပေမဲ့ အဲ့ဒီမျက်လုံးအိမ်တွေထဲမှာတော့
တသက်လုံး ပုန်းခိုနေချင်တယ် ||ဒီနေ့တော့ ထိုကောင်လေးကို မြင်ချင်လို့ ၃ နှစ်ကြာ ဝေးကွာနေသော ကျောင်းအရိပ်ကို ပြန်လည် ခြေချမိသည်။ သူငယ်ချင်းတယောက်နဲ့ အတူ ကျောင်းဆောင်ရဲ့ လှေကားထစ်တွေကို နင်းလာကတည်းက မောင့်ကို သူ လှမ်းမြင်နေတာဖြစ်သည်။ ထို့နောက် ဌာနက ဆရာတစ်ယောက်နဲ့တွေ့လို့ စကားလက်ဆုံကျနေတုန်း ဘယ်ပျောက်သွားမှန်းမသိ။ အတူတွဲလာတဲ့ ကောင်လေးတယောက်ပဲ ထွက်လာသောကြောင့် တနေရာရာမှာ သွားပုန်းနေမှန်း သူ ရိပ်စားမိလိုက်ပါတယ်။ ဒါကြောင့် ကားကို တခြားနေရာမှာ သွားရပ်ပြီး ထပ်စောင့်နေလိုက်တာ။ ထင်တဲ့အတိုင်း သူ သွားပြီအထင်နဲ့ ကျောင်းဝန်းအပြင်ကို ကုတ်ချောင်းချောင်း ထွက်လာတယ်။
" ခင်ဗျားက ဒီမှာ ဘာလာလုပ်တာလဲ "
သူ့ကို မြင်တော့ ပထမဆုံးသောနှုတ်ဆက်သံက ဘောက်ဆတ်ဆတ်။ မသိရင် ရိုင်းက သူ့ကိုယ်ပိုင်နယ်မြေပေါ် ကျူးကျော်လို့ စိန်ခေါ်နေသလို။
" မင်းဆီကိုလေ။ စာမေးပွဲ ဖြေနိုင်ခဲ့လား "
ပထမနှစ်ဝက်စာမေးပွဲ ဖြေခွင့်ရဖို့အတွက် ရိုင်းသည် ပါချုပ်ကြီးကို မနည်း အပူကပ်ထားရတာဖြစ်သည်။ ဒါတောင် ကျေးဇူးတင်စကားပြောဖော်မရပဲ မဖိတ်ခေါ်သလိုမျက်ဝန်းတွေကြောင့် ရင်ထဲမှာ အောင့်သက်သက်ရယ်။
" အောင်တယ်လေ။ အဲ့ဒီအကြောင်း မေးချင်လို့လား "
" ကျေးဇူးမတင်ချင်ဘူးလား "
" ဘာရယ် ... ကျွန်တော် စာမေးပွဲလွတ်သွားတာ ဘယ်သူတွေကြောင့်လဲ "
ဟုတ်သား။ စာမေးပွဲဖြေခွင့်မပေးတဲ့သူက သူကိုယ်တိုင်ပဲလေ။ မောင့်ဘက်က သူ့ကို အမြင်မကြည့်တာ အပြစ်တော့မဆိုသာပါဘူး။
" ထားပါတော့။ ဒါပေမဲ့ ပြန်သွားတာတော့ ပြောသင့်တယ် မဟုတ်ဘူးလား "
နှုတ်ဆက်ဖော်တောင်မရဘဲ သစ်စိမ်းချိုးချိုးသွားသော ကောင်လေးကို သူ နည်းနည်းတော့ ဒေါသထွက်ချင်သည်။ အဲ့ဒီနေ့ က မနက် ၄ နာရီထိုးသည်ထိ အဖျားရှိန်နဲ့ တအီအီညည်းနေတဲ့မောင့်ကို စောင့်ကြည့်ပေးခဲ့လို့ သူပါ အဖျားကူးသွားရသည်။
BẠN ĐANG ĐỌC
ချစ်ခြင်းဋီကာ
Lãng mạnကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။