၂၀၁၈ ၊ ဒီဇင်ဘာ ၊ ၃၀
မျက်စိရှေ့က ၂ ထပ်ခွဲ တိုက်ကြီးကို မြတ်သောမောင် စိတ်လှုပ်ရှားစွာ ငေးကြည့်နေမိသည်။ ကနုတ်ပန်းတွေ ဖော်ထွင်းထားသည့် ကျွန်းတိုင်လုံးကြီးများနှင့် မှန်သားကြည်ကြည်များကာရံထားသော အဖြူရောင်ခြယ် အဆောက်အအုံကြီးသည် နန်းတော်ကြီးတမျှ ခမ်းနားကြီးကျယ်လှသည်။ ယင်းအဆောက်အအုံ၏ ဟန်ပန်သည် တော်ရုံလူဆို ခြေဦးပင်မလှည့်ရဲလောက်အောင် အရှိန်အဝါလည်း ရှိပေသည်။ ဒီဇိုင်းထုတ်ပြီး စာရွက်ပေါ်မှာ ကြည့်ရတုန်းကထက်ပိုပြီး လှပကြွရွနေသည်။ ဤအဆောက်အအုံသည် ရိုင်းဆိုသည့်လူက သူတို့အား စိတ်ကြိုက် ဒီဇိုင်းဆွဲခိုင်းပြီး တည်ဆောက်ထားသော အနုပညာလည်း ဖြစ်သည်။
" ဝင်ကြစို့ဟေ့ "
ကိုဦးက ဆော်ဩလိုက်သည်နှင့် သူတို့အသီးသီး ကားပေါ်မှ ဆင်းလိုက်ကြသည်။ ကိုဦးရယ်၊ သူရယ်၊ ရဝေရယ်၊ ယမင်းရယ်။
ဖွင့်ပွဲနေ့ဖြစ်သည်ကြောင့် ကားပါကင်နေရာတွင် မော်ဒန်မြင့်ကားတွေက ပြည့်ကြပ်စွာနေရာယူထားသည်။ လူကုံထံအသိုင်းအဝိုင်းသာ လာရောက်ကြသည်မို့ အပြင်အဆင်တို့ကလည်း အပြိုင်အဆိုင် ခြယ်သထားကြသည်။ လက်ဝတ်ရတနာ အဆန်းအပြားများသည် မီးရောင်ဖြူဖြူအောက်ဝယ် ပျိုးပြက်စွာ လင်းလက်နေကြသည်။
မှန်ကောင်တာထဲတွင် ခင်းကျင်းထားသော စိန်ပွင့်များသည်လည်း ပွဲလာသူတို့ ဆင်မြန်းထားသော ရတနာတွေနှင့်အပြိုင် ဖိတ်ဖိတ်လက်နေကြသည်။ ဆယ်ဂဏန်းမှ ထောင်ဂဏန်းနီးပါ ရတနာတွေကို အလကားပေးသည့်အတိုင်း ဝယ်ယူနေကြသော ဈေးဝယ်များကို ကြည့်ရင်း မောင် အံဩမင်သက်မိသည်။
ပွဲ၏အဓိက ဇာတ်လိုက်ရှင်၏ ဘေးတွင်လည်း လူများစွာ ဝိုင်းဝိုင်းလည်နေကြသည်။ စီးပွားရေးသမားတွေ၊ သမက်ဖမ်းချင်သော အမျိုးသမီးကြီးတွေနှင့် ခင်ပွန်းတော်ယူချင်သော မိန်းမလှလေးတွေ။ တသုတ်ပြီးတသုတ် သူထက်ငါ ဦးအောင် ထိုလူ၏ နဘေးတွေ နေရာယူနေကြသည်။ ထိုလူသည် ရိုးရာမပျက် စတိုင်ဘောင်းဘီအနက်နှင့် ရှပ်အင်္ကျီလက်ရှည်အနက်ကို တံတောင်ဆစ်အထိ ပင့်တင်ထားသည်။ အင်္ကျီ၏ ရင်ဘတ်တွင် အဖြူရောင် ဒေါင်လိုက်မျဉ်း သုံးကြောင်းဆွဲထားပြီး အပေါ်ဆုံးကြယ်သီးကို ရွှေကြယ်သီးကြိုးတပ်ဆင်ထားသော ထိုလူသည် လူအများကြားတွင် ထင်းနေပေသည်။
ESTÁS LEYENDO
ချစ်ခြင်းဋီကာ
Romanceကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။