နိဒါန်း

1.1K 28 0
                                    

ကြမ်းပြင်ပေါ်သို့ တစက်ချင်းစီးကျနေသော သွေးစက်များ။

ဓားရိုးကို ဆုတ်ကိုင်ထားတဲ့ သူ့လက်တွေက တစုံတဦးရဲ့သွေးတို့ဖြင့် စွေးစွေးနီနေခဲ့ပါသည်။

မှောင်မဲနေသော မဟူရာဝန်းကျင်အား လင်းအားပေးနေသည်က မျက်နှာကျက်က အဝါရောင်မီးသီးဝါကျင့်ကျင့်ကလေးသာ။

ဘုရား ... ဘုရား ... ငါဘယ်နေရာကိုရောက်နေခဲ့တာပါလိမ့်။ ဘာကြောင့် ငါ့လက်ဖဝါးနှစ်ဖက်စလုံးမှာ သွေးစက်တွေပေနေခဲ့ရပါလိမ့်။

စိုးရိမ်ကြောက်လန့်သည့်စိတ်က အခြေအနေအားလုံးကို လျှင်မြန်စွာသဘောပေါက်စေရန် ဦးနှောက်အား မြန်မြန်အလုပ်ပေးရသည်။ စက္ခုအာရုံမှမြင်ရသမျှ သုံးသပ်ရမယ်ဆိုရင်ဖြင့် ဂိုဒေါင်ဟောင်းတခုအတွင်းမှာ ဖြစ်သည်။ ဆီပေပါပုံးတွေက ဂိုဒေါင်စွန်းတစ်ခုမှာကပ်ထားပြီး ညာဘက်ထောင့်တွင် ဖုန်တက်နေသော စားပွဲတစ်လုံးရှိသည်။

' အား .... ကျွတ် ... '

ညည်းသံသဲ့သဲ့ကြောင့် လူက ဆတ်ခနဲဖြစ်သည်။ အသံလာရာသို့ ကြည့်လိုက်စဉ် ကြမ်းပြင်တွင် လှဲနေသော လူတစ်ယောက်ကိုတွေ့၏။ မချိမဆန့် ဝေဒနာ ခံစားနေရသည့်ဟန်။ ထိုလူဝတ်ထားသည့်အဖြူရောင်ရှပ်အင်္ကျီက သွေးများဖြင့် စိုစွတ်နေသည်။ ခြေထောက်များက ထိုလူရှိရာသို့ အလိုအလျောက် လျှောက်သွားလိုက်မိသည်။ ထိုလူက ဒဏ်ရာကို လက်ဖြင့်အုပ်ထားရင် သူ့အား တစ်စုံတရာ လှမ်းပြောနေသည်။ သို့သော် သူမကြားရ။

သူ့ခေါင်းထဲတွင် ဒီလူကို ငါ သတ်လိုက်မိတာလားဟုသာ အဖန်ဖန် တွေးနေမိသည်။ လူတစ်ယောက်အား ဓားနဲ့ထိုးဖို့မဆိုထားနှင့် တုတ်နှင့်ပင် မရွယ်ရဲသော သူလိုလူက အဘယ်ကြောင့် ယင်းကဲ့သို့ ကြီးလေးသော ရာဇဝတ်မှုကို ကျူးလွန်ရမည်နည်း။ သူ မဖြစ်နိုင်။ မိမိဘာသာ လျှောက်လွဲချက်တွေပေးရင် ထိုလူ့ နံဘေးသို့ ဒူးထောက်မိသည်။

ထိုလူက သူ့အား တတွတ်တွတ်ပြောနေတုန်းပင်ဖြစ်သည်။ ပြောသံအား နားစိုက်ထောင်သော်လည်း သူ့နားထဲတွင် လေတိုးသံကဲ့သို့ တဝီဝီမြည်သံသာ ကြားရသည်။ ထိုလူက ခေါင်းခါပြရင်း သူ့ကိုယ်အား အဝေးသို့ တွန်းပို့နေသည်။ သူ့ကို ဒီနေရာကနေ ထွက်သွားခိုင်းနေတာလား။

ချစ်ခြင်းဋီကာDonde viven las historias. Descúbrelo ahora