ep3

1.2K 207 5
                                    

တိမ်ညို သူ့ကို ရေသန့်တစ်ဗူးကမ်းပေးလာသည် ။ သူလည်း အတော်လေးအာညောင်းလာတာနဲ့ ထိုရေသန့်ဗူးကို ဖွင့်ကာ တစ်ကြိုက်တည်း သောက်ပစ်လိုက်၏ ။ သူတို့စီးလာသော ကားကလေးကတော့ အမြန်လမ်းမကြီးပေါ်မှာ အရှိန်ကောင်းလျှက် ။ တိမ်ညိုသည် အသံတိုးထားတဲ့ ရေဒီယိုလေးကို ပိတ်ပစ်လိုက်ပြီး အသွေးသစ်ကို လှမ်းကြည့်လိုက်သည် ။

" ဒါဆို ခများရဲ့အချစ်ဦးက ထားထားရီဆိုတဲ့ မိန်းကလေးလား "

သူကဆိုတော့ အသွေးသစ်က သဘောကျသွားသလို ရယ်ပါတော့သည် ။ သူ့ကိုတော့ ပြန်မကြည့်လာပါ ၊ ရှေ့က လမ်းမဆီကိုသာ အကြည့်ပို့ရင်း သူ တီးတိုးဆိုလိုက်သည် ။

" ကျွန်တော် သဘောကျတယ်ဆိုတဲ့ ကျွန်တော့်ရဲ့အချစ်ဦးက ကျွန်တော့်သူငယ်ချင်းပါ ၊ မိသားစုရဲ့ဂုဏ်သိက္ခာကို မြောင်းထဲရောက်အောင်လုပ်တယ် ၊ မိဘမျက်နှာကို အိုးမဲသုတ်တယ်ဆိုတဲ့စကားအတိုင်း ကျွန်တော်ချစ်ခဲ့မိတာ သူ့ကိုပါ ။ ပတ်ဝန်းကျင်က သွားပုတ်လေလွင့်ပြောခဲ့တာ မဟုတ်ဘူး ။ ကျွန်တော့်ကိုယ်ကျွန်တော်မသိခင် ပတ်ဝန်းကျင်က ကျွန်တော့်စိတ်ကို အရင်သိသွားခဲ့တာ "

နှစ်ဦးလုံး ခေတ္တတိတ်ဆိတ်သွားပြန်၏ ။ တိမ်ညိုလည်း ဘာမှထပ်မမေးလာခဲ့ ။ အသွေးသစ်စိတ်ထဲ တိမ်ညိုသူ့ကိုများ တစ်မျိုးမြင်သွားလားဟု စိုးရိမ်မိပြန်၍ ၎င်းကိုတောင် မကြည့်မိအောင်နေခဲ့သည် ။ သို့သော် တစ်နေရာကိုရောက်တော့ တိမ်ညိုက ကားကိုအရှိန်လျော့ပြီး သူ့ကိုပြောလာ၏ ။

" ကျွန်တော်တို့ ယာဉ်ရပ်နားစခန်းမှာ ခဏ၀င်နားရအောင် ၊ မနက်က လဖက်ရည်ပဲသောက်လာတော့ ဗိုက်ဆာရောပေါ့ ။ ထမင်းစားရင်းနဲ့ ခင်ဗျားရဲ့အကြောင်းလေးကို ဆက်ရအောင်လေ "

ဒီတစ်ခါတော့ သူတိမ်ညိုကို မျက်လုံးချင်းဆိုင် ပြန်ကြည့်လိုက်မိသည် ။ ဒီလူဟာ တကယ်ပဲ သူ့ကိုနားလည်နိုင်တဲ့သူမျိုးလား ။ နှစ်ပေါင်းများစွာသိမ်းထားခဲ့တဲ့ အရာတစ်ခုကို ယုံယုံကြည်ကြည်နဲ့ဖွင့်ချပေးနိုင်သည်အထိ ဒီလူစိမ်းက သူ့အပေါ်နားလည်ပေးနိုင်လား ။

**********

ဒီရက်ပိုင်း ဝါဆို ကျောင်းကိုပျက်ကွက်တာ နှစ်ရက်တောင်ရှိသွားပြီ။ ခါတိုင်းဆို ဝါဆို ကျောင်းပျက်ရင် သူမသိဘဲမနေ ၊ သူ ဝါဆိုရဲ့အိမ်ကို လိုက်သွားသင့်မသင့် ဆုံးဖြတ်နေတာမလို့ အခုထိတော့ အိပ်ခန်းထဲမှာ ငုတ်တုတ် ထိုင်နေတုန်း ။ မေမေက ထမင်းစားဖို့ လာခေါ်တာတောင် သူ ဗိုက်မဆာဘူးလို့ ညာပြီး အခန်းအောင်းနေလိုက်၏ ။ ဟိုနေ့ကကိစ္စအတွက် ဝါဆိုက သူ့ကို စိတ်ကွက်သွားတာလား ။ အဲ့လိုဖြစ်ရအောင်လည်း သူနဲ့ ဝါဆိုက ထူးခြားတဲ့ပက်သက်မှုလည်း မရှိဘဲနဲ့ ၊ ဒီအတိုင်းသူငယ်ချင်းပဲကို ။

Who are you?Where stories live. Discover now