EP 6

1K 202 5
                                    

" တကယ်ပဲ သူ့ခံစားချက်ကိုရွံ့ရှာခဲ့တာလား "

တိမ်ညိုသည်ကားမောင်းနေရင်း သူ့ဖက်လှည့်ကာမေးလာ၏ ။ သို့သော်အသွေးသစ်သည်ချက်ချင်းပြန်မဖြေဘဲ အပြင်ဖက်ကိုငေးကြည့်ကာ သက်ပြင်းချလိုက်၏ ။

" ကိုယ်မှားသွားခဲ့တယ် ။ ကိုယ်သူ့ကိုရွံ့ရှာခဲ့တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ရွံ့ရှာနေခဲ့တာ သူမရှိတော့မှသိသွားခဲ့တယ် ။ ကိုယ်ဘာကြောင့် အဲ့လောက်ပြင်းထန်တဲ့စကားလုံးတွေကို သုံးခဲ့မိမှန်းမသိဘူး"

" ဒါဆိုရင် သူ့ကိုပြန်တောင်းပန်လိုက်ပေါ့ "

" သူကြားနိုင်ရင် အကြိမ်တစ်ထောင်မက တောင်းပန်မှာပါ "

" ဘာကြောင့်လဲ ၊ ခင်ဗျားတို့ဝေးသွားလို့လား "

" ဟုတ်တယ် ၊ ကိုယ်တို့ဝေးသွားခဲ့တယ် ၊ ထာဝရအတွက် ကိုယ်တို့ဝေးသွားခဲ့ရတယ် "

ထိုအသံတိမ်လေးထဲတွင် သိပ်ကိုဆွေးမြေ့ဖွယ်ရာ ဆွဲငင်အားပါနေ၏ ။ ဘေးလူအနေနဲ့နားထောင်ကြည့်တာတောင် ထိုဇာတ်လမ်းလေးကြောင့် စိတ်မသက်မသာနှင့် မချင့်မရဲခံစားရသည် ။ ဒါကြောင့် တိမ်ညိုသည် ကားကိုအရှိန်လျော့ရင်း လက်သီးဆုပ်ကို ဖွလိုက်ဆုပ်လိုက်လုပ်နေမိ၏ ။ ဒါကိုသတိထားမိတဲ့ အသွေးသစ်က သူ့အားမေးလာ၏ ။

" မင်းတစ်လှည့်အနားယူလိုက်လေ ၊ ကိုယ့်မှာယာဉ်မောင်းလိုင်စင်ရှိပါတယ် ။ အမြန်လမ်းမှာလည်း ကားမောင်းဖူးတာမလို့ စိတ်ချလက်ချအနားယူလို့ရပါတယ် "

" ဒါဆိုလည်း အဲ့လိုပဲလုပ်ရမလား "

ရှားရှားပါးပါး အပြုံးနုလေးဖြင့်ပြောလာသည့် သူစိမ်းလေးကြောင့် အသွေးသစ်မှာအယောင်ယောင်အမှားမှားနှင့် ခေါင်းညိတ်ပြမိ၏ ။ ထို့နောက် သူတို့နှစ်ဦးသည် နေရာချင်းပြောင်းကာ ခရီးဆက်လာခဲ့ကြသည် ။

မပြီးသေးတဲ့ သူ့ရဲ့ဇာတ်လမ်းလေးကိုလည်း ထိုသူစိမ်းကလေးစိတ်ဝင်စားမှုရှိအောင် အချောဆုံးနည်းလမ်းဖြင့် ဆက်ပြောပြခဲ့မိသည် ။

**************

ဝါဆိုကိုယ်တိုင်ပါးစပ်ကပြောထွက်လာတာမဟုတ်ဘဲ တစ်ယောက်ယောက်က ဝါဆိုဟာယောကျာ်းတစ်ဦးကိုစိတ်ဝင်စားသူပါလို့ ပြောလာခဲ့ရင် ထိုသူကိုလက်သီးစာကျွေးမိမှာအမှန်ပင် ။ သူအတင်းငြင်းဆန်ထားတဲ့အရာတစ်ခုကိုဝါဆိုကိုယ်တိုင်က ဟုတ်ပါတယ်လို့ဆိုလာသည့်အခါ သူသည်ကမ္ဘာပျက်သွားသကဲ့သို့ ခံစားရ၏ ။ မဖြစ်နိုင်ပါဘူးဟု အတင်းဖြေသိမ့်ခဲ့ပေမယ့် ဝါဆိုသူ့အပေါ်ထားသည့်သံယောဇဉ်ကကော ထိုသို့ပင်မသတီစရာမျိုးလားဟု သံသယ၀င်ကာ သူ့ကိုယ်သူပင်ရှက်ရွံ့နေမိသည် ။

Who are you?Where stories live. Discover now