ဒီကမ္ဘာမှာ မင်းသားလေးဆိုတာဘယ်မှာမှမရှိဘူးတဲ့။
ဘဝဆိုတာ ကိုယ်ထူကိုယ်ထ ကြိုးစားပြီးရပ်တည်ရတာမို့ ကောင်းကောင်းမွန်မွန်ဖြတ်သန်းချင်ရင် အပတ်တကုတ်ကြိုးစားရမယ်။"တစ်ခုခုလုပ်ရင် တစ်ခုခုဖြစ်မယ် ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး"ဆိုတဲ့စကားကိုလည်း အဖေကိုယ်တိုင်ပြောခဲ့ဖူးပါရဲ့။ပြောဆိုဆက်ဆံမှု သိပ်မရှိခဲ့တာတောင် အဖေ့ရဲ့ စကားအနည်းစုက ကျွန်တော့်မှတ်ဉာဏ်ထဲ သံမှိုရိုက်ထားသလိုစွဲကျန်နေတုန်း. . .။
အတွေးတွေထဲ အတိတ်နဲ့ပစ္စုပ္ပန် အရုန်းအကန်ဖြစ်ပြီး အိပ်ရာပေါ်လှဲနေရာက ရုတ်တရက်ထထိုင်မိတယ်။ဒီနေ့ညလည်း. . .အိပ်မပျော်ပြန်ဘူးပဲ။တိတ်ဆိတ်မှုကိုပိုပြီးနှစ်သက်လာမိတဲ့ကျွန်တော်က စောစောအိပ်ပျော်သွားမိတဲ့ညတွေမှာတောင် ညဉ့်နက်သန်းခေါင်ကျော်ရင် မှတ်ဉာဏ်တွေတရိပ်ရိပ်ပြန်ပေါ်လာပြီးနိုးလာတတ်တာ။
ဒါပေမဲ့ဒီနေ့ညမှာ လုံးဝကိုအိပ်လို့မရတဲ့အပြင် စိတ်ထဲကပါမွန်းကျပ်လာတာနဲ့ ထုံးစံအတိုင်း စာကြည့်စားပွဲရှေ့က လိုက်ကာကိုဆွဲဖွင့်ပြီး အံဆွဲထဲက အညိုရောင်သားရေအဖုံးနဲ့စာအုပ်လေးတစ်အုပ်ကို ဆွဲယူရင်း ကုလားထိုင်ပေါ်သာထိုင်ချလိုက်တယ်။
(Bambi)က စာကြည့်စားပွဲပေါ်ကွေးကွေးလေးအိပ်နေတာကြောင့် ကိုယ်ကိုဘေးတစောင်းပုံစံထိုင်ကာ ခြေတစ်ဖက်ချိတ်လိုက်ရင်း စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကိုလှန်လိုက်တယ်။
ကုတင်ဘေးကလေးဖက်လုံးသံဇကာခတ်ထားတဲ့သစ်သားလှောင်အိမ်လေးထဲကိုကြည့်မိတော့ Peri(Periwinkle)လေးက ပြေးဘီးပေါ်မှာမရပ်မနားပြေးနေဆဲ။ညဘက်မှသာလှုပ်ရှားတတ်တဲ့ အကောင်ငယ်လေးဖြစ်လို့ ကိုယ်နဲ့အဖော်ရအောင်မွေးလိုက်ခြင်း၊မဟုတ်လို့ကတော့ အပျင်းတစ်ပြီးအမြဲအိပ်နေတဲ့Bambiနဲ့ပေါင်းပြီး ကိုယ်ပါပျင်းတိပျင်းရွဲ့ဖြစ်သွားတော့မှာ။
နှာဖူးပေါ်မှာဝဲနေတဲ့ချောကလက်ရောင် ဆံစတွေကိုလက်နဲ့သပ်တင်လိုက်ပြီး ကိုင်ထားတဲ့စာအုပ်ကိုတစ်ချက်အာရုံပြန်ယူမိတယ်။ပထမဆုံးစာမျက်နှာမှာ ရေးမှတ်ထားတဲ့ရက်စွဲနဲ့အတူ ခြောက်ကပ်ပြီး နဂိုမူလခရမ်းပြာရောင်ကနေ အပြာမွဲရောင်ဖြစ်သွားပြီဖြစ်တဲ့ပန်းခြောက်တစ်ပွင့်ကို တွေ့မြင်နေရတာပင်။လက်ချောင်းတွေနဲ့ အသာ ဆွဲယူလိုက်ရင်းအမှတ်တရလေးဆီကို ယုယုယယတွေးမိပြန်တယ်။