အဖွဲ့လိုက် ပရောဂျက်တွေတင်ပြရတော့မယ့်နေ့ မို့လို့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။
ကျောင်းကိုနေ့လည်ကျမှသွားရမှာမို့ သိပ်တော့အလျင်လိုမနေ။ဒီနေ့ ပယ်ရီ(periwinkle)လေးကိုရေချိုးပေးရမယ့်နေ့မို့ မျက်နှာသစ်ဘေစင်လေးထဲမှာပဲ ရေနွေးနွေးလေး စပ်ထားလိုက်တယ်။ ကလေးလေးကိုတော့ လှောင်အိမ်လေးထဲကနေထုတ်ပြီး သံဇကာအကွင်းလေးထဲ ထားထားတယ်။
ရေနွေးအပူချိန်စမ်းပြီးတာနဲ့ လန့်ပြီးဆူးတွေထောင်မလာအောင် အရှေ့ဘက်ကနေ ခန္ဓာကိုယ်အောက်ဘက်ကို လက်ကလေးလျှိုသွင်းရင်း အသာမ ယူလိုက်တယ်။ရေကြိုက်တဲ့ ဒီကောင်လေးကတော့ ဘေစင်ထဲချပေးတော့မှာကို သိတော့တာနဲ့ နှာခေါင်းလေးတရှုံ့ရှုံ့ဖြစ်လာတော့တာပဲ။ချစ်ဖို့ကောင်းနေတာလေး. . . ။
ကလေးသုံးဆပ်ပြာအပျော့စားလေးကိုလက်ထဲနည်းနည်းလောက်ထည့်ပြီး ရေနဲ့ရောမွှေလိုက်တယ်။သွားပွတ်တံအပျော့လေးနဲ့ ဆူးလေးတွေကိုပွတ်ပေးတော့ ဇိမ်ခံလို့ကောင်းနေတယ်ထင်ပါရဲ့။လျှာလေးပါထွက်လာတယ်။ဘမ်ဘီကတော့ ရေဇလုံပေါ်မှာဆောင့်ကြောင့်ထိုင်ရင်း လှမ်းကြည့်နေတယ်။
မတည့်ကြလောက်ဘူးထင်ပေမဲ့ ဘမ်ဘီကလည်း ပယ်ရီလေးကိုခင်ရှာတယ်။ခုဆိုဆော့ဖော်ဆော့ဖက်တွေတောင်ဖြစ်နေကြပြီ။
ဆူးတွေကြားထဲ ရေနဲ့သေချာ နှံ့အောင်ဆေးပေးပြီးတာနဲ့ အဝတ်နုလေးနဲ့ပတ်ပြီး ဆံပင်ခြောက်စက်ကိုအပူလျော့လျော့လေးနဲ့ မှုတ်ပေးရတယ်။ရေချိုးပြီးတာနဲ့ ပြန်အိပ်တော့မယ်ထင်ပါရဲ့ မျက်လုံးသေးသေးလေးတွေ စင်းနေတာပဲ။
လွန်ခဲ့တဲ့ တစ်လကျော်အတွင်း ကျွန်တော်နဲ့ချန်းရဲ့ ဆက်ဆံရေးက မထူးမခြားနားပဲ။ကျွန်တော်ကလည်း
ချန်းကိုငေးရင်း၊ချန်းကလည်း သူ့ကိုငေးရင်း. . . ။ဒါပေမဲ့ ထူးဆန်းတယ်၊အဲ့ဒီနေ့ပြီးကတည်းက ချန်း ကျွန်တော့်ကို အရင်ကထက် ပိုကပ်လာသလိုပဲ။သူ့ရဲ့ အထိအတွေ့တွေကို မျှော်လင့်ချက်တွေလို့ မထင်မိအောင်နဲ့ ပိုပြီးနစ်မျောမိမသွားအောင် ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းနေတယ်။ထိန်းနေပေမဲ့. . .