Warning : Sad Ending! Read at your own risk.
.
.
.
သွားစရာရှိပါတယ်ဆိုတဲ့ ဒီလိုနေ့မျိုးမှာမှ ဘာလို့မှန်း မသိ...ရှောင်းကျန့်ရဲ့ ခြေထောက်တွေက ကျိုးအနုပညာတက္ကသိုလ်ဝင်းထဲကိုပဲ သွားချင်နေမိတယ်။တက္ကသိုလ်ဝင်းထဲကို ခြေချလိုက်တော့ ခံစားချက်တွေက နွေးခနဲ။ ဒီပတ်ဝန်းကျင်လေးကတော့ အရင်လို အရင်အတိုင်းပဲ ရှိနေဆဲဖြစ်တယ်။ သူတို့သာ အရင်လို အတူမရှိတော့ကြပေမယ့်။
ဒီအချိန်က နွေဦးမို့ ကျောင်းတွေစဖွင့်တဲ့အချိန်။ ကျိုးအနုပညာတက္ကသိုလ်ဝင်းထဲမှာလဲ ကျောင်းသားတွေ တရုန်းရုန်းနဲ့။ ဝင်းထဲက သစ်ရွက်ဝါတွေ ကြွေနေတဲ့ မေပယ်လ်တောလမ်းလေးကို ဖြတ်လျှောက်နေရင်း သစ်ရွက်ကြွေတွေကြားက သူ့မျက်နှာလေးကို မြင်ယောင်မိတယ်။ သူတို့ စတွေ့ခဲ့ကြတာလည်း ဒီလိုအချိန်ပဲ။ ဖြူဖြူဖောင်းဖောင်းနဲ့ အဲ့ဒီကောင်လေးက အခုဆိုရင် ပိုလို့တောင် နှစ်လိုဖွယ်ကောင်နေဦးမယ်။
အတွေးတွေ ပျံ့လွင့်နေတုန်း သူ့အနောက်ကနေ ခြေသံတစ်ရှပ်ရှပ်တို့ ကြားလိုက်ရတာကြောင့် သူ ရင်ခုန်စွာ လှည့်ကြည့်လိုက်မိတယ်။
သူ့ပုံစံက အရမ်းမျှော်လင့်ထားတဲ့ အကြည့်တွေ ဖြစ်နေတာမို့ ရုတ်တရက်လှည့်ကြည့်ခံလိုက်ရတဲ့ ကျောင်းသားလေးနှစ်ယောက်က သူ့ကို ပြူးကြောင်ကြောင်လေး ငေးကြည့်လို့။ သူ အလျင်အမြန်ပဲ 'sorry'လို့ ပြောပြီး ထိုကျောင်းသားလေးနှစ်ယောက်ကို လမ်းဖယ်ပေးလိုက်တယ်။
သူ့ရဲ့ ရူးရူးကြောင်ကြောင်အကျင့်တွေက သစ်ရွက်ခြောက်တွေကြားက ခြေသံဖွဖွကြားတိုင်း အဲ့ဒီကောင်လေးလို့ ထင်နေမိတုန်းပဲ။ ဖြစ်နိုင်ချေ မရှိသလောက်နည်းမှန်း သိပေမယ့် အရူးလိုပဲ...။ ဒီအချိန်ကြီး သူ့အရှေ့မှာ ပေါ်လာမယ့် အဲ့ဒီကောင်လေးကို မျှော်လင့်နေမိတယ်။
မဖြစ်နိုင်တော့ပါဘူးလို့ တွေးမိတော့ ဒီရင်ဘတ်က နာတယ်။ ဒါပေမယ့် အဲ့ဒီနာကျင်မှုလေးကိုပဲ သူ့မှာ မြတ်နိုးရတယ်။ ချစ်ရသူရဲ့ နှုတ်ဆက်လက်ဆောင်တွေ ဖြစ်နေခဲ့တော့လည်း...။
လေးလံမှုကိုတွေကို သက်ပြင်းချလို့ ဖြေလျှော့ပြီး အနီးက မေပယ်လ်ပင်အောက်က လွတ်နေတဲ့ ခုံတန်းရှည်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။