"ကိုကို ဆေးရုံဆင်းဖို့ အဆင်သင့်ဖြစ်ပြီ။
"အင်း။ ရိပေါ် ကိုကို့ကို ထူပေးပါဦး"
"လာ"
ရိပေါ်က ရှောင်းကျန့်ကို ဝှီးချဲပေါ် ပွေ့တင်ပေးလိုက်တယ်။ Hoodie အဖြူလေးပေါ်မှာမှ Longcoat ကို ထပ်ဝတ်ထားပြီး အနွေးဦးထုတ်လေးဆောင်းထားတဲ့ ကိုကိုက ချစ်ဖို့ ကောင်းလွန်းတာကြောင့် ရိပေါ်က နဖူးကို နမ်းလိုက်တယ်။
"ချစ်စရာလေးကိုကိုက"
"ရိပေါ်ကလည်း..."
ရှက်သွားပုံရတဲ့ ရှောင်းကျန့်က ပါးပြင်လေးတွေ ရဲတက်မလာပေမယ့် ရိပေါ်က ကိုကို ရှက်သွားမှန်းသိပါတယ်။ အင်း...အိမ်ပြန်ရောက်ရင်တော့ ကိုကို့ကို အသားအရည်ပြန်စိုလာအောင်၊ ပြီးတော့ ပါးလေးတွေပြန်ဖောင်းလာအောင် အစားများများကျွေးမှဖြစ်မယ်။
-🌻
ရိပေါ်က ဝှီးချဲလေးကို တွန်းလို့ ခြံထဲဝင်လာတယ်။ ရှောင်းကျန့်က သူမရှိတုန်းပြောင်းသွားတဲ့ အိမ်အပြင်အဆင်ကို ကြည့်လို့ အံ့အားသင့်သွားတယ်။
"ရိပေါ် ပန်းတွေစိုက်ထားတာလား"
"အင်း"
"ဒီသစ်သားဒန်းလေးကရော"
"ကျွန်တော်ပဲ လုပ်ထားတာ"
"လှလိုက်တာ"
"အင်း။ နေမြန်မြန်ကောင်းအောင်လုပ်။ အဲ့တာမှ ခြံထဲဆင်းပြီး ကျွန်တော်နဲ့ နေလို့ရမှာ။"
"ရိပေါ်...ကိုကိုက..."
"ရှူး...ကိုကို။ မပြောနဲ့။ ကျွန်တော်နဲ့နေရင် ကိုကိုက ပြန်ကောင်းလာမှာ။ ဆေးရုံက ဆရာဝန်တွေက လျှောက်ပြောလိုက်တာ။
"ရိပေါ်..."
ရှောင်းကျန့်က ရိပေါ်ကို ကြည့်ရင်း မျက်ရည်တွေဝဲလာတယ်။ ရိပေါ်ကတော့ အေးဆေးပဲ။ ရှောင်းကျန့်ပြန်ကောင်းလာမယ်လို့ ယုံကြည်နေတုန်း။
"ကိုကို မပြောပါနဲ့တော့ဆို။ လာ...အိမ်ထဲသွားမယ်။ အပြင်မှာ အေးတယ်။"
ရိပေါ်က အိမ်ထဲရောက်တော့ ရှောင်းကျန့်ကို ကုတင်ပေါ်ချပေးတယ်။ ရှောင်းကျန့်သတိထားမိတာ အိပ်ယာခင်းတွေရော လဲထားသလိုပဲ။ အရင်က ရိပေါ်က အစိမ်းမှ အစိမ်း။ အခုတော့ အဖြူရောင်လေးခင်းထားပေးတယ်။