Unicode
အပိုင်း - (၄)
~~~~~~~~~လူတစ်ယောက်လမ်းလျှောက်ဝင်လာတာကိုပင် မသိလောက်အောင် အခန်းတစ်ခုလုံးကား တိတ်ဆိတ်နေသည်။ အခန်း၏ အသံလုံစနစ်ကောင်းခြင်းကြောင့်တော့ မဖြစ်နိုင်။ ထိုလူရဲ့ခြေလှမ်းတွေကိုက တစ္ဆေတစ်ကောင်လိုပေါ့ပါးပြီး ဝိဉာဥ်တစ်ကောင်လို ဆိတ်ငြိမ်ခြင်းကြောင့်သာ။
ဖြူဖျော့ဖျော့အသားအရည်နှင့်လိုက်ဖက်စွာပင် ဖြူလွှလွှဝတ်စုံဟာ အစွန်းအထင်းအညစ်အကြေးတို့ကင်းစင်၏ ။ နတ်သားတစ်ပါးလို ချောမောလှပပါသော်လည်း ခံစားချက်မဲ့နေသောမျက်ဝန်းများနှင့် အသက်မဲ့နေသော အပြုံးတို့ဟာ နတ်ဆိုးဆန်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းဟာ အကွာအဝေးတို့ညီမျှလျှက် နောက်ဆုံးတွင် တစ်ဖက်မြင်မှန်ချပ်ကြီးရှေ့၌ ရပ်တန့်သွား၏ ။
မှန်ချပ်ကိုဖြတ်၍မြင်နေရသော တစ်ဖက်လူသည် အားအင်တို့ကုန်ခမ်းနေသည့်အလား နံရံတစ်ဖက်ကိုမှီ၍ ခြေပြစ်လက်ပြစ်ထိုင်နေလေသည်။
အချိန်များစွာကြိုးပမ်းခဲ့သော်လည်း Rexo ဒီစိတ်ပျက်စရာ အဖြူရောင်အခန်းထဲမှ မထွက်နိုင်ခဲ့ပါချေ။ ဒီအတောအတွင်း အစားအသောက်ဟူ၍ ထမင်းတစ်စိတောင်မစားရဘဲ ရေတစ်မျိုးသာ သောက်ရခြင်းကြောင့် သူ့ခန္ဓာကိုယ်ဟာ လက်တစ်ချောင်းပင်မလှုပ်ချင်လောက်အောင် အားပြတ်နေမိသည်။ ဝမ်းဗိုက်မှ ဆာလောင်မှုဟာလည်း ဆိုးဆိုးရွားရွားပင်။ ရေပါမသောက်ရလျှင် သူအစထဲက သေသွားလောက်ပြီဟု ခံစားနေရသည်။
"နောက်ဆုံးတော့လက်လျော့လိုက်ပြီလား ကြွက်ကလေးရဲ့"
မှန်ချပ်ဖြူဖြူ၏ အကြည်ရောင်ပြောင်းသွားခြင်းနောက် ပေါ်ထွက်လာပါသည့်ထိုအသံ။
Rexo အားအင်မရှိတော့တဲ့ ဦးခေါင်းကို အားတင်းကာ ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့ နောက်ဆုံးတစ်ခေါက် မြင်ခဲ့သည့်အတိုင်း ထိုလူဟာ ထိုနေရာမှာ ရပ်နေသည်။ အသက်မဲ့နေသာ မျက်လုံး၊ နှုတ်ခမ်းစွန်းကော့ရုံမျှသော အပြုံး၊ အစွန်းအထင်းမရှိသော အဖြူရောင် အဝတ်အစားကအစ၊ သူ့ကိုကြည့်နေသည့် အကြည့်တွေအဆုံး အဲ့ဒီနေ့ကနှင့် တစ်ပုံစံတည်းပင်။ ထိုနတ်ဆိုးထံတွင် အချိန်တွေက ရပ်တန့်နေပုံရသည်။ ဝမ်းဗိုက်မှ ထိုးအောင့်သည်အထိ ဆာလောင်မှုသာမရှိခဲ့ဘူးဆိုလျှင် တစ်ရက်တည်း တစ်ချိန်ထဲသာ ရှိသေးသည်ဟု Rexo ထင်မိမှာပင်။
YOU ARE READING
မိုး... ေလရိပ္ဆင္(မိုး...လေရိပ်ဆင်)