621 111 3
                                    

Unicode

တစ္ဆေလက်ထပ်ပွဲ (၇)

ချူးဟွိုင်သည် အသံကြားကြားချင်း လန့်နိုးသွားမိ၍ ချက်ချင်းပင် ဝမ်ရွှယ်နှင့် ကျောက်ရှင်းနေထိုင်ရာ အခန်းဆီသို့ ပြေးထွက်ခဲ့လေ၏။ အခန်းထဲရောက်သောအခါ မိမိ၏အရှေ့မှမြင်ကွင်းကြောင့် သူသည် ခဏတာမျှ အသက်ရှုရပ်သွားရသည်။

ကျောက်ရှင်း၏ကိုယ်ထည်သည် ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့၍ သူမ၏လည်ပင်းမှာ ကြက်သွန်အတွင်းလွှာကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ မျက်နှာတစ်ပြင်လုံးက သွေးများဖြင့် စွန်းထင်းနေကာ မျက်လုံးအစုံကလည်း ကြောက်လန့်မှုကြောင့် ပြူးကျယ်၍ ပါးစပ်ပေါက်ကလည်း ပွင့်ဟလျက်ရှိနေလေသည်။

ထိုအချိန်တွင် အခန်းထဲသို့ ကပျာကယာနှင့်ပြေးဝင်လာသော လီဘင်းတစ်ယောက်သည် ကြမ်းပြင်ပေါ်ကို သေချာမကြည့်ဘဲ ခြေချလိုက်မိရာ ချွဲကျိကျိအရာတစ်ခုကို တက်နင်းမိသဖြင့် ချော်လဲကျသွားရတော့၏။ လီဘင်းသည် စိတ်ရှုပ်စွာဖြင့် မိမိတက်နင်းမိသည့်အရာကို ကြည့်လိုက်လေသည်။

၎င်းအရာကို မြင်မြင်ချင်းပင် လီဘင်းသည် ကြက်သေသေသွားမိ၏။ သူတက်နင်းလိုက်မိသည်မှာ..တွန့်လိမ်ခုန်ပေါက်နေသော လျှာတစ်ခုပင်။ ၎င်းခုန်ပေါက်နေပုံမှာ အတော်လေး ရွံရှာဖွယ်ကောင်းလှသည်။

"အား..!!"

လီဘင်း၏မျက်နှာသည် တမဟုတ်ချင်းပင် သွေးမရှိသကဲ့သို့ ဖြူလျော့သွားရ၏။ သူသည် ကြမ်းပြင်ထက်မှ ကုန်းရုန်းထကာလာ တက်နင်းမိသည့် ခြေထောက်တစ်ဖက်ကို ဟိုကန်ဒီကန် လုပ်နေမိပြီးနောက် အခန်းထဲသို့ အခုလေးတင် ဝင်ရောက်လာသော ကျင်းထျန်ရိ၏အနောက်ကို သွားပုန်းမိလေသည်။

ဝမ်ရွယ်ကမူ အကြောက်လွန်ပြီး တစ်ကိုယ်လုံးပျော့ခွေနေပေ၏။ သူမသည် ကျောရိုးမရှိသကဲ့သို့ နံရံကို မှီတွယ်ထားရင်း ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ အဆက်မပြတ်စီးကျနေသည်။ နှုတ်ခမ်းအလွှာကလည်း တုန်ရီနေကာ မိမိအရှေ့မှမြင်ကွင်းကြောင့် မကြာခဏ ပျို့အန်နေခဲ့မိ၏။

I'm Flirting with a Man in the Supernatural WorldWhere stories live. Discover now