ဧည့်သည် မဟုတ်တော့တဲ့ ဧည့်သည်

150 18 3
                                    

မင်္ဂလာဆောင်ဖို့ တစ်ပတ် လိုသေးပေမဲ့ ဒီညကတော့ မင်္ဂလာကုတင်ကို ဈေးဦးဖောက်ခဲ့ရပြီ။ ရေချိုးခန်းထဲက Bathtub အသစ်စက်စက်ထဲမှာရေစိမ်နေပေမဲ့ သူ့ရဲ့ ရင်ထဲ ပူလောင်မှုတွေကတော့ ဖွဲမီးလို တအိအိ မြေ့လောင်နေတယ်။

သူ အတတ်နိုင်ဆုံး ရှောင်လွှဲချင်တဲ့ ဒီအခိုက်အတန့်ကို မိန်းကလေးဘက်က အတင်းကို တိုးဝင်လာခဲ့တဲ့အခါ ဒီ့ထက်ပို ရှောင်ဖို့ မဖြစ်နိုင်တော့ပဲ ရင်ဆိုင်လိုက်ရတယ်။ ဒီအခိုက်အတန့်ကို ကျော်လွန်သွားကတည်းက ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ မိန်းကလေးနဲ့ ဝေးရာကို ထွက်ပြေးရင်း ရေချိုးခန်းထဲ ရေစိမ်နေလိုက်တယ်။ ရင်ထဲမှာ မုန်းတီးသလို၊ ဝမ်းနည်းသလို၊ နောင်တရသလို ခံစားချက်တွေ ရှုပ်ထွေးနေတဲ့အပြင် အာရုံထဲ ရောက်ရောက်လာတဲ့ ဒီလူရဲ့ ပုံရိပ်တွေကလည်း မီးလောင်ရာ လေပင့်နေတယ်။

ခုနတုန်းကလည်း မျက်စိရှေ့က မိန်းကလေးထက် ဒီလူကို ပိုတွေးမိပြီး အခုလည်း မှိတ်ထားတဲ့ မျက်လုံးတွေထဲမှာ ဒီလူက နေရာယူနေပြန်တယ်။ အဘက်ဘက်က စိတ်အနှောင့်အယှက်ပေးနေတဲ့ အတွေးတွေနဲ့ လွတ်လိုလွတ်ညား ရေကန်ထဲကို ခေါင်းမြုပ်အောင် လျှောချလိုက်ပေမဲ့ ဒီအတွေးထဲက မလွတ်မြောက်နိုင်ဘူးဆိုတာ သူသိပြီးသားပါပဲ။

အခုချိန်မှာ သူ့စိတ်ကို သက်သာစေနိုင်မယ့်အရာကိုလည်း သူ သေချာသိနေပြန်တယ်။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

အခန်းနံပါတ် 1003 ရဲ့ ရှေ့ကို ရောက်ခဲ့ပြန်ပြီ။ ပြီးခဲ့တဲ့ သုံးလအတွင်း ကောင်လေး ခေါ်တိုင်း ဒီအခန်းကို ရောက်ခဲ့တာ လေးငါးညလောက်ရှိတယ်။ ရောက်ခဲ့တဲ့ ညတိုင်းလည်း ဟောဒီ့အခန်းကြီးကို ရမက်တွေ ဖုံးလွှမ်းခဲ့ကြတယ်။ အချစ်ပွဲတွေ နွှဲခဲ့ကြတယ်။ ပြန်ခါနီးတိုင်း စာအိတ်ဖြူလေး ပေးတတ်တဲ့ ကောင်လေးကတော့ အချစ်ပွဲလို့ ခံယူချင်မှ ခံယူမှာပေါ့။ အတူ ရှိခဲ့တဲ့ ညတိုင်းမှာ ကောင်လေးရဲ့ဆန္ဒတွေကို အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့ပြီး ပေးသမျှ စာအိတ်ဖြူတိုင်းကိုလည်း အံ့ကြိတ်ပြီး ယူခဲ့ရတယ်။

မယူဘူးလို့ ပြောဖို့ရော မစဉ်းစားကြည့်ဘူးလားဆိုတော့ စဉ်းစားကြည့်ဖူးပါတယ်။ မယူဘူး ပြောတော့ရော သူနဲ့ ကောင်လေးကြားထဲ ဘာတွေ ပြောင်းလဲသွားမှာလဲ။ မယူဘူးလို့ ပြောလိုက်လို့ ကောင်လေးက ဘာလို့လဲလို့ ‌တုံ့ပြန်လာရင် သူ ဘာဖြေရမှာလဲ။ ဒီအတွေးနဲ့တင် စကားလုံးတွေက လည်ချောင်းဝမှာ ပျောက်ရှသွားခဲ့ပါတယ်။ ဒီညလည်း ကောင်လေးက သူ့ကို ခေါ်ပြန်ပြီ။ ကျန်တာ ကိစ္စမရှိပေမဲ့ စာအိတ်အပေးခံရမဲ့ အချိန်ကို ကြိုတွေးပြီး သူ တော်တော် ရင်လေးနေခဲ့တယ်။

The Flame in the DarknessDonde viven las historias. Descúbrelo ahora