Let me Draw on your Heart

1.3K 150 7
                                    

" ဥက္ကဌ Oh... ဒါက အခုလက်ရှိ sns မှာ ရေပန်းစားနေတဲ့ Digital Artist တွေပါ။ အပျော်တမ်းဆွဲတဲ့ လူငယ်တွေဆိုပေမယ့် သူတို့ဆွဲထားတဲ့ Own Character တွေ အသီးသီးက professional အဆင့်အတန်းမှီတဲ့သူတွေချည်းပါပဲ။ ဥက္ကဌ Oh လိုချင်နေတဲ့ Character Artist ကို ဒီ list ထဲမှာ တွေ့နိုင်မယ်လို့ ထင်ပါတယ်။ "

Sehun အတွင်းရေးမှူးဆောဆီမှ iPad ကို ယူကြည့်လိုက်သည်။ Character တစ်ခုချင်းစီက သူ့ပုံစံနဲ့သူ ကြည့်ကောင်းပါသည်။ ဒါပေမယ့် Sehun လိုချင်တဲ့ပုံစံကို မတွေ့သေး။ Digital Arts ၄ ၅ ခုလောက် ကျော်သွားပြီးမှာ Sehun ထိုပုံကို အတော်ကြာ ငေးနေမိသည်။

Art ထဲမှ Character ကို သူမြင်ဖူးနေသလို ခံစားရသည်။ အရပ်မြင့်မြင့် ခြေသံသွယ်သွယ်နှင့် ကြီးမားကျယ်ပြန့်သော ကျောပြင်ရှိသည်။ ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး သေနတ်တစ်လက်ကိုကိုင်ကာ တစ်စုံတစ်ခုကို ချိန်လျက်အနေအထားဖြင့် မတ်တပ်ရပ်နေသည့် ထိုပုံ။

" အတွင်းရေးမှူးဆော... ဒီ character က တစ်ယောက်ယောက်နဲ့ တူနေတယ်လို့ မခံစားရဘူးလား။ "

အတွင်းရေးမှူးဆောက iPad ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာ...

" ဟုတ်ပါတယ်။ ဥက္ကဌနဲ့တူနေတာပါ။ ကျွန်တော်လည်း မြင်မြင်ချင်း မယုံနိုင်လို့ ဒီ list ထဲ ထည့်ထားတာပါ။ သူဆွဲထားတာက သပ်သပ်ရပ်ရပ်နဲ့ ရုပ်လုံးလည်းကြွပါတယ်။ "

Sehun ပုံအောက်ခြေကို ကြည့်လိုက်တော့ ထိုးထားသည့် sign က အင်္ဂလိပ်စာလုံး K အောက်မှာ စတုရန်းပုံလေး ဆွဲထားသည်...

" K... သူ့ကိုရှာပြီး ဆက်သွယ်လိုက်ပါ အတွင်းရေးမှူးဆော... "

" ဟုတ်ကဲ့ပါ... ဥက္ကဌ.. "

" နောက်အချိန်စာရင်းက ဘာလဲ။ "

Sehun အပေါ်ကုတ်အင်္ကျီကိုယူကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အတွင်းရေးမှူးဆော ပြောတဲ့ အချိန်စာရင်းတွေကို နားထောင်နေရင်း စိတ်ထဲမှလည်း တွေးနေမိသည်။

K... မင်းက ဘယ်သူများလဲ။

-----------------------

" ထုံးစံအတိုင်း အမေရိကာနိုအပူပဲ ဝယ်ခဲ့ပါ။ "

အတွင်းရေးမှူးဆောက သူ့ရဲ့ အိတ်ဆောင်ရေနွေးဘူးလေးကို ယူကာ ကော်ဖီဆိုင်ထဲသို့ ဝင်သွားသည်။ အစက ကားပေါ်မှာပဲ စောင့်ဖို့လုပ်ထားပေမယ့် ဆောင်းဦးမနက်ခင်းရဲ့ လေထုက လန်းဆန်းလွန်းတာမို့ Sehun ကားပေါ်မှ ဆင်းလာခဲ့သည်။

" ဟား..... "

အသက်ကို ပြင်းပြင်းရှူပြီး ပြန်ထုတ်လိုက်တော့ လတ်ဆတ်အေးမြသည့် လေထုက ဦးနှောက်ထဲထိပါ လန်းဆန်းသွားစေသလိုပင်။ အနားမှ ဖြတ်ပြေးသွားသော မနက်ခင်းအားကစားလုပ်နေတဲ့သူတွေကို Sehun အားကျစွာ လိုက်ငေးနေမိသည်။

နောက်ရက်တွေကျရင် Gym သွားမယ့်အစား ဒီလိုမနက်ခင်းပိုင်းမှာ ပြေးနိုင်ရင် ကောင်းမှာ။ ဒါပေမယ့် မနက်အစောပိုင်းမှာ လုပ်တတ်တဲ့ အစည်းအဝေးတွေကြောင့် သူ့ဆန္ဒတွေ ဖြစ်လာဖို့က မသေချာ။

ပတ်ဝင်းကျင် ဘေးဘီဝဲယာကို ကြည့်မိတော့ ခပ်လှမ်းလှမ်းက အထပ်မြင့်တိုက်ကြီးမှ သူ့ကုမ္မဏီရဲ့ကြော်ငြာက အထင်းသား။

MOMENTUM M2T  လုပ်ငန်းစု။

ဘွဲ့မရခင်တည်းက အဖေ့လုပ်ငန်းတွေမှာ အလုပ်သင်ဝင်ခဲ့ရပြီး အသက် ၃၄ နှစ်အရွယ်မှာ ကုမ္မဏီတစ်ခုလုံးကို ဦးဆောင်ခွင့်ရခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်တဲ့ Sehun ဖို့ အရာအားလုံးက လက်ညိုးညွှန်ရာ ရေဖြစ်သလို ပြည့်စုံပါသည်။

ကျွီ...

စက်ဘီးဘရိတ်သံလိုမျိုး အသံတစ်ခုနဲ့အတူ သူ့ကားကို ဝင်တိုက်သလို ဝုန်းကနဲအသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

" အား... တံတောင်ဆစ်တော့ သွားပါပြီကွာ... "

Sehun နောက်ကို လှည့်ကြည့်လိုက်တော့ ကားဘေးမှာ လဲကျနေတဲ့ စက်ဘီးတစ်စီးနဲ့ ကောင်လေးတစ်ယောက်။ ကောင်လေးက လဲကျနေရာမှ မထနိုင်သေးဘဲ သွေးစို့နေသည့် တံတောင်ဆစ်ကို ရှုံ့မဲ့မဲ့ဖြင့် ပြန်ကြည့်နေသည်။

Sehun ကောင်လေးရဲ့ ခြေထောက်ပေါ်မှာပိနေတဲ့ စက်ဘီးကို ပြန်ထောင်ပေးလိုက်ပြီး အနှီချာတိတ်ကိုလည်း ဆွဲထူရသေးသည်။

" ဘယ်လိုလုပ်ပြီး ရပ်ထားတဲ့ကားကိုတောင်ဝင်တိုက်ရတာလဲ။ "

" မသိဘူး။ စက်ဘီးက ရုတ်တရက် ဘရိတ်မမိတော့လို့။ "

" ဥက္ကဌအို အဆင်ပြေရဲ့လား။ ဘာဖြစ်သွားသေးလဲ။ "

အဖြစ်အပျက်စုံကို မြင်လိုက်ပုံရတဲ့ အတွင်းရေးမှူးဆောက ကော်ဖီဆိုင်ထဲမှ ကတိုက်ကရိုက် ပြန်ပြေးထွက်လာသည်။ အနားကို ရောက်လာပြီး ထိခိုက်ဒဏ်ရာ ရမရကြည့်နေပြီး ရုတ်တရက် ကားကိုကြည့်ကာ...

" ကားမှာ အစင်းကြောင်းကြီးဖြစ်သွားပြီ!! ကောင်လေး မင်းဘယ်လိုလုပ်လိုက်တာလဲ။ "

" ဗျာ... "

ကောင်လေးက အတွင်းရေးမှူးဆော ပြတဲ့နေရာကိုကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်။ မျက်နှာလေး ငယ်သွားပြီး အတွင်းရေးမှူးဆောကို မရဲတရဲကြည့်ကာ...

" ကျွန်တော့်ကြောင့် ဖြစ်သွားတာဆိုတော့ ကျွန်တော် ပြန်လျှော်ပေးပါ့မယ်။ စုစုပေါင်း ဘယ်လောက်လောက် ကုန်ကျနိုင်မလဲဟင်။ "

" ဝမ်သန်းXXဆယ် "

" ဗျာ! ဒီအစင်းကြောင်းလေးတစ်ခုက အဲ့... အဲ့လောက်တောင် ကျတာလား။ "

Sehun အခုချိန်ထိ ဘာမှဝင်မပြောဘဲ အတွင်းရေးမှူးဆောနဲ့ အချေအတင် စကားပြောနေတာကိုသာ ကြည့်နေမိသည်။ ကောင်လေးက ဖုန်းထုတ်လိုက်ရင်း...

" ဒါဆိုလည်း ကျွန်တော် အရစ်ကျခွဲပြီး ဆပ်ပါ့မယ်။ ဒါလေးတော့ လိုက်လျောပေးပါနော်။ ကျွန်တော်က အခုထိ တက္ကသိုလ်ကျောင်းသားပဲမို့ ပိုက်ဆံအများကြီး မရှာနိုင်သေးလို့ပါ။ "

ထိုစဥ် Sehun တစ်ခု သတိထားမိသွားသည်။ ထိုကောင်လေးရဲ့ ဖုန်းပေါ်က အမှတ်အသားလေးတစ်ခု။ အင်္ဂလိပ်အက္ခရာ K ရဲ့အောက်မှာ လေးထောင့်တုံးလေးနှင့်။

ဟို Digital Artist ရဲ့ Sign !

" ခဏ... မင်းရဲ့ဖုန်းက တံဆိပ်က... "

" အာ... ကျွန်တော်က အပျော်တမ်းပုံဆွဲပါတယ်။ ဒါကျွန်တော့် sign ပါ... ။ "

" ကိုယ်တို့ ခဏလောက် စကားပြောကြမလား။ "

----------------------------------------

" ဗျာ... ကျွန်တော်က character တစ်ခု ဆွဲပေးရမှာလား။ "

" ဟုတ်တယ်။ ဒါဆိုရင် ကားဖိုးလျော်စရာ မလိုတော့တဲ့အပြင် မင်းကိုနောက်ထပ် ဝမ်XX ထပ်ပေးမယ်... မင်းရဲ့ ပုံအတွက် အဖိုးအခပေါ့။ "

ကောင်လေးက ခဏတွေဝေနေပြီးမှ...

" ကောင်းပါပြီ။ ကျွန်တော် လုပ်ပါ့မယ်။ ကျွန်တော်ဆွဲရမယ့်ပုံစံ အသေးစိတ်ကိုရော... "

" အတွင်းရေးမှူးဆောနဲ့ ဆက်သွယ်ပြီးပြောလိုက်။ ဒီလိုကိစ္စအသေးလေးတွေအတွက် ကိုယ်အဲ့ဒီလောက်ထိ အားမနေဘူး။ "

Sehun ကော်ဖီဆိုင်ထဲမှ ထွက်ဖို့ ထရပ်လိုက်တော့...

" ကျွန်တော့်နာမည် Jong In ပါ... Kim Jong In... "

" မင်းနဲ့ ကိုယ်က သိစရာမလိုပါဘူး။ အတွင်းရေးမှူးဆောနဲ့ သိရင် ရပြီ။ "

ထို့နောက် Sehun ဆိုင်ထဲမှ ခပ်မြန်မြန်ထွက်လာခဲ့သည်။ မနက်ခင်း အစည်းအဝေးအတွက် နောက်ကျနေပြီ။

" ဘာလဲဟ... ဒီလူက ယဥ်ကျေးမှုကို မရှိဘူး။ "

Jong In လက်ထဲက လိပ်စာကတ်ကို ဆွဲဆုတ်ပြီး လွှင့်ပစ်လိုက်ချင်ပေမယ့် ဝမ် XX မျက်နှာကြောင့် ငြိမ်နေလိုက်ရသည်။ မျက်စိရှေ့က ကော်ဖီခွက်ထဲမှ ရေခဲတုံးတွေကို တဂျွမ်းဂျွမ်းဝါးစားရင်းဖြင့်သာ ဒေါသတွေကို ထိန်းချုပ်လိုက်ရသည်။

" ခင်ဗျားက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ "

-----------------------------------------

ဆွဲရမည့်ပုံ အသေးစိတ်ကို mail နဲ့ လက်ခံရရှိပြီးနောက် Jong In ရဲ့ အားလပ်ချိန်တွေမှာ tablet တစ်လုံးဖြင့်သာ အချိန်ကုန်နေတတ်သည်။ drawing board ဝယ်ချင်ပေမယ့် ခုတလော စာမေးပွဲနီးပြီဖြစ်၍ အချိန်ပိုင်းလည်း မလုပ်ဖြစ်။ အိမ်ကလည်း မုန့်ဖိုးပိုပေးဖို့ စိတ်ကူးရှိပုံမရ။ Final year မတိုင်ခင်တော့ ဝယ်ဖို့ Jong In စိတ်ထဲမှာ တေးမှတ်ထားသည်။

" Jong In ... ကန်တင်းသွားရအောင်လေ။ နေ့လည်စာ သွားစားမယ်။ "

Jong In ပုံဆွဲနေရာမှ မော့ကြည့်စရာမလို။ အသံကြားရုံနဲ့ သိလိုက်ပြီ။ သူတို့အဖွဲ့ရဲ့ နှစ်ယောက်မရှိတဲ့ မိန်းကလေး ဟယ်ယောင်း။

" ငါမစားတော့ဘူး။ နင်ပဲ သွားလိုက်တော့။ ဒီပုံကြမ်းလေး အပြီးသတ်ရမှာမို့။ "

" ပြီးရော... ဒါဆို ငါသွားပြီ။ "

ဟယ်ယောင်းထွက်သွားပြီးနောက် Jong In တစ်ယောက်တည်းသာ အခန်းထဲမှာ ကျန်တော့သည်။ တစ်နာရီလောက်ကြာတော့ ညကဆွဲထားသည့် ပုံကြမ်းကို အပြီးသတ်နိုင်ခဲ့သည်။

နောက်တွချိန်လည်း အတန်းတက်စရာ မရှိ၍ ကန်တင်းကိုသွားဖို့လုပ်ပြီးမှ ရုတ်တရက်အကြံရလာသည်။ Tablet ကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး စက်ဘီးသော့ယူကာ ထွက်လာခဲ့သည်။

Jong In မျက်စေ့ရှေ့က အဆောက်အဦးကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ဟိုလူက ဒီအဆောက်အဦးကြီးတစ်ခုလုံးကို ပိုင်တာပေါ့။ Jong In အထဲဝင်သွားဖို့ စဥ်းစာမိပေမယ့် ဟိုလးကို နာမည်လည်းမသိ... ဒီက ဥက္ကဌနဲ့ တွေ့ချင်လို့ပါလို့ ပြောလိုက်ရင်လည်း သူ့လိုတက္ကသိုလ်ကျောင်းသားကို ဘယ်သူမှ ယုံမှာမဟုတ်။ ဒါကြောင့် ကုမ္မဏီရှေ့မှာပဲ ထိုင်စောင့်နေမိသည်။

၄၅ မိနစ်လောက်ကြာတော့ ကားတစ်စီးဆိုက်လာသည်။ မနေ့က သူဝင်တိုက်ခဲ့တဲ့ ကား။ ဒါဆို ကားပေါ်ကလူက...

" ဒီမှာ ဦးလေးကြီး... "

သူလှမ်းခေါ်လိုက်တော့ မျက်မှောင်ကြုံ့ပြီး နောက်လှည့်ကြည့်လာသည်။ ဒါပေမယ့် ဘာမှဆက်မပြောဘဲ ကုမ္မဏီထဲ ဝင်သွားတာမို့ Jong In အသံကျယ်ကျယ်ဖြင့် ထပ်ခေါ်လိုက်သည်။

" ဦးလေးကြီး! "

ဒီတစ်ခါတော့ တံခါးဝမှာ ရပ်သွားပြီး နောက်ပြန်လှည့်လာသည်။

" ဒီမှာ ချာတိတ်... မင်းနဲ့ငါက အသက်ဘယ်လောက်ကွာလို့ ဦးလေးကြီးလို့ ခေါ်ရတာလဲ။ "

" ဒါဆို ကိုကိုလို့ ခေါ်ရမှာလား... "

" ဘာ! "

" ဟုတ်တယ်လေ... ခင်ဗျားမှ နာမည်ပြောမပြထားတာ။ "

" မင်းက ငါ့အချိန်တွေကို လာဖြုန်းနေတာပဲ။ အစတည်းက ချာတိတ်တွေနဲ့ အလုပ်တွဲမလုပ်သင့်တာ။ "

" ဦးလေးကြီးကလည်း... ကျွန်တော်က ပုံကြမ်းလာပြတာပါ။ "

" အတွင်းရေးမှူးဆောကို mail ပို့လိုက်လို့ရတယ်။ နောက်တစ်ခါ လာစရာမလိုဘူး။ "

" ကျွန်တော်က feedback ကို ဦးလေးကြီးဆီက ကိုယ်တိုင်ကြားချင်တာကို... "

" ဥက္ကဌ! ဥက္ကဌ Oh လို့ခေါ်! "

" ဟုတ်ကဲ့ပါ... ဥက္ကဌကြီး! "

Jong In tablet ကို အတင်းထိုးပြလိုက်တော့ ကြည့်ပေးပါသည်။ မဆိုးပါဘူးဟုသာ ပြောပြီး ရှေ့ဆက်သွားသည်။ ဘာကြောင့်ရယ်မသိ... Jong In သူ့အပေါ်မှာ ကြောက်စိတ်လုံးဝ ရှိမနေပါ။ ဒီလူအကြောင်း ပိုသိချင်လာပြီး ပိုရင်းနှီးချင်လာသည်။

" ဦးလေးကြီး Oh ကလည်း နာမည်လေးတောင် ကပ်စီးနှဲလိုက်တာ... မပြောပြဘူး။ ကျွန်တော်ကျတော့ ပြောပြရတယ်။ "

ထိုစဥ် ကုမ္မဏီထဲမှ အသက်ကြီးကြီးမိန်းမတစ်ယောက် ထွက်လာပြီး...

" Sehunna... ပြန်ရောက်ပြီလား။ ဘာလို့ အထဲဝင်မလာသေးတာလဲ။ "

ရုတ်တရက် ဦးလေးကြီးမျက်နှာမှာ ဆူပုတ်သွားသည်။ မသိစေချင်တာကို သိသွားတဲ့ သူ့ကိုလည်း ဝါးစားမတတ် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာ။

Jong In ကတေ့ အေးအေးဆေးဆေးသာ ပြုံးပြရင်း...

" အာ... ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ် Oh Sehun-ssi... နောက်တစ်ဆင့်ပြီးသွားရင် အရောင်မချယ်ခင် ပြန်လာခဲ့ပါ့မယ်။ "

ဥက္ကဌ Oh ဆိုတဲ့သူ ဘယ်လိုကျန်ရစ်ခဲ့လဲ Jong In မသိပါ။ သေချာတာတော့ ဆတ်ဆတ်ထိမခံတဲ့ ထိုလူအကြောင်းကို သူပိုပြီး စိတ်ဝင်စားလာမိသည်။

-------------------------------------------

၅ ရက်ကြာသော်...

Jong In ဒီညတော့ ပုံမဆွဲဖြစ်။ ဟယ်ယောင်းကောင်လေးရဲ့ မွေးနေ့ရှိ၍ ဘားတစ်ခုကို ရောက်နေသည်။ အမှန်တော့ သိပ်စိတ်မပါလှ။ ဒီလိုပွဲမျိုးမှာ အများဆုံး အစခံရသူက Jong In အမြဲဖြစ်နေကျ။

အခုလည်း Jong In ကိုပြောဖို့ အစပျိုးနေကြပြန်ပြီ။

" Kim Jong In... မင်းဘာလို့ ရည်းစားမရသေးတာလဲ။ အဖွဲ့ထဲမှာ အကုန်လုံးရည်းစားကိုယ်စီနဲ့ မင်းတစ်ယောက်တည်းပဲ... "

မင်ဂျွန်းက ရယ်ကျဲကျဲနဲ့ ပြောရင်း သောက်လက်စ အရက်ခွက်ကို အကုန်လုံး မော့ချလိုက်သည်။ အထက်တန်းတည်းက အစခံလာရသည့်ကိစ္စမို့ Jong In ပြန်လည်ချေပချင်စိတ်လည်း ရှိနေတော့။

" မင်းကလည်းကွာ... Jong In က တစ်ချိန်ကျရင် ဘုန်းတော်ကြီးလုပ်မလို့ နေမှာပေါ့ကွာ။ သူငယ်ချင်း... မင်းအတွက် ငါဂုဏ်ယူပါတယ်။ "

ဝိုင်းမှာ ရယ်သံများဖြင့် ဖုံးလွှမ်းသွားပြန်သည်။ Jong In ဝင်မပြောဖြစ်ဘဲ လက်ကျန်နည်းနည်းကျန်နေသော အရက်ကိုသာ နည်းနည်းချင်းစီ အရသာခံရင်း သောက်နေမိသည်။

" ဆရာ... ဆရာ... ဆရာ့ကို လာခေါ်ဖို့ ကျွန်တော်တို့ တစ်ယောက်ယောက်ကို ခေါ်ပေးရမလား။ "

နားထဲမှာ သဲ့သဲ့ကြားလိုက်သော အသံကြောင့် လှည့်ကြည့်လိုက်တော့ M2T က ဥက္ကဌဆိုသူ... ။ ကောင်တာမှာ တစ်ယောက်တည်း ထိုင်သောက်ရင်း မှောက်နေသည်မှာ စားပွဲထိုးတောင် အခေါ်မရ။ Jong In တစ်ချက်အကြံရသွားပြီး...

" ဟေ့ရောင်တွေ... ငါ့မှာ ရည်းစားမရှိဘူးလို့ ဘယ်သူပြောလဲ။ မင်းတို့ကြည့်နေလိုက်... ။ "

Jong In ဝိုင်းမှထကာ ကောင်တာဆီကို ဦးတည်ပြီးသွားလိုက်သည်။ ထိုဥက္ကဌဆိုသူကို လှုပ်နှိုးကြည့်လိုက်သည်။

" Sehun... Sehun "

" ဒီလူကြီးမင်းကို သိတာလားဗျ။ ဒါဆို ငါ့ညီကပဲ သူ့အိမ်ဖြစ်ဖြစ် ပြန်ပို့ပေးပါဦး။ "

" ကျွန်တော် သူ့အတွင်းရေးမှူးကို ဖုန်းဆက်လိုက်ပါ့မယ်။ "

Jong In ခေါင်းငြိမ့်ပြလိုက်တော့ စားပွဲထိုးလေးလည်း ထွက်သွားသည်။ Jong In ဆက်တိုက်ခေါ်နေပေမယ့် ဘာအသံမှ ထွက်မလာ။

အနည်းငယ်ရွဲ့စောင်းနေသော နက်ကတိုင်ကို ဖြေလျော့ပေးလိုက်ပြီး တွဲကာ ဆိုင်အပြင်ကို ခေါ်လာလိုက်သည်။ အစကတော့ ဝိုင်းကိုခေါ်သွားပြီး နောက်မလို့ပေမယ့် တကယ်ကြီးမှောက်နေတာကြောင့် အိမ်ပြန်ပို့ဖို့သာ ရွေးလိုက်ရသည်။

" မင်းသိလား... ငါက စက်ရုပ်မဟုတ်ဘူး... ငါ့မှာလည်း ခံစားချက်ရှိတယ်... ငါလည်း သူများတွေလို ပျော်ချင်တာပေါ့... ရည်းစားထားဖို့တောင် အချိန်မပေးနိုင်အောင် အလုပ်တွေအများကြီး လုပ်ခိုင်းပြီး အခုလည်းကျရော သူတို့စီစဥ်ထားတဲ့သူနဲ့ ယူရမယ်တဲ့... "

Jong In ဘာမှမပြောမိဘဲ ထိုလူကိုပဲ ငေးနေမိသည်။ ဥက္ကဌ Oh လို အားလုံးပြည့်စုံနေတဲ့လူဆီက ဒီလိုစကားတွေ ကြားရဖို့ မမျှော်လင့်ထားမိခဲ့။

" အင်း... အင်း ဒီမှာ ခဏနေဦးနော်။ "

ကားတစ်စီးမှာ မှီထားခဲ့ပြီး Jong In အတွင်းရေးမှူးဆိုသူဆီကို ဖုန်းဆက်ရသည်။ သို့သော် ဖုန်းမကိုင်။ အိပ်သွားတာများလား။ အတွင်းရေးမှူးဖုန်းမကိုင်ရင် ဥက္ကဌ Oh ကို သူဘယ်လိုလုပ်ရမလဲ။

" ဘာလို့ဖုန်းမကိုင်တာလဲကွာ... "

Jong In တတီတီအသံသာ မြည်ပြီး တုန့်ပြန်မှုမရှိတဲ့ ဖုန်းကို နားထောင်ရင်း စိတ်ညစ်နေမိသည်။ ထိုစဥ် ငိုသံသဲ့သဲ့ကြားလိုက်ရ၍ ခေါင်းနပန်းကြီးသွားသည်။

နောက်လှည့်ကြည့်လိုက်တော့... လူသွားလမ်းပေါ်မှာ ငုတ်တုတ်ထိုင်ချရင်း ငိုနေတဲ့ ဥက္ကဌ Oh... သူ့ရှေ့မှာတော့ ကောင်မလေး ၂ ယောက်...

" ဘာ.. ဘာဖြစ်တာလဲ။ ခင်ဗျားက ဘာလို့ငိုနေတာလဲ။ "

" ငါ့ဟာငါထိုင်နေတာကို သူတို့က အတင်းလာခေါ်နေတယ်... "

ဥက္ကဌ Oh ရဲ့စကားကို ကောင်မလေး ၂ ယောက်က ပျာပျာသလဲ ငြင်းသည်။

" ရှင်... မခေါ်ပါဘူး။ အကူအညီလိုနေတဲ့ပုံပေါက်လို့ ဘာကူညီရမလဲ မေးတာပါ။ မလိုရင်လည်း နေပါ။ "

ကောင်မလေး ၂ ယောက်ထွက်သွားပြီသည်အထိ ဥက္ကဌ Oh က အငိုမတိတ်သေး။

" Oh Sehun-ssi မငိုနဲ့လေဗျာ... ခင်ဗျားကို ကျွန်တော် ဘာလုပ်လို့လဲ။ ဟိုမှာ ကောင်မလေးတွေလည်း သွားပြီလေ။ "

Jong In ပါ လမ်းပေါ်မှာ ဝင်ထိုင်ရင်း ချော့နေရသည်။ အတွင်းရေးမှူးကို ထပ်ပြီးဖုန်းဆက်ပေမယ့် ဖုန်းမကိုင်။ Jong In ရူးချင်ပါသည်။ ဒီလူကို သူဘယ်လိုလုပ်ရမလဲ။ ဒီအတိုင်း လမ်းမပေါ်မှာပဲ ပစ်ထားခဲ့ရမလား။

-----------------------------------

ရင်ဘတ်ပေါ် ဘုတ်ကနဲရောက်လာတဲ့ လက်တစ်ဖက်နဲ့အတူ Jong In နိုးလာခဲ့သည်။ နိုးနိုးချင်း လည်ပင်းနားမှာ ခံစားနေရတဲ့ ဝင်သက်ထွက်သက်နွေးနွေးကြောင့် လန့်သွားမိပေမယ့် ညက ဥက္ကဌ Oh ကို အိမ်ခေါ်လာမိတာ သတိရသွားသည်။

ကျောင်းနဲ့သိပ်မဝေးတဲ့နေရာက ခေါင်မိုးထပ်တိုက်ခန်းလေးမှာ Jong In တစ်ယောက်တည်းနေသည်။ အိမ်က ကျောင်းကအဆောင်မှာပဲ နေစေချင်ပေမယ့် Jong In က အပြင်မှာပဲ လွတ်လွတ်လပ်လပ် နေချင်တာမို့ အပြင်တိုက်ခန်းကိုပဲ ရွေးခဲ့တာ။ တစ်ယောက်တည်းသမားမို့ ပရိဘောဂစုံစုံလင်လင်လည်း မထား။ ကြမ်းပြင်ပေါ် ဆင်းအိပ်လျင် အေးခဲသွားနိုင်သည်။ ဒါကြောင့် ညက တစ်ခုတည်းသော ကုတင်ပေါ်မှာပဲ ဥက္ကဌ Oh နဲ့ အတူတူ အိပ်ဖြစ်သည်။

Jong In လက်ကို အသာအယာဖယ်လိုက်ပြီး မနက်စာလုပ်ဖို့ ထလာခဲ့သည်။ ဒီနေ့က Sunday ဖြစ်တာမို့ တစ်နေကုန်အားသည်။ ကုတင်ခြေရင်း စာကြည့်စားပွဲ ရှေ့က ထိုင်ခုံပေါ်မှ တီရှပ်အပါးလေးကို ကောက်ဝတ်လိုက်ပြီး မီးဖိုခန်းထဲကို ဝင်လာခဲ့သည်။

ပထမဆုံး ဆန်ဆေးကာ ထမင်းအိုးတည်ထားလိုက်သည်။ သောကြာနေ့ကမှ အမေလာပေးထားသည့် အရန်ဟင်းတွေရှိသေးတာမို့ ကြက်ဥကြော်လိုက်ရုံနဲ့တင် အဆင်ပြေမှာပါ။

တီ.... တောင်....

ရေခဲသေတ္တာထဲမှ ကြက်ဥတွေ ထုတ်နေတုန်း Jong In တံခါးအရင်ပြေးဖွင့်လိုက်သည်။ ညက အတွင်းရေးမှူးဆောဆီ သူ့အိမ်လိပ်စာကို ပို့ပေးထားတာမို့ ဥက္ကဌ Oh ကို ပြန်လာခေါ်တယ် ထင်ပါရဲ့။

" ခင်ဗျားဘာလို့ ညက ဖုန်းမကိုင်... "

တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့သူကြောင့် Jong In စကားတွေ ဆွံ့အသွားရသည်။ သောကြာနေ့ကမှ လာထားတဲ့အမေက တနင်္ဂနွေနေ့ကြီး ဘာလို့ထပ်လာတာလဲ။

" အ... အမေ... ဘာ... ဘာလို့ ရုတ်တရက်ကြီး "

" အို... တံခါးဝက ဖယ်စမ်းပါ။ ဒီနေ့ မင်းအဖေမွေးနေ့လေ... မေ့နေတာလား။ အမေတို့ ဒီမှာ ချက်ပြုတ်ပြီး ထမင်းတူတူ စားရမှာပေါ့။ မင်းက အိမ်ပြန်မလာတော့ ငါတို့ကပဲ လိုက်လာရတာပေါ့။ "

တံခါးဝက သူ့ကို တွန်းတိုက်ဖယ်ရင်း အမေက အိမ်ထဲကို အတင်းဝင်သွားသည်။ Jong In ကြောင်နေမိတုန်း လှေကားဆီမှ တထစ်ချင်းတက်လာတဲ့ အဖေ့ကိုတွေ့တော့ ဆင်းကာ ပြေးကူတွဲလိုက်သည်။

" အဖေကလည်း ကျွန်တော့်ကို ဖုန်းဆက်လိုက်ရင် ကျွန်တော်အိမ်ပြန်လာမှာပေါ့။ ဒူးနာနေတာကို ဒီသုံးထပ်အထိ တက်လာတယ်။ "

အဖေနဲ့အတူ တထစ်ချင်းတက်နေတုန်း အိမ်ထဲမှ အမေ့အော်သံကြားလိုက်ရ၍ Jong In ရုတ်တရက် သတိရမိသွားတာက အိမ်ထဲမှာ အရင်လို သူတစ်ယောက်တည်း မဟုတ်ဘူး။ ဥက္ကဌ Oh...

အထဲမှာ ဘာတွေဖြစ်နေပြီလဲ မသိတော့
ပြေးတက်သွားလိုက်ချင်ပေမယ့် အဖေနဲ့အတူ ဖြည်းဖြည်းချင်းတက်ရင်း သိချင်စိတ်ကို အောင့်အီးသည်းခံနေရသည်။ သူတို့ အပေါ်ဆုံးထပ်ကို ရောက်သည်နှင့် Jong In အိပ်ခန်းထဲကို ပြေးသွားမိသည်။

အိပ်ရာပေါ်မှာ အဝတ်မပါသည့် ကိုယ်တစ်ပိုင်းကို စောင်လေးနဲ့ကာ,ကာ ငုတ်တုတ်လေးထိုင်နေတဲ့ ဥက္ကဌ Oh ရယ်... ခေါင်းအုံးတစ်လုံးကိုင်ပြီး ရိုက်ဖို့အဆင်သင့်ဖြစ်နေတဲ့ ပုံစံနဲ့ အမေရယ်... ။

" သြော်... မင်းအိမ်ပြန်မလာနိုင်လောက်အောင် ဖြစ်နေရတဲ့ အကြောင်းရင်းက ဒါကြောင့်ကို... ။ "

" ဗျာ... "

Jong In ဘာပြောရမှန်းမသိ ကြောင်နေမိတုန်း ဆူဆူညံညံအသံတွေကြောင့် အိပ်ခန်းထဲကို အဖေပါဝင်လာသည်။

" မင်းနာမည် ဘယ်သူလဲ။ "

" ဗျာ... Oh Sehun ပါ။ "

" အသက်ရော ဘယ်လောက်ရှိပြီလဲ။ "

" ၃၃ နှစ်ပါ။ "

" ၃၃... အောင်မလေး ငါ့သားနဲ့ ၉ နှစ်တောင် ကွာတာပေါ့။ "

မဟုတ်တာကို မဟုတ်ကြောင်း မငြင်းပဲ အူလည်လည်နဲ့ အမေမေးသမျှဖြေနေတဲ့ ဥက္ကဌ Oh ကြောင့် Jong In ပိုရူးချင်လာသည်။

" အမေကလည်း... အမေထင်နေသလို မဟုတ်ပါဘူးဆိုတာကို... "

" မင်းပါးစပ်ပိတ်... "

" ဟိုသူငယ်... အဝတ်အစားလေး ဘာလေးဝတ်ပြီးမှ ဧည့်ခန်းထဲမှာ စကားပြောကြတာပေါ့။ "

သူတို့ကြားထဲမှ အဖေက ဝင်ဖြန်ဖြေပေးပြီး အမေ့ကို အိပ်ခန်းထဲမှ ဆွဲခေါ်သွားသည်။ အခုအခန်းထဲမှာ ကျန်ခဲ့တာ သူတို့နှစ်ယောက်တည်း။

" ငါက ဘာလို့ဒီကို ရောက်နေတာလဲ။ "

" ခင်ဗျား ညက လူမှန်းသူမှန်းမသိအောင် မူးနေလို့ စေတနာနဲ့ ခေါ်လာပေးတာလေ။ ခင်ဗျားအတွင်းရေးမှူးက ဖုန်းမှမကိုင်တာ။ "

" ဒါဆို ဘာလို့ အင်္ကျီက ကျွတ်နေရတာလဲ။ "

" ကျွန်တော်က ညဘက်အိပ်ရင် အင်္ကျီချွတ်အိပ်တတ်တဲ့သူမို့ ခင်ဗျားလည်း ကျွန်တော့်လိုပဲထင်လို့ ချွတ်ထားလိုက်တာ။ ပြီးတော့ ခင်ဗျားအင်္ကျီက အရက်နံ့တွေနဲ့ တအားနံနေပြီ။ "

" ..... "

" အမေ အထင်လွဲသွားတာအတွက် တောင်းပန်ပါတယ်။ ကျွန်တော် ပြန်ရှင်းပြလိုက်ပါမယ်။ "

" ရပါတယ်... ကျေးဇူးပဲ။ ဒီကို ခေါ်လာပေးလို့... ။ "

ထို့နောက် ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်ထဲ ဝင်သွားသည်။ Jong In မူလနေရာမှာပဲ ရပ်နေမိဆဲ။ တစ်စုံတစ်ခုက ရစ်ပတ်ဆွဲငင်သွားသလို ပထမဆုံးအကြိမ် ဒီလူသားကို ကာကွယ်စောင့်ရှောက်ပေးချင်စိတ်တွေ ပေါ်လာမိသည်။

Kim Jong In... မင်းက ရူးနေတာပဲဖြစ်မယ်။ ဥက္ကဌ Oh လို အရာအားလုံး ပြီးပြည့်စုံနေတဲ့လူတစ်ယောက်ကိုမှ ကာကွယ်စောင့်ရှောက်ပေးချင်တာတဲ့လား။

--------------------------------------

" ဒီနေ့ကတော့ ဒီလောက်ပါပဲ... နောက်တစ်ပတ် အင်္ဂါနေ့ကျရင် Assignment ထပ်ဖို့ မမေ့နဲ့နော်။ "

" ဟုတ်ကဲ့! "

အတန်းထဲမှာ ဆရာထွက်သွားသည်နှင့် အကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ Jong In လည်း မင်ဂျွန်းတို့နဲ့အတူ နေ့လည်စာစားဖို့ ကန်တင်းဘက်ကို ထွက်လာခဲ့သည်။

" ဟယ်ယောင်း... နင်ဒီနေ့ အဲ့ဒီစာအုပ်ကို တကိုင်ကိုင်နဲ့ ဘာဖြစ်နေတာလဲ။ ဆရာစာသင်နေတုန်းကလည်း အဲ့စာအုပ်ကိုကြည့်ရင်း တစ်ယောက်တည်း ကြိတ်ပြုံးနေပြီး။ "

မင်ဂျွန်းက မေးလိုက်တော့ ဟယ်ယောင်းက မျက်နှာလေးနီလာပြီး...

" မနေ့က ငါတို့ anniversary လေ... ဒီစာအုပ်က မနေ့က ငါ့ကောင်လေးပေးတာ။ ငါတို့စတွေ့ခဲ့တဲ့နေ့ကစပြီး အမှတ်တရတွေအကုန် ချရေးထားတာ။ "

ထယ်အိုက သူ့ကိုမျက်စပစ်ပြနေသည်မို့ Jong In အဲ့ဒီစာအုပ်ကို ဟယ်ယောင်းလက်ထဲမှ ဆက်ကနဲဆွဲလုလိုက်သည်။

" မှန်းစမ်း... အချစ်ဒဿနတွေ ဖတ်ကြည့်ရအောင်။ "

" ရား! နင်ပြန်ပေးစမ်း... "

ဟယ်ယောင်းက ပြန်လိုက်လုနေပေမယ့် ဘယ်လိုလုပ်လုပ် မိုးပေါ်မြှောက်ထားတဲ့ Jong In လက်ထဲက စာအုပ်ကို မမှီနိုင်။ ခြေဖျားထောက်ကာ အတင်းလိုက်လုရင်း တစ်ဖက်ကလည်း သူ့လက်မောင်းတွေကို ရိုက်နေသည်။ မင်ဂျွန်းနဲ့ ထယ်အိုကတော့ သူတို့နှစ်ယောက်ကို  ကြည့်ရင်း ရယ်နေသည်။

" နင်ရအောင် ယူလေ... "

Jong In ဟယ်ယောင်းကို စရင်း နောက်ပြန်လျှောက်နေရာမှ ရပ်ထားတဲ့ကားတစ်စီးကို ဝင်တိုက်မိပြန်သည်။ ကားရှေ့ပိုင်းနဲ့ ဒုတ်ကနဲဝင်တိုက်မိတဲ့ ခါးနေရာမှာ အီစိမ့်သွားသည်။ ဟယ်ယောင်းလည်း အနားကိုရောက်လာပီး လက်ထဲမှ စာအုပ်ကို ပြန်ဆွဲလုသွားသည်။

" မင်းက ရပ်ထားတဲ့ကားတွေကိုဆို အမြဲဝင်တိုက်နေကျပဲလား။ "

Jong In နှလုံးသားထဲမှာ စွဲပြီးမှတ်မိနေတဲ့အသံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ ကားကိုမှီရင်း ရပ်နေတဲ့ ဥက္ကဌ Oh ... ။

" Oh Sehun-ssi က ဘယ်လိုလုပ်ပြီး ဒီကို... "

" ဟိုတစ်နေ့က ကိစ္စအတွက် ထမင်းဝယ်ကျွေးချင်လို့... ။   "

ကန်တင်းထဲမှာ Jong In တို့ဝိုင်းက လူစိတ်ဝင်စား အခံရဆုံးဖြစ်နေသည်။ အနားက ဖြတ်သွားသူတိုင်း သူ့ဘေးမှာထိုင်နေတဲ့ ဥက္ကဌ Oh ကို လှည့်လှည့်ကြည့်သွားကြသည်။ အရင်နေ့တွေကလို suit နဲ့မဟုတ်ဘဲ ဆွယ်တာအဖြူလေး ဝတ်ပြီး မျက်မှန်ဝိုင်းလေး တပ်ထားတဲ့ ဥက္ကဌ Oh က သူတို့နဲ့ ရွယ်တူလို့ ထင်ရလောက်အောင် ငယ်ရွယ်နေသည်။ Jong In ကိုယ်တိုင်လည်း တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပုံရိပ်လေးကို မသိမသာ ခိုးငေးနေမိသည်။

စကားများတဲ့ မင်ဂျွန်းတောင် ဘာမှမပြောဘဲ သူတို့နှစ်ယောက်ကို အကဲခတ်နေသည့် ပုံစံကြည့်နေသည်။

" အပြင်မှာ လိုက်ကျွေးချင်ပေမယ့် ကိုယ်အချိန်မရတော့လို့ တောင်းပန်ပါတယ်။ ၂ နာရီကျ ချိန်းထားတာလေးတစ်ခု ရှိလို့... ။ "

" မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော့်သူငယ်ချင်းတွေပါ... သူက မင်ဂျွန်း၊ သူက ထယ်အို၊ သူကတော့ ဟယ်ယောင်း။ ခုနက ကျွန်တော်လုနေတဲ့ စာအုပ်က ဟယ်ယောင်းကို သူ့ကောင်လေးက anniversary day မှာ အမှတ်တရပေးတဲ့စာအုပ်လေ။ ကျွန်တော်က စာအုပ်ယူပြီး သူ့ကို တမင်လိုက်စနေတာပါ။ "

စကားအဆုံးမှာ ဝိုင်းမှာထိုင်နေတဲ့ လူလေးယောက်လုံး သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ဝိုင်းကြည့်နေကြသည်။ သူပြောတာ မှားသွားလို့လား။

ဥက္ကဌ Oh က ဘာမှပြန်မပြောဘဲ ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး တိတ်ဆိတ်စွာ ထမင်းစားနေသည်။ ဟယ်ယောင်းကတော့ ပြုံးစိစိနှင့်။

ထမင်းစားပြီးတော့ Jong In က ဥက္ကဌ Oh ကို ကားနားထိ ပြန်လိုက်ပို့ပေးသည်။ ဥက္ကဌ Oh ကားပေါ်မတက်ခင်...

" Sehun-ssi ... ကျွန်တော့်ကို Sehun ရဲ့ ဖုန်းနံပါတ်ပေးပါလား။ "

အစကတော့ ဘာလို့လဲဟု မေးခွန်းပြန်ထုတ်မယ့် အကြည့်နဲ့ ကြည့်နေပေမယ့် သူ့လက်ထဲက ဖုန်းကို Jong In ဆီကို အသာတကြည်ထိုးပေးလာသည်။ Jong In လည်း ကိုယ့်ဖုန်းနံပါတ်ကို ပြန်ခေါ်လိုက်ပြီး သူ့နံပါတ်ကိုပါ Jong In ဟူ၍ contact မှတ်ပေးလိုက်သည်။

ဥက္ကဌ Oh ရဲ့ကား ထွက်သွားပြီးနောက် ဘယ်အချိန်တည်းက နောက်ကချောင်းနေမှန်း မသိတဲ့ သုံးယောက်က သူ့ရှေ့ကို ချက်ချင်းရောက်လာသည်။

" ဟေ့ရောင်... မင်းနဲ့ အဲ့ဒီဥက္ကဌချောချောလေးနဲ့က ဘာတွေလဲ။ "

" ငါ့မှာ ရည်းစားရှိကြောင်း နင်တမင်ထည့်ပြောလိုက်တာမလား။ အမလေး Kim Jong In တို့ သူ့လူအထင်လွဲမှာစိုးလို့ အသည်းအသန်ရှင်းပြနေလိုက်တာများ... ။ "

" နောက်ဆုံးတော့ ကျောက်ရုပ်ကြီးကို လှုပ်အောင်လုပ်နိုင်တဲ့သူကို ရှာတွေ့ပြီပဲ။ "

Jong In ဒီတစ်ခါလည်း ဘာမှပြန်မပြောနိုင်ခဲ့။ တကယ်ပဲ ဟယ်ယောင်းကိစ္စကို သူဘာလို့ ရှင်းပြခဲ့မိတာလဲ။ ဥက္ကဌ Oh အထင်လွဲမှာ ကြောက်နေတာလား။ ဟိုကောင်တွေပြောသလို သူ ဥက္ကဌ Oh အပေါ်မှာ စိတ်ဝင်စားနေမိပြီလား။


Jong In M2T အဆောက်အဦးရှေ့မှာ ထိုင်စောင့်နေတာ ၁ နာရီလောက် ရှိပြီ။ ဒီနေ့ Character က ဆေးမခြယ်ခင် နောက်ဆုံးအဆင့်မို့ ဥက္ကဌ Oh ကို ပြဖို့လာခဲ့တာ။ ဟိုတစ်ခါဆက်ဆံရေးအပြီးမှာ ဥက္ကဌ Oh က သူ့ကိုထပ်ပြီး နှင်မထုတ်တော့ပါ။

" နည်းနည်းလောက် ပြင်လိုက်ရင်ကောင်းမလား... "

ပြည့်စုံနေသော Character လေးကို Jong In ဖျက်လိုဖျက်စီး လုပ်ချင်နေသည်။ စာချုပ်ထဲမှာ ၁ လ အတွင်း အပြီးပေးရမယ်လို့ ရေးထားပေမယ့် တကယ်တမ်း ဒီ  ၁  လကုန်သွားမှာကို Jong In စိုးရိမ်နေမိသည်။ ပုံမှာ ပြင်စရာတွေများရင် သူဒီကုမ္မဏီကို ခဏခဏ လာလို့ရမယ်ထင်တယ်။

ခဏကြာတော့ ဥက္ကဌ Oh ရဲ့ ကားရောက်လာသည်။ ဒီတစ်ခါလည်း အတွင်းရေးမှူး မပါ။ ကိုယ်တိုင်မောင်းလာပုံ ရသည်။

" Sehun... "

" အင်း... ရုံးခန်းထဲကို လာခဲ့လေ။ "

ဥက္ကဌ Oh အသံက အရင်ကနဲ့ မတူဘဲ ထူးဆန်းနေသည်။ ရုံးခန်းထဲကို လှမ်းဝင်သွားတဲ့ ခြေလှမ်းတွေမှာလည်း အားမရှိလှ။ အရင်ကထက် ပိုဖြူစွတ်နေတဲ့မျက်နှာနဲ့ ရုံးခန်းထဲက ဆိုဖာခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တဲ့ ဥက္ကဌ Oh ပုံစံကို သူတစ်ခါမှ မမြင်ဖူးခဲ့။

" ခင်ဗျား နေမကောင်းဘူးလား။ "

" အင်း... "

ခပ်တိုးတိုးသာ ပြန်ဖြေပြီး မျက်ဝန်းအစုံကို မှိတ်ကာ ဆိုဖာပေါ်မှာ မှီနေသည်။ Jong In မျက်နှာချင်းဆိုင်မှာ ထိုင်နေရာမှ ရုတ်တရက်ထသွားပြီး နဖူးကိုစမ်းကြည့်လိုက်တော့ မှိတ်ထားသည့်မျက်ဝန်းအစုံမှာ အံ့သြခြင်းအရိပ်အယောင်တွေနဲ့ ရုတ်တရတ် ပွင့်လာသည်။

" ဒီလောက် ကိုယ်တွေပူနေတာကို ခင်ဗျားဘာလို့ ဒီကိုလာနေသေးတာလဲ။ ခင်ဗျား အတွင်းရေးမှူးက ဘယ်ရောက်သွားလို့လဲ။ "

" အတွင်းရေးမှူးဆောက ငါ့ကိုယ်စား client နဲ့ သွားတွေ့တယ်။ ငါအဆင်ပြေပါတယ်... "

အဆင်ပြေပါတယ် ပြောနေပေမယ့် အသံက အားမပါလှ။ ဒီလောက်နေမကောင်းဖြစ်နေတာတောင် ကုမ္မဏီကို ကိုယ်တိုင်ကားမောင်းပြီးလာတဲ့ ၃၃ နှစ်အရွယ် ဥက္ကဌကို Jong In ကောင်းကောင်းကြီး ဆူလိုက်ချင်ပါသည်။ တကယ်ပဲ ဥက္ကဌ Oh ရဲ့ အချိန်ဇယားမှာ ပြဿနာတစ်ခုတော့ ရှိနေပြီ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အချိန်မရှိသည့် ပြဿနာပင်။

" ဘာပြေတာလဲ။ ခင်ဗျား ဆေးရုံသွားမှ ဖြစ်မှာ... ။ ခဏနေဦး။ ကျွန်တော် taxi ခေါ်လိုက်ဦးမယ်။ "

ဖုန်းခေါ်ဖို့ အပြင်ထွက်မယ်လုပ်တော့ ဥက္ကဌ Oh က သူ့လက်ကို လှမ်းဆွဲထားသည်။

" ဘာလို့ taxi လဲ... ။ "

" ကျွန်တော်မှ ကားမမောင်းတတ်တာ... ။ "

.
.
.

ညာဘက်လက်ဖျံမှာ ဆေးပိုက်တန်းလန်းနဲ့တောင် ကြိတ်ရယ်နေတဲ့ ဥက္ကဌ Oh ကို Jong In မျက်မှောင်ကျုံ့ ကြည့်လိုက်သည်။ တစ်လမ်းလုံးလည်း ပြုံးစိစိနှင့်။ ဒီလူ တကယ်နေမကောင်းတာရော ဟုတ်ရဲ့လားဟု သံသယဝင်မိသည်အထိ။

" အဲ့လောက်ရီရလား... ။ "

" အင်း... မင်းက ဆရာကြီးလည်း လုပ်ချင်သေးတယ်။ ပြီးတော့ ကားမမောင်းတတ်လို့ ငါ့ကို တက္ကစီနဲ့ ဆေးရုံခေါ်လာပေးတယ်ပေါ့။ ကားခရော ပြန်ပေးရဦးမလား ကျောင်းသားလေး... ။ "

" ဘာနဲ့ ခေါ်လာခေါ်လာ ခင်ဗျားဆေးရုံရောက်ဖို့ အရေးကြီးတယ်... ။ "

" ..... "

" လက်က နာနေသေးလား။ ခင်ဗျား အပ်ကြောက်တတ်လား မသိပေမယ့် ဒီဆေးတော့ ကုန်အောင်သွင်းရမှာမို့ ...  ။ တစ်ခုခုစားချင်လား... ကျွန်တော် သွားဝယ်ပေးမယ်လေ။ "

" မင်းဘာလို့ ငါ့ကို အဲ့လောက်ထိ ဂရုစိုက်နေတာလဲ။ "

Jong In ချက်ချင်း ပြန်မဖြေနိိုင်။ ဘာကြောင့်မှန်း သူ့ဘာသာသူလည်း သေချာမသိသောကြောင့်ပေ။ မေးခွန်းအပေါ်မှာ တွေဝေနေမိတုန်း... ။

" ဥက္ကဌကြီး!! "

နာမည်အော်ခေါ်ရင်း လိုက်ကာကို ဝုန်းကနဲဆွဲဖွင့်လိုက်တဲ့ အတွင်းရေးမှူးဆောကြောင့် Jong In လက်ထဲကဖုန်းပါ  လွတ်ကျမလို ဖြစ်သွားသည်။

" အဆင်ပြေရဲ့လား။ ဘာဖြစ်သွားတာလဲ။ ကျွန်တော် အန်တီတို့ကိုလည်း အကြောင်းကြားလိုက်ပြီး အခုပဲ ဆေးရုံကို လိုက်လာနေပါပြီ။ "

" သားငယ်... ဘယ်လိုဖြစ်တာလဲ! "

အခန်းထဲမှာ ဆရာဝန် ၅ ယောက်ခန့်အဖွဲ့နှင့် Sehun အမေဟူသော အန်တီကြီးတို့ စကားပြောနေကြသည်။ အတွင်းရေးမှူးဆောက အန်တီကြီးအနားမှာ ရပ်ပြီး ကူပြောပေးနေသည်။ Jong In ထားထားပေးတဲ့ ဟောခန်းထဲက သာမန်ကုတင်လေးကနေ VIP အခန်းကျယ်ထဲကို ရွှေ့ကြသည်။ ထို့နောက် ပါမောက္ခအဆင့် ဆရာဝန်ကြီးတွေပါ ရောက်လာပြီး Sehun ကို လာကြည့်ကြသည်။ ထို့နောက် အန်တီကြီးကို တောင်းပန်နေသည့်ပုံစံဖြင့် အခန်းပြင်ဘက်မှာ စကားပြောနေသည်။

" ကို... ဗိုက်ဆာနေပြီလား။ ကျွန်မအိမ်ကို ခရုဆန်ပြုတ် မှာထားတာမို့ ခဏလေးစောင့်နော်... ။ "

Sehun က ခေါင်းပဲခါပြပြီး ဘာမှပြန်မပြော။ Jong In သာ အခန်းထဲမှာ လူစိမ်းတစ်ယောက်လို ခံစားရပြီး အနေခက်နေမိသည်။ အန်တီကြီးနဲ့ ပါလာတဲ့ ထိုမိန်းကလေးက Sehun ကို ဘားရောက်ပြီး မူးကွဲစေခဲ့တဲ့ အကြောင်းအရင်းမှန်း Jong In တန်းသိလိုက်သည်။ Sehun ဘက်ကတော့ ခပ်တန်းတန်းပေမယ့် မိန်းကလေးဘက်ကတော့ ဇနီးလောင်းတစ်ယောက်ရဲ့ ဝတ္တရားအတိုင်း အကုန်လိုက်လုပ်ပေးသည်။

" သမီးရေ... ဒီကိုလာပါဦး... ။ သားရဲ့ တာဝန်ခံဆရာဝန်ကြီးနဲ့ မိတ်ဆက်ပေးချင်လို့... ။ "

" ခဏနော်... ကို "

မိန်းကလေးက အခန်းထဲက ထွက်သွားပြီး အပြင်ကစကားတွေ အထဲကိုမကြားစေဖို့ တံခါးကိုပါ ပိတ်လိုက်သည်။ သို့သော် တံခါးမှန်နေရာမှတဆင့် ဆရာဝန်ကြီးများနှင့် စကားပြောနေသည်ကို မြင်နေရသေးသည်။

" ဒါဆို ကျွန်တော်သွားတော့မယ်... ခင်ဗျားရဲ့ သက်ဆိုင်သူတွေလည်း ရောက်နေပြီပဲ။ "

သူ့လက်ကို လှမ်းဆွဲထားတဲ့ ဥက္ကဌ Oh ကြောင့် Jong in ဒုတိယအကြိမ် ခုံပေါ်မှာ ပြန်ထိုင်မိပြန်သည်။

" ခုနက ငါ့မေးခွန်းကို မင်းမဖြေရသေးဘူး... ။ "

" မဖြေချင်ဘူး... "

" ဒါဆိုမင်း ဒီအခန်းထဲက မသွားရဘူး။ "

" သဘောကျလို့... ခင်ဗျားကို သဘောကျလို့... နည်းနည်းလေးမှ အထိခိုက်မခံနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးချင်လို့... "

" .....  "

" ခင်ဗျားက ပြီးပြည့်စုံတာကို ကျွန်တော်သိတယ်။ ငွေကြေး၊ ရုပ်ရည်၊ မိသားစု နောက်ဆုံး လက်ထပ်ရမယ့် မိန်းကလေးထိ အရာအားလုံးပြည့်စုံနေတဲ့ ခင်ဗျားလို့လူကိုမှ ဘာလို့ ကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးချင်နေမှန်း ကျွန်တော့်ကိုယ်ကျွန်တော်လည်း မသိတော့ဘူး။ "

" တကယ်လို့ ငါက မင်းကိုလိုအပ်တယ်ဆိုရင်ရော... "

Jong In ရုတ်တရက် မှင်သက်သွားသည်။ နှလုံးသွေးများ တဒုတ်ဒုတ်တိုးလာပြီး ရင်ထဲမှာ ဝုန်းဒိုင်းကြဲနေသည်။ ဥက္ကဌ Oh ပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်... ။

" ခင်ဗျား ဘာကိုပြော... "

ရုတ်တရက်ထိကပ်လာတဲ့ နှုတ်ခမ်းပါးတစ်စုံက စကားလုံးတွေ မလိုအပ်သည့် အဖြေတစ်ခုလား။ အနမ်းတွေနောက် လိုက်ပါစီးမြောခဲ့ပြီးမှ တံခါးအပြင်ဘက်က အခြေအနေကို သတိရမိပြီး ပုံမှန်အတိုင်း နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

Jong In ကားမှတ်တိုင်ရောက်တော့မှ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ခုနကဖြစ်သွားတဲ့ကိစ္စတွေကို သူအခုထိ မယုံနိုင်သေး။ မမျှော်လင့်ပဲ ဖွင့်ပြောလိုက်မိပေမယ့် မထင်မှတ်ထားတဲ့ အဖြေပြန်ရခဲ့သည်။

အာ... ခင်ဗျားကြောင့် ကျွန်တော်တော့ ရူးတော့မှာပဲ... ။

-------------------------

" ညနေ ၆ နာရီကျ ရုံးဆင်းမှာ... " ဟူသော စာတိုလေးကြောင့် Jong In... M2T Company ရှေ့ ရောက်နေမိသည်။ ခဏကြာတော့ ရုံးထဲမှ Sehun ထွက်လာသည်။ အတွင်းရေးမှူးဆောကို ပြန်ခိုင်းလိုက်ပြီး နှစ်ယောက်တည်း ညစာစားဖို့ ထွက်လာခဲ့သည်။

စွပ်ပြုတ် ၂ ပွဲမှာပြီးတော့ Jong In က တူနဲ့ဇွန်းတွေ ယူကာ တစ်သျှူးနဲ့ သေချာသုတ်ပေးသည်။ Sehun ကတော့ ခုံကိုမှီထိုင်ရင်း ငူငူငိုင်ငိုင်နဲ့။

" မျက်နှာလည်း မကောင်းဘူး... တစ်ခုခု ဖြစ်လာတာလား။ "

Jong In စကားကြောင့် ခပ်မတ်မတ်ပြန်ထိုင်လာပြီး... ရေတစ်ခွက်ငှဲ့သောက်လိုက်ကာ...

" ခုတလော အလုပ်ပင်ပန်းလို့ပါ... ။ ငါအရင်က ဒီလိုမဖြစ်ဖူးပါဘူး။ မင်းကြောင့်ထင်တယ်။ တစ်ယောက်ယောက် မှီတွယ်စရာတွေ့တာနဲ့ စိတ်က ပျော့သွားရောပဲ။ "

" ဟဟား... စိတ်ညစ်စရာတွေရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်။ တက္ကသိုလ်ကျောင်းသားလေးက Hun လိုအပ်တဲ့ အကြံဉာဏ်ကို မပေးနိုင်ပေမယ့် စိတ်သက်သာရာရအောင်တော့ နှစ်သိမ့်ပေးနိုင်တယ်။ ဘယ်အချိန်ဖြစ်ဖြစ်.... ။ "

" Hun... ? ငါမင်းထက် ၉ နှစ်တောင် ကြီးတာနော်။ မင်းငါ့ကို ရိုရိုသေသေခေါ်သင့်တယ် မဟုတ်ဘူးလား။ "

" Sehunnie.... "

" တော်ပြီ... ခုနကလိုပဲ ပြန်ခေါ်တော့။ "

" လူတစ်ယောက်က အမြဲတမ်း ပြီးပြည့်စုံနေစရာ မလ်ိုဘူး Hun... ။ ပင်းပန်နေရင် နားလိုက်... ။ စိတ်ညစ်စရာရှိရင် ရင်ဖွင့်ပြောလိုက်... ။ ဥက္ကဌလည်း လူပဲ... အမြဲတမ်း သန်မာချင်ယောင်ဆောင်နေရရင် Hun ပဲ စိတ်ထိခိုက်လိမ့်မယ်။ ကျွန်တော်က အမြဲတမ်း ဘေးမှာရှိနေပေးမယ်။ အလုပ်တွေ ပင်ပန်းလာလို့ အဆင်မပြေလို့ ကျွန်တော့်အပေါ်မှာ ဒေါသတွေပုံချပြီး ဆူဆဲလိုက်လည်း အဆင်ပြေတယ်။ ကျွန်တော်က Hun အတွက် ဘာမှမပေးနိုင်ပေမယ့် ချစ်ခြင်းတရားတွေကိုတော့ အများကြီးပေးသွားမှာ။ "

waiter လေးမှ စွပ်ပြုတ်ပန်းကန်တွေလာချပေး၍  စကားစပြတ်သွားသည်။ Sehun ပြုံးနေမိလား မသိပါ။ ဒီရင့်ကျက်လွန်းတဲ့ လူသားလေးကို ရွေးချယ်ခဲ့ရတဲ့အတွက် နောင်တမရှိတာတော့ သေချာသည်။

--------------------------

" ဝိုး... ပင်လယ်ကြီးပဲ။ "

" Hun  ဒီလိုခရီးတွေ မသွားဖူးဘူးလား... ။ "

" အင်း... "

ပင်လယ်ကြီးကို ငေးရင်း ဆားနံ့ဝေ့နေတဲ့ ပင်လယ်လေကို တဝကြီးရှူရှိုက်နေတဲ့သူက ထိုစကားတစ်လုံးတည်းသာ ပြန်ဖြေလာသည်။ semester ကျောင်းပိတ်ရက် မတိုင်မီ Jong In တို့ သူငယ်ချင်းတွေစုပြီး ခရီးထွက်လေ့ရှိတာမို့ ဒီတစ်ခါတော့ အလုပ်ထဲမှာပဲ နစ်မြုပ်နေတဲ့ Sehun ကိုပါ အပါခေါ်လာခဲ့တာ။

" ကျောင်းသားဘဝတည်းက အလုပ်သင်စဝင်ခဲ့ရတာ... တစ်ခါမှ ကျောင်းခရီးတွေကို မလိုက်ဖူးဘူး။ "

" Jong In!!! တဲထိုးတာ လာကူပေးဦး! "

" ခဏနော် Hun... သွားကူလုပ်ပေးလိုက်ဦးမယ်။ "

" ကိုယ်ပါ လိုက်ကူပေးမယ်။ "

စတွေ့တုန်းကနဲ့ လုံးဝမတူတော့တဲ့ Sehun က သူ့သူငယ်ချင်းအဖွဲ့နဲ့လည်း အချိန်ခဏလေးအတွင်းမှာတင် အဆင်ပြေသွားသည်။ ရွက်ဖျင်တဲကို တူတူဝိုင်းထိုးကြပြီး ဘော်လီဘောလည်း အတူတူဆော့ကြသည်။ အခုလိုမျိုး လွတ်လပ်ပေါ့ပါးနေတဲ့ Hun ပုံစံကို ၃ လအတွင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ... ။

" ဘာသီချင်း နားထောင်ကြမလဲ။ "

မှောင်ရီသန်းလာသည့်အချိန် လေဖြူးဖြူးနဲ့အတူ အအေးဓာတ်ပါ တိုးလာသည်။ မီးပုံလေးဖိုရင်း ၅ ယောက်သား ဝိုင်းထိုင်နေကြသည်။ တစ်ဖက်က မီးပုံမှာတော့ ထယ်အိုက မကျက်သေးတဲ့ ခေါက်ဆွဲပြုတ်အိုးကို ကြည့်နေသည်။

" အစ်ကို Sehun ဂစ်တာတီးတတ်လား။ "

ဟယ်ယောင်းရဲ့ အမေးကို Sehun က ရယ်ပြရင်း ဖြည်းညှင်းစွာ ခေါင်းခါသည်။ Jong In ကပဲ သူ့ဆီက ဂစ်တာကို လှမ်းယူလိုက်သည်။

" ကျွန်တော် ဆိုပြမယ်။ "

" မင်းကို သဘောကျတယ်...
အရမ်းသဘောကျတယ်
ကိုယ့်ရဲ့ အရာအားလုံး
ပုံအပ်လိုက်ချင်တယ်...
ထပ်ပြီး ကိုယ့်ရဲ့ခံစားချက်တွေကို
ဖုံးကွယ်မထားချင်တော့ဘူး... ။
ထာဝရထိတိုင်...
မင်းနဲ့အတူရှိသွားမယ်...
......
......
...... "

သီချင်းပြီးသွားသည်အထိ  Sehun ရဲ့ အကြည့်တွေက သူ့ဆီက မခွာသေး။ သီချင်းဆိုနေသည့် တစ်လျှောက်လုံးလည်း ပြုံးပြီးကြည့်နေခဲ့တာ... ။ ဖြစ်နိုင်လျင် ဒီအခိုက်အတန့်လေးတွေကို အချိန်ခဏရပ်ထားချင်မိသည်။

" ခေါက်ဆွဲပြုတ် ရပြီဟေး... "

ထယ်အိုရဲ့ စကားနောက်မှ အားလုံး ခေါက်ဆွဲပြုတ်ဆီကို အာရုံရောက်သွားကြသည်။ မီးပုံဘေးမှ ထကာ ခေါက်ဆွဲပြုတ်အိုးဆီကို ဝိုင်းသွားကြသည်။ Jong In နဲ့ Sehun လည်း အပါအဝင်ဖြစ်သည်။ အိုးကြီးတစ်ခုထဲမှ အားလုံးအတူတူ နှိုက်စားကြသည်မို့ Sehun စားတတ်ပါ့မလား စိတ်ပူမိပေမယ့် Sehun အဆင်ပြေစွာပင် ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်။

စားသောက်ပြီးတော့ တစ်နေ့လုံးဆော့ထားသည့်အရှိန် ခရီးပန်းလာသည့်အရှိန်ဖြင့် အသီးသီးအိပ်ရာဝင်ကုန်ကြသည။ ထယ်အိုနဲ့ မင်ဂျွန်းက တဲတစ်လုံး၊ ဟယ်ယောင်းနဲ့ သူ့ကောင်လေးက တဲတစ်လုံး၊ Jong In နဲ့ Sehun အတွက်က တဲတစ်လုံး။

" Sehun... မအိပ်သေးဘူးလား။ "

သဲသောင်ပြင်ပေါ်မှာ ထိုင်ရင်း ကမ်းခြေဘက်ကို ငေးနေတဲ့ Sehun အနားမှာ Jong In ဝင်ထိုင်လိုက်သည်။ ညနေတည်းက ဖိုထားတဲ့ မီးဖိုက မီးခဲရဲရဲလောက်သာ ကျန်တော့ပေမယ့် သူတို့နှစ်ယောက်အတွက် လုံလောက်စွာ အပူစွမ်းအင်တွေ ထောက်ပံ့နေဆဲ။

" အင်း... မနက်ဖြန်ဆို အလုပ်ပြန်သွားရတော့မှာလေ။ ဒီရက်လေးကို ကုန်သွားမှာ နှမြောတယ်။ "

" နောက်ကျရင် ကျွန်တော်က ဒီလိုခရီးမျိုး ခဏခဏခေါ်သွားပေးမယ်လေ။ "

Hun က ရယ်ရင်းနဲ့ ခေါင်းငြိမ့်ပြသည်။ ကောင်းကင်ကြီးမှာ ရှင်းလင်းနေပြီး မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများ ဟိုတစ်စု ဒီတစ်စုဖြင့် ကြယ်ပင်လယ်ကြီးကိုလည်း တွေ့နေရသည်။

" ကိုယ်မေမေ့ကို မင်းအကြောင်း ပြောလိုက်ပြီ။ စေ့စပ်ထားတဲ့ ကိစ္စကိုလည်း ဖျက်သိမ်းခိုင်းလိုက်ပြီ။ "

Sehun စကားကြောင့် Jong In ပင်လယ်ဘက်ကို ငေးနေရာမှ သူ့ကိုလှည့်ကြည့်ဖြစ်လာသည်။ အသက် ၉ နှစ်တောင် ကွာတဲ့ဆက်ဆံရေးမှာ သူက Sehun နဲ့ ယှဥ်ရင် အရာရာ မပြည့်စုံသူဖြစ်နေမလားဟူသော အတွေးက ခေါင်းထဲမှာ အချိန်ပြည့် ရှိနေခဲ့တာ။

" အဲ့တော့ အန်တီက ဘာပြန်ပြောလဲ။ "

" ကိုယ်အဆင်ပြေရင် ရပြီတဲ့။ "

Jong In ပြုံးလိုက်မိသည်။ တကယ်ပဲ Sehun ဘဝက မိသားစုကအစ သူ့အလိုအတိုင်းနွေးထွေး ပြည့်စုံနေသည်။ သူ့လို ကျောင်းသားလေးတစ်ယောက်ကိုတော င် လက်ခံပေးတဲ့အထိ မျက်နှာမညိုးအောင်ထားထားသည့် Sehun ကို သူ့ဘက်ကလည်း သူ့ကြောင့် စိတ်တစ်ချက်မညစ်ရအောင် အစွမ်းအောင်ချစ်ပေး ဂရုစိုက်ပေးရမည်ဟု တွေးနေမိသည်။

" ဒါနဲ့ မင်းရဲ့ logo က ဘာကိုဆိုလိုတာလဲ။ K အောက်က လေးထောင့်တုံးလေးနဲ့။ "

Sehun ရဲ့ စကားသံကြောင့် Jong In အတွေးတို့ ရပ်တန့်သွားသည်။

" လေးထောင့်တုံးမဟုတ်ပါဘူး။ square ပါ... ။ K square... သင်္ချာသင်္ကေတနဲ့ဆိုရင် K^2 ပေါ့။ K K ... ကျွန်တော့်ရဲ့ နာမည်ပြောင်က Kim Kai လေ... ။ " 

Sehun က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပင်လယ်ဘက်လှည့်ကာ တွေးတောနေပြန်သည်။

" Hun... ကျွန်တော် နမ်းလို့ရလား။ "

" မလုပ်နဲ့ပြောရင် မင်းက မနမ်းဘဲနေမှာမို့လို့လား... ။ "

Sehun ရဲ့ မျက်နှာကို လက်နဲ့အုပ်ကိုင်ကာ သူ့ဘက်ကို ဆွဲယူလိုက်သည်။ ဒီတစ်ခါတော့ သူ့ဘက်ကစတဲ့ ပထမဆုံးအနမ်း။  နူးညံ့ညင်သာစွာ ထိကပ်ပြီး နမ်းရှိုက်လိုက်တော့ အလိုက်သင့်လေး ပြန်တုံ့ပြန်လာတဲ့ Sehun... ။

ပင်လယ်လေညှင်းအချို့က အနားမှ ဝေ့ကာဖြတ်သန်းသွားသည်။ ဆားနံ့ ပင်လယ်နံ့တွေနဲ့ လေထု၊ ကြည်လင်ရှင်းလင်းနေတဲ့ ကောင်းကင်ကြီး၊ ချိုမြိန်မူးယစ်စရာ ကောင်းလွန်းတဲ့ အနမ်းတစ်ပွင့်။

ဒီအချိန်တခဏလေးကို သူတို့နှစ်ယောက်လုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပေ။

-----------------------------

SeKai Fanfic Festival 2021Where stories live. Discover now