The Thousand Paper Cranes and YOU

985 127 16
                                    

ဖန်ပုလင်း ကြည်ကြည်လေးထဲကို
အဖြူရောင် စက္ကူကြိုးကြာလေးတစ်ခု
ကျသွားတယ်။

စက္ကူကြိုးကြာ တွေပေါ်မှာ တစ်စုံတစ်ခု
ရေးထားတယ်။

' To senior'  ....။

ကျွန်တော့်ခံစားချက်တွေ စီနီယာသိအောင်
ဒီကြိုးကြာလေးတွေကနေ တစ်ဆင့်စကား
ပါးနိုင်ပါစေ။
ကျွန်တော့်အချစ်တွေ စီနီယာမြင်ပါစေ။

___________________

-Diary-

အချစ်ကို ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်တော်တို့
ရှာတွေ့နိုင်တယ်။

စက်ဘီးစီးထွက်တဲ့ ညနေခင်းတွေမှာ၊
လူတွေ သက်ဝင်လှုပ်ရှားစပြုတဲ့
မနက်ခင်းတွေမှာ၊
ဘတ်စ်ကားဂိတ်တွေမှာ၊
တိတ်ဆိတ်တဲ့ စာကြည့်တိုက်တွေမှာ..စသည်ဖြင့်

အချစ်က ကျွန်တော်တို့ရဲ့ လက်တကမ်းမှာ
အမြဲတမ်းရှိနေခဲ့တယ်။

ကျွန်တော်လဲ အချစ်ကိုရှာတွေ့ခဲ့တယ်။

မိုးတွေသည်းနေတဲ့
ကျောင်းပြန်ချိန်တစ်ခုမှာ
မိုးစက်တွေနဲ့အတူ ထိုအရာဟာ
ကျွန်တော့်ဘဝထဲကို ဝင်ရောက်လာခဲ့တယ်။

ဝင်တိုက်မိတဲ့ လှေကားထောင့်ချိုးလေးက
အရာအားလုံးရဲ့ အစပျိုးရာ ဖြစ်ခဲ့တယ်။

ပြုတ်ကျသွားတဲ့ စာအုပ်ကို ကူကောက်ပေးခဲ့တဲ့
သွယ်လျလျလက်တွေဟာ တစ်ချိန်မှာ
ကျွန်တော့်မြတ်နိုးရာ ဖြစ်ခဲ့တယ်။ 

........................

" အဆင်ပြေရဲ့လား ကိုယ်သတိမထားမိလိုက်လို့"

အသံဟာ ပျားရည်လိုချိုသည်။
နဖူးပေါ်က ရေအနည်းငယ်စိုစပြုနေတဲ့
နက်စွေးစွေးဆံစတွေကို
ဆယ်ဟွန်း အမှတ်မထင် ငေးကြည့်နေမိပြီးမှ
မျက်မှန်ကိုင်းကို တစ်ချက်ပင့်ကာ
ခေါင်းညိတ်ပြလိုက်၏။

ပြန့်ကျဲသွားတဲ့ စာအုပ်တွေကို သူက
ကောက်ပေးကာ လက်ထဲထည့်ပေးလာသည်။
သူ့အကျီမှာ ချိတ်ထားတဲ့
ကဒ်ဆီက နာမည်ကို ဆယ်ဟွန်းရဲ့ မျက်လုံးတွေ
အလိုလို ရောက်သွားသည်။

Kim Jongin
Environmental Club .

" ကျေးဇူးတင်ပါတယ်။"

ဆယ်ဟွန်း
သူ့အကျင့်အတိုင်းပင် အသံခပ်တိုးတိုးဖြင့်  မဝံ့မရဲ
ပြောလိုက်သည်။

" လှေကားဆင်းရင်
ဂရုစိုက်ဦးနော်။ မိုးရွာနေလို့ အောက်ထပ်က
လှေကားအဆင်းမှာ နည်းနည်းချော်နေတယ်။
ခုနက
ညီမလေးတစ်ယောက်တောင် ချော်လဲသွားတယ်"

ဆယ်ဟွန်း 'ဟုတ်' ဟု ပြောကာ
ခေါင်းညိတ်ပြလိုက်သည်။
ထိုသူက ပြုံးပြကာ ထွက်သွားသည်။


အကျီအဖြူလက်ရှည်ဝတ်ထားတဲ့ ကျောပြင်က
တဖြည်းဖြည်းဝေးသွားတာတောင်
နွေးထွေးတဲ့စကားသံကတော့ ဆယ်ဟွန်းရဲ့
အတွေးထဲမှာ ဝေ့ဝဲကာ ကျန်ခဲ့ပါတယ်။

____________

-Diary-

တစ်ဦးတစ်ယောက်အပေါ်
ခံစားချက်တွေရှိနေပြီမှန်း
ဘယ်အချိန်မှာ သိရတတ်လဲ။

နေ့စဉ် ဖြတ်သန်းနေရတဲ့ရက်တွေမှာ
သူ့အကြောင်းကို တွေးနေမိတတ်တာမျိုး။

သူ့နာမည်ကို စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွေမှာ
ချရေးလာတတ်တာမျိုး။
သူရှိမယ်လို့ထင်တဲ့
နေရာတွေဆီကို
ယောင်လည်လည်သွားတတ်တာမျိုး။ 

အဝေးကပဲ ဖြစ်ဖြစ် ၊ သူ့အသံကြားရတဲ့အခါ
သူ့ကို တွေ့ရတဲ့အခါ
လေပြေနုနုတွေဟာ ရင်ထဲ တိုးဝင်၍ အသာအယာ
တိုက်ခတ်ခဲ့သလိုမျိုး။

အချစ်ဟာ ထိုကဲ့သို့ နူးနူးညံ့ညံ့စတင်တယ်။

အဲ့ဒီနောက် အချစ်ဟာ ချစ်ရသူရဲ့အနားမှာ
နေချင်စေရန် တွန်းအားပေးပြန်သေးတယ်။

...................

" ဟို... ကျွန်တော် Environmental club ထဲ
ဝင်ချင်လို့ပါ။"

တစ်ပတ်ခန့် စဉ်းစား၍ club အနားမှာ
ယောင်လည်လည်လုပ်ပြီးနောက်မှာတော့
ဆယ်ဟွန်း club ထဲဝင်ကာ မဝံ့မရဲပြောလိုက်မိသည်။

ဆိုဖာပေါ်မှာ ထိုင်နေသည့် အစ်ကိုတစ်ယောက်က
ပြုံးရွှင်စွာ ထလာကာ စားပွဲရှိရာ ထွက်သွားတာမို့
ဆယ်ဟွန်းက ထိုစားပွဲဆီသိူ့ လျှောက်လာခဲ့သည်။

အံဆွဲထဲက စာရွက်တစ်ရွက်နဲ့ ဘောပင်ကို
ဆယ်ဟွန်းကို လှမ်းပေးသည်။

" form ဖြည့်ပေးနော် ညီလေး။ ဘယ်နှစ်ကလဲ"

" ပထမနှစ်ပါ"

" အစ်ကိုတို့ထဲ အငယ်ဆုံးလေးဖြစ်လာမှာပဲ"

"ဟုတ်"

" club က လူနည်းတယ်။
အဆင်ပြေပါ့မလား" 

" ဟုတ် ပြေပါတယ်"

" အိုခေဗျာ။ ဒီမှာ ထိုင်ပြီး form ဖြည့်ပေးနော်"

ဆယ်ဟွန်း ထိုအစ်ကို ညွှန်ပြသည့် ထိုင်ခုံမှာ
ထိုင်ကာ form ဖြည့်နေလိုက်သည်။
Club ဟာ ဆေးအဖြူသုတ်ထားပြီး
အစိမ်းရောင်အဖျော့ ခန်းဆီးတွေတပ်ထားသည့်
သေသေသပ်သပ် အခန်းတစ်ခုသာဖြစ်သည်။

Indoor plant တွေကို အခန်းရဲ့ထောင့်တွေမှာ
လှလှပပ ချထားပြီး
စာအုပ်စင်ခပ်သေးသေးလေးတစ်ခုရှိသည်။

ဆယ်ဟွန်း form ဖြည့်နေတဲ့ စားပွဲပေါ်မှာတော့
နှင်းဆီအနီတစ်ပွင့်ထဲ ထိုးထားတဲ့ ပန်းအိုးအဖြူလေးရှိသည်။
အဲ့ဒီဘေးမှာ အနည်းငယ် ပြန့်ကျဲနေသည့်
အဖြူရောင် paper craneလေးတွေ။

ထိုအခိုက်
နောက်ကျောဘက်က တံခါးဖွင့်သံထွက်ပေါ်လာ
သည်။

" coffee လေးသွားဝယ်တာကို
ကြာလိုက်တာ ဂျုံအင်ရယ်" 

ဘောပင်ကိုင်ထားတဲ့ ဆယ်ဟွန်းရဲ့
လက်ဖျားလေးတွေ ဆတ်ခနဲ တုန်ရီသွားသည်။

ရယ်သံချိုချိုဟာ သူနဲ့မလှမ်းမကမ်းမှာ။

ကျောပေးထားရသည်မို့
ထိုနူးညံ့သည့်ကဗျာကို သူမမြင်နိုင်။

"ငါတို့ club ရဲ့ member အသစ်လေး"

ဆယ်ဟွန်းကို ရည်ညွှန်းလိုက်သော စကားစု။

ခြေသံဟာ ဆယ်ဟွန်းအနားကို နီးကပ်လာကာ
သူက
ဆယ်ဟွန်း ရဲ့ မျက်နှာချင်းဆိုင် ဖြစ်သည့်
စားပွဲရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

" ဪ..."

ခပ်တိုးတိုး အသံအပြုကာ ဆယ်ဟွန်းကို မှတ်မိဟန်
ဖြင့်ပြုံးပြသည်။

ကြည်လင်သည့် မျက်ဝန်းထဲမှ နူးညံ့ရိပ်တွေဟာ
လျှံကျလာသည်။
ဆယ်ဟွန်း မျက်မှန်ကိုင်းကို တစ်ချက်ပင့်ကာ
ခေါင်းကို ငုံ့ချပစ်လိုက်မိ၏။

" form ဖြည့်နေတာ မလား။ အဆင်ပြေရဲ့လား"

" ဟုတ်"

" အဆင်မပြေတာရှိရင် ကိုယ့်ကို မေးနော်"

" ဟုတ်"

" ကိုယ့်နာမည် Kim Jongin ။ Maths
တတိယနှစ်မို့ မင်းရဲ့စီနီယာဖြစ်မယ်ထင်တယ်"

" ဟုတ်..ဟို ကျွန်တော့်နာမည်က"

"အင်း ကိုယ်မြင်တယ်။
Oh Sehun English First year"

ဆယ်ဟွန်း အနည်းငယ်အံ့ဩသွား၍
မော့ကြည့်လိုက်သည့်အခါ ထိုသူက
ရယ်ကာ ဆယ်ဟွန်းဖြည့်နေတဲ့ form ကို
မေးဆတ်ပြသည်။

"ဖြည့်နော် ကိုယ်စောင့်ပေးမယ်။နားမလည်တာရှိရင်
ကိုယ့်ကိုမေး"

" ဟုတ်... စီနီယာ"

စီနီယာ က ဆယ်ဟွန်း
ဖောင်ဖြည့်နေတဲ့တစ်လျှောက်
ငြိမ်သက်စွာထိုင်စောင့်ပေးနေသည်။

စက္ကူကြိုးကြာလေးတွေက
စားပွဲပေါ် တွင်တဖြည်းဖြည်းများလာခဲ့သည်။

စီနီယာရဲ့ သွယ်လျလျလက်တွေဟာ ထို
Paper crane လေးတွေ ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့
ဖန်တီးနေခဲ့သည်။

ဖွင့်ဟထားတဲ့ ပြတင်းပေါက်ဆီမှ လေနုအေးဟာ
ဝေ့ဝဲ့စွာ တိုက်ခတ်လာသည်။
စီနီယာရဲ့နဖူးပေါ်ကဆံစတွေ အနည်းငယ်
လူးလွန့်စေရုံ။

အဖြူရောင် စက္ကူကြိုးကြာလေး တစ်ခုကို
စီနီယာက ဆယ်ဟွန်းရှေ့ကို ချပေးလိုက်သည်။

ထို့နောက် ပြုံးလျက်မေးခွန်းတစ်ခုကိုမေးသည်။

" ငေးကြည့်နေတာမြင်လို့။
ဒါကိုယူချင်လား။ ဒါမှမဟုတ် ခေါက်တတ်ချင်လို့လား။"

" ဟို.....နှစ်ခုလုံး"

စီနီယာက ခပ်တိုးတိုးရယ်ပါ၏။

အဲ့ဒီနေ့က စီနီယာက
ဆယ်ဟွန်းကို paper crane လေးတွေ
ခေါက်တတ်အောင် သင်ပေးခဲ့သည်။

___________

-Diary-

ဒီနေ့ စာသင်ချိန်မှာ ဆရာက
ရှင်သန်ရတဲ့ ဘဝတစ်လျှောက်
ဘယ်အချိန်တွေမှာ အပျော်ဆုံးလဲ မေးတယ်။

ကျွန်တော့်အတွေးတွေထဲ
သူ့ တစ်ယောက်ထဲ ရှိခဲ့တယ်။

ဒီလိုပါပဲ ။
ကျွန်တော်ဟာ ပျော်ရွှင်ခြင်းကို တွေးရင်သူ့ကို
မြင်တယ်။
နွေးထွေးမှုတွေလိုချင်ရင် သူ့အနားနေတယ်။
.

ဒီနေ့ဟာ
ဖန်ပုလင်းလေးထဲကို သုံးဆယ့်တစ်ခုမြောက်
စက္ကူကြိုးကြာလေး ကျသွားတဲ့နေ့ပါ။

................. ....


" အဲ့ဒီလို မဟုတ်ဘူးလေ ဆယ်ဟွန်းလေးရဲ့။
ကိုယ်လာမယ်နော် ။ ခဏ"

Club က ကောင်မလေးတစ်ယောက်ကို
အပင်စိုက်တာကြည့်ပေး၊ သူပါဝင်လုပ်ပေးနေသည့်
စီနီယာက သူ့ဘေးနားမှာ စိုက်ထားခါစ
အပင်လေးကို ရေလောင်းပေးနေသည့်
ဆယ်ဟွန်းကို မြင်သွားဟန်ရှိကာ ထိုနေရာမှ လှမ်းပြောလာခဲ့သည်။

သိသိရက်နဲ့ တလွဲလုပ်နေတဲ့ ဆယ်ဟွန်းက
စီနီယာမမြင်အောင် တိတ်တိတ်လေးခိုး
ပြုံးလိုက်သည်။

ခဏအကြာ စီနီယာက ဆယ်ဟွန်းရဲ့
အနားကိုရောက်လာခဲ့သည်။
အညိုရောင်လက်ရှည်ကို တံတောင်ဆစ်ထိ
သေသပ်စွာ ခေါက်ဝတ်ထားတဲ့ စီနီယာက
ဒီနေ့တော့ သူ့ဆံပင်တွေကို သေသပ်စွာ
လှန်ဖီးထားသည်။

နဖူးစပ်က ချွေးစလေးတွေကို စီနီယာမမြင်အောင်
ငေးကြည့်ရင်း သူ့ရင်တွေတွေ လှိုက်ခနဲ ခုန်လာခဲ့တာမို့ မျက်နှာလွှဲလိုက်မိသည်။

" ဒီအပင်လေးတွေက ရေအရမ်းကြီးများလို့
မဖြစ်ဘူး။ သူတို့သေသွားလိမ့်မယ်"

စီနီယာက ပြောကာ ရေကို အနည်းငယ်လေး
ပက်ဖျန်းရုံလုပ်ပေးပြီး
ဘေးနားမှာ ချထားသည့် မြေဩဇာအဖြစ်
အသုံးပြု၍ရသော ကြက်ဥခွံတွေ
ညက်နေအောင်ထောင်းပြီးထည့်ထားသည့် ဗူးထဲက
တစ်ဇွန်းလောက်ယူကာ အပင်ခြေရင်းမှာ
သေချာထည့်ပေးလိုက်သည်။

" မင်း မှန်းကြည့် ။
ဒီအပင်က ပွင့်လာတဲ့ ပန်းလေးက
ဘာရောင်ဖြစ်မလဲ။ ကိုယ်ရော မှန်းကြည့်လို့
မင်းမှန်ရင် ကိုယ်မင်းကိုအပြင်မှာ
မုန့်လိုက်ကျွေးမယ်"

" အဝါရောင်.."

ဆယ်ဟွန်း ခပ်တိုးတိုးဖြေလိုက်မိသည်။

" ကိုယ်က ခရမ်းနုရောင်။"

"ဒီပန်းလေးတွေ ဘယ်တော့ပွင့်မှာလဲ။"

" တစ်ပတ်အတွင်းပေါ့"

" စီနီယာမှန်ရင်ရော ကျွန်တော်
ဘာပြန်လုပ်ပေးရမှာလဲဟင်"

စီနီယာက ပြုံးတယ်။
ဘာမှတော့ မဖြေလာခဲ့ဘူး။

_____________

-Diary-

ကျွန်တော်ပိုင်ချင်တဲ့ ကြိုးကြာတွေ
တခြားသူ့ ရင်မှာ မနားစေချင်ဘူး။

ကျွန်တော်ပိုင်ချင်တဲ့ နေ့ရက်တွေ
တခြားသူနဲ့ မဆိုင်စေချင်ဘူး။

.

ဒီနေ့က ၄၁ ရက်မြောက်နေ့ပဲ ။
စီနီယာ့ကို တခြားတစ်ယောက်နဲ့အတူ
တွေ့ခဲ့ရတယ်။

..............


" ဆယ်ဟွန်း ။ ဂျုံအင့်ဆီ လာတာလား"

အတန်းပြီးသည့်ချိန်
Clubကိုလာခဲ့သည့်အခါ club ထဲက ထွက်လာသည့်
အစ်ကို မင်ဝူးကိုတွေ့ရသည်။

နှုတ်ဆက်စကားကြောင့် ဆယ်ဟွန်း နည်းနည်းလေးနေရခက်သွားပေမယ့် ခပ်နုနုသာ
ပြုံးလိုက်မိသည်။

တကယ်ဆို စီနီယာ့အပေါ်ရှိတဲ့ တွယ်တာမှုတွေက
ရာနှုန်းပြည့်မဖြူစင်ဘူးဆိုတာ
လူကဲခတ်တတ်သည့် အစ်ကို မင်ဝူးကရိပ်မိပြီး
ဖြစ်ပါသည်။

" ဂျုံအင်က အထဲမှာ သူ့သူငယ်ချင်းနဲ့စကားပြောနေတယ်။ ဝင်သွားလိုက်လေ"

" ဟုတ် အစ်ကို မင်ဝူး"

အစ်ကိုမင်ဝူးကပြုံးပြကာ ထွက်သွားသည်။

တံခါးဝက အစိမ်းဖျော့ရောင် ခန်းစီးစကို
ဖယ်ကာ ဆယ်ဟွန်း အခန်းထဲကို
ဝင်လာခဲ့လိုက်သည်။

.
.

စီနီယာရဲ့နှုတ်ခမ်းပေါ်ကို ခပ်ဖွဖွထိနေသည့်
ပန်းဖျော့ရောင် နှုတ်ခမ်းလွှာတွေ...။

ဆယ်ဟွန်းရဲ့ နှလုံးသားမှ အက်ကွဲသံဟာ
နင့်နင့်သီးသီး။

လှည့်ကြည့်လာခဲ့သော ကြည်စင်သည့်
ထိုမျက်ဝန်းတွေ ဟာ
ဆယ်ဟွန်းရဲ့ အမြင်အာရုံမှာ ဝေဝါးနေသည်။

" sor..sorry ပါ ကျွန်တော်..မသိလို့"

မသိလို့ ..
ဘာကို မသိခဲ့တာလဲ။
တစ်သက်လုံးဖတ်ချင်တဲ့ ကဗျာလေးဟာ
သက်ဆိုင်သူရှိပြီးသားကိုလား။

အယောင်အမှားမှားနဲ့ ခါးညွှတ်၍ နှုတ်ဆက်ကာ
ထိုအခန်းထဲက သူထွက်လာရသည်။

သူဝင်ခွင့်မရခဲ့တဲ့ စီနီယာရဲ့ နှလုံးသားက
အခန်းငယ်တွေ......။

.

အဲ့ဒီနေ့က ဖန်ပုလင်းထဲကို
မျက်ရည်စတွေစိုနေတဲ့ကြိုးကြာလေးဟာ
အရုပ်ကြိုးပြတ် ကျသွားခဲ့တယ်။

___________

-Diary-

ကျွန်တော် လိုက်မရှာရင်
သူဆိုတာ ကျွန်တော်နဲ့အဝေးကြီးမှာ။


ကျွန်တော့်ဘက်က
မတွေ့ချင်တိုင်း သူ့ကို မတွေ့ရတော့တဲ့အထိ
ဖောက်ခဲ့တဲ့ လမ်းတွေဟာ 
တစ်လမ်းသွား တွေ။

အဲ့ဒီလို တစ်လမ်းသွား မေတ္တာတွေ....။

...............

" ဆယ်ဟွန်း မင်း Environmental club က
ထွက်လိုက်တာလား"

အတန်းထဲက မေးထူးခေါ်ပြော
စကားပြောဖော်ဖြစ်သည့် ဂျီဝန်းက
သူ့ကိုမေးလာသည်။

သူ ဂျီဝန်းမျက်နှာကိုမော့ကြည့်ပြီးမှ 
ဖွင့်ထားတဲ့စာအုပ်ဆီ ခေါင်းပြန်ငုံ့ချကာ
ခေါင်းရမ်းပြလိုက်သည်။

" မနက်က မင်းကျောင်းမလာခင်တုန်းက အဲ့ဒီ
Club က အစ်ကိုကြီးတစ်ယောက်
မင်းကို လာရှာသွားတယ်။"

" ဘယ်သူလဲ"

" ငါလဲ နာမည်တော့မသိဘူးလေ။
ဒါပေမယ့် အဲ့အစ်ကိုကြီးရဲ့ အသံက
အရမ်းချိူတယ်"

စီနီယာ။

တစ်ပတ်ကြာသည်အထိ နာဖျားနေတဲ့
ဆယ်ဟွန်း ရဲ့ နှလုံးသားဟာ ပင်ပင်ပန်းပန်းနဲ့
ပြန်နိုးထပြန်တယ်။

" ညနေကျ တစ်ခေါက်ပြန်လာခဲ့မယ်တဲ့။
မင်းရဲ့ ဖုန်းလဲပိတ်ထားတယ်ဆို"

Card ပြောင်းခဲ့တာ။
ဆက်သွယ်ခြင်း မခံရရင် ပိုဆိုးမှာစိုးလို့
ဆက်သွယ်လို့မရအောင် ဖုန်းSIM card
အသစ်ပြောင်းခဲ့တာ။
သူရဲဘောကြောင်တဲ့ ဆယ်ဟွန်းဟာ
သူတတ်သလို ထွက်ပြေးခဲ့တာ။

.
.

စာသင်ချိန်ပြီးသည့်အခါ သူ အခန်းထဲက
ထွက်လာခဲ့သည်။

လောကမှာ လူတွေကို နယ်ရုပ်တွေလို ကစားနေတဲ့
ဇာတ်ဆရာဟာ ကံကြမ္မာပါပဲ။
ထွက်ပြေးချင်တဲ့ အချိန်မှ တိုက်ဆိုင်စွာ
ထိုရပ်ဝန်းထဲကို သူ့မှာ ပြန်ဆွဲသွင်းခံရတယ်။

မျက်နှာချင်းဆိုင်မှာ ဖုန်းပြောပြီးလာနေသည့်
စီနီယာဟာ အခန်းဝက ဆယ်ဟွန်းကို မြင်သွားဟန်
ရှိပေမယ့် ဆယ်ဟွန်း ကျောခိုင်းကာ
ထွက်လာခဲ့သည်။

" အင်း ဒါပဲနော်။"

" ဆယ်ဟွန်း..."

ဖုန်းကို အလောတကြီးနှင့် ချလိုက်သံကို
ကြားလိုက်ရကာ အနောက်မှနေ၍
သူ့ပုခုံးတစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လာသည့်
စီနီယာရဲ့ လက်တွေ။

" ကိုယ်မင်းကိုလာတွေ့တာ"

ဆယ်ဟွန်း စီနီယာ့ကို မကြည့်ဘဲ
ခေါင်းကို ငုံ့ချထားမိသည်။

"ဘာမှလဲမပြောဘဲ club ကိုမလာတော့လို့
ကိုယ်တို့မင်းကို ဆက်သွယ်နေတာ။
ဆက်သွယ်လို့လဲမရဘူး"

" ....."

" ဆယ်ဟွန်းလေး...။
ဘာအဆင်မပြေတာရှိနေလို့လဲ။ ကိုယ့်ကိုပြောလေ"

နူးနူးညံ့ညံ့အသံဟာ နွယ်ပင်တွေလိုမျိုး
ဆယ်ဟွန်းကို တရစ်ပြီးတစ်ရစ်နဲ့ ရစ်တွယ်တယ်။

အချော့ခံရတဲ့ သူတွေက ပိုငိုတတ်သလား ။
ဆယ်ဟွန်း .. မျက်ရည်စတွေကို
ထိန်းဖို့ခက်လာခဲ့တယ်။

စီနီယာ့ဆီက သက်ပြင်းချသံခပ်တိုးတိုးကို ကြားရသည်။

" ဟိုနေ့ကလေ..။ အဲဒါကိုယ့်ရဲ့..."

" ကျွန်တော် environmental club
ကနေထွက်တော့မယ်"

ဆယ်ဟွန်း စကားကို ဖြတ်ပြောလိုက်တဲ့အခါ
စီနီယာဘက်က တိတ်ဆိတ်သွားသည်။

တိတ်ဆိတ်မှုဟာမိနစ်တစ်ချို့ကြာလာသည့်
နောက်မှာတော့ ဆယ်ဟွန်း စီနီယာ့ကို ခါးညွှတ်
နှုတ်ဆက်ကာ အရင် လှည့်ထွက်ခဲ့လိုက်သည်။

ပြိုကျချင်နေတဲ့ မျက်ရည်တွေကို
မျက်တောင်တွေနဲ့ခတ်ကာ
ဆက်တိုက် သိမ်းဆည်းနေမိသည်။

" ဆယ်ဟွန်း"

ခေါ်သံအဆုံးမှာခြေလှမ်းတွေရပ်သွားခဲ့သည်။

" ကိုယ်တို့အတူစိုက်ခဲ့တဲ့ အပင်လေးက
ပွင့်ခဲ့တဲ့ ပန်းပွင့်လေးတွေရဲ့အရောင်
မင်းသိချင်သေးလား။"

ဆယ်ဟွန်း မည်သို့မျှ မတုံ့ပြန်ဘဲ
တိတ်ဆိတ်နေမိသည်။

" ခရမ်းနုရောင် လေးတွေပွင့်ခဲ့တယ်" 

"....."

" ကိုယ်မှန်ရင် ဘာလုပ်ပေးရမလဲလို့
မင်းမေးခဲ့တယ်။ အဲ့ဒီတုန်းက မပြောခဲ့ပေမယ့်
အခုပြောမယ်။

မင်းထွက်မသွားပါနဲ့။
ဒီ club ကနေ မင်းကို ကိုယ်လုံးဝထွက်ခွင့်မပြုဘူး"

_________

-Diary-

ဒီနေ့က ရက် ၆၀ မြောက်နေ့ပဲ။
Paper crane လေး တွေကို ပြန်ထုတ်ပြီး
ရေကြည့်မိပြန်တယ်။

ဘယ်အချိန်ထိ စီနီယာ့အနားမှာနေနိုင်မလဲ။
စီနီယာဆွဲထားတဲ့ ကျွန်တော့်လက်လေး
မြဲနေတဲ့အထိ နေမယ်။

...........

ကျောင်းအဆောက်အဦးက အပြာလွင်လွင်။

စိမ်းစိုအုပ်ဆိုင်းနေတဲ့ သစ်ပင်အရိပ်မှာ
ရပ်နေတဲ့ စီနီယာက jean jacket အပြာနုလေးနဲ့
Jean pant အနက်ကိုဝတ်ထားတယ်။

နဖူးပေါ်အုပ််ကာ ခပ်ဖွဖွချထားတဲ့ဆံပင်နုနုတွေနဲ့
စီနီယာက တကယ်ဆို ဆယ်ဟွန်းထက် အသက်
၂ နှစ်ကျော် ကြီးတယ်လို့ မထင်ရပါဘူး။

ဒါပေမယ့်
အခုတော့ စီနီယာရဲ့ ပြစ်မျိုးမဲ့မထင် ချောမောမှု
တွေကို စာမဖွဲ့နိုင်ဘဲ ပြုံးတုံ့တုံ့လုပ်နေတဲ့
စီနီယာ့ကို ကြည့်ကာ ဆယ်ဟွန်း ငိုမဲ့မဲ့လေး
ဖြစ်နေရသည်။

စီနီယာက ဆယ်ဟွန်းဖွင့်ပြောတာကို ငြင်းတယ်။

" အဲ့ဒါဆို စီနီယာက ကျွန်တော့် ကိုမချစ်ဘူးပေါ့"

" ကိုယ်မချစ်ဘူးလို့ မပြောပါဘူး။
မချစ်ချင်သေးဘူးလို့ပြောတာ"

" ဘာလို့ မချစ်ချင်သေးတာလဲ"

စီနီယာက မဖြေဘူး။
ပြုံးစိစိလုပ်ကာ နှာခေါင်းရှုံ့ပြသည်။

" စီနီယာ မကောင်းဘူး။ ကျွန်တော်လဲ ဒီတိုင်းဆို
ဖွင့်မပြောပါဘူး။ စီနီယာက မီးစိမ်းတွေ ပြခဲ့လို့"

" ဆယ်ဟွန်း ။ မင်းတော်တော်စကားတတ်ပါလား။
အရင်တုန်းက မင်းက ငြိမ်ငြိမ်လေးပါ"

ဟုတ်သည်။
စီနီယာက သူ့ကို club ကိုပြန်လာဖို့ခေါ်သည့်နေ့
ကစ ရေတွက်လျှင် ၁ လကျော်ခဲ့ပေပြီ။
ထို ၁ လကျော်အတွင်းမှာ စီနီယာနဲ့ ဆယ်ဟွန်း
ပိုပြီးရင်းနှီးလာခဲ့သည်။

" နေပါဦး။ မင်းက ကိုယ့်ကို ဘာလို့ တွဲချင်ရတာလဲ"

" ကျွန်တော်က စီနီယာ့ ရည်းစားဖြစ်ချင်လို့ပေါ့"

" ကိုယ့်ရည်းစားဖြစ်ပြီး ဘာလုပ်မှာလဲ။"

" စီနီယာ့ဘေးနားမှာ အချိန်တိုင်းနေမှာ"

" အခုလဲ မင်းက ကိုယ့်အနားမှာ တောက်တဲ့လေးလို
တွယ်နေတာပဲ မဟုတ်ဘူးလား"

"ဒါပေမယ့်.....။"

" ဆက်ပြောလေ"

" စီနီယာ့အနားမှာ တခြားမမတွေ ရှိနေတာ
မကြိုကိဘူး။စီနီယာက ကျွန်တော့်ရည်းစား
ဖြစ်ရင် ဘယ်သူနဲ့မှ မပတ်သက်ခိုင်းတော့ဘူး
အဲ့ဒါမို့"

ဆယ်ဟွန်း မျက်မှောင်လေးကုတ်၍
ဖြေလိုက်သည့်အခါ စီနီယာက
ခပ်တိုးတိုးရယ်သည်။

" ကလေးတွေက မယုံရပါဘူးကွာ။
ထွက်လဲ ထွက်ပြေးတတ်သေးတယ်"

" ထွက်မပြေးပါဘူး စီနီယာကလဲ ။
အရင်တစ်ခေါက်က ကျွန်တော်က အထင်လွဲသွားတာကို။ အဲ့ဒီအစ်မကြီးကလဲ ဖွင့်ပြောတာကိုနမ်းပြီး ဖွင့်ပြောတယ်။
စီနီယာကလဲ လက်မခံဘဲ အနမ်းခံတာ"

" ပြီးပြီးသား ကိစ္စကို ပြန်ကောက်ပြန်ပြီ"

" စီနီယာလို့ ..
စီနီယာလဲ ကျွန်တော့်ကို ချစ်တယ်မလား။
ကျွန်တော်နဲ့တွဲရအောင်ပါနော်"

သူ့လက်မောင်းကို ကိုင်ကာ မျက်နှာငယ်လေးနဲ့
ကလေးမုန့်တောင်းသလို သူ့ကို
အဖြေတောင်းနေသည့် ဆယ်ဟွန်းကိုကြည့်ကာ
ဂျုံအင် ရယ်လိုက်မိသည်။

" ကိုယ်က ချစ်တယ်ဆိုတာ
မင်းကဘယ်လိုသိတာလဲ ပြောပါဦး"

" ကျွန်တော် သိတယ်။"

" အင်း..?"

" စီနီယာက ကျွန်တော့်ကို ဂရုစိုက်တယ်။
ကျွန်တော့်ကို နေ့တိုင်း ကော်ဖီတွေ အများကြီး
မသောက်ဖို့ပြောတယ်။
ညတွေစောစောအိပ်ဖို့ မှာတယ်။
ကျောင်းကပြန်တိုင်း စီနီယာက လိုက်ပို့ပေးတယ်။
လမ်းလျှောက်ရင် စီနီယာက လမ်းမဘက်ကနေပြီး
ကျွန်တော့်ကို အတွင်းထဲက လျှောက်ခိုင်းတယ်။

ပြီးတော့ ကျွန်တော့်ကို အမြဲတမ်းပြုံးပြီး
ကြည့်တယ်။
ကျွန်တော်ခဏလောက်လေး
စကားမပြောလိုက်တာနဲ့စိတ်ညစ်နေတယ်ထင်ပြီး
ကျွန်တော့်ကို ရယ်အောင်
ဟာသတွေပြောပေးတယ်။

စီနီယာ ကျွန်တော့်ကို ချစ်တယ်မလား ဟင်"

သာလိကာလေးလို စီကာပတ်ကုံးပြောသွားသည့်
ဆယ်ဟွန်းရဲ့ ပါးလေးကို ဂျုံအင် ခပ်ဖွဖွ
ဆွဲပစ်လိုက်သည်။

" ချစ်ပေမယ့် မတွဲရဲသေးပါဘူး။
အရင်တစ်ခေါက်ကလို ထပ်ဖြစ်ပြီး
မင်းက အရင်တစ်ခေါက်ကလို ထွက်ပြေးသွားရင်
ဘယ်လိုလုပ်မလဲ။"

" မထွက်ပြေးပါဘူး။"

" စဉ်းစားဦးမယ် တွဲဖို့"

ဂျုံအင့်စကားကြောင့် ဆယ်ဟွန်းမျက်ဝန်းစပ်လေးတွေမှာ မျက်ရည်လေးတွေဝေ့သီလာသည်။

" စီနီယာက အနိုင်ကျင့်တယ်"

" မငိုနဲ့နော်။ ငိုရင် ကိုယ်မချစ်ဘူး"

" မငိုပါဘူး"

ဗြောင်ငြင်းပြီး မျက်ရည်စလေးတွေကို လက်ဖမိုးနဲ့
ပွတ်သုတ်လိုက်သည့် ဆယ်ဟွန်းကို
သူမထိန်းနိုင်အောင်အသည်းယားမိသွားကာ
ပိန်ပါးပါးခန္ဓာကိုယ်လေးကို
ပွေ့ဖက်လိုက်မိသည်။

" စီနီယာ တွဲတော့မှာလား ဟင်"

" မတွဲသေးပါဘူး ဆို"

" အဲ့ဒါဆို ဘာလို့ဖက်နေတာလဲ။ တွဲမှ ဖက်လေ"

" မတွဲဘဲလဲ ဖက်လို့ရတယ်"

" စီနီယာ အကျင့်တအားမကောင်းဘူး"

ဂျုံအင် သဘောတကျရယ်ကာ ရင်ခွင်ထဲက ဆယ်ဟွန်းရဲ့ ကိုယ်လေးကို ဖျစ်ညှစ်လိုက်မိသည်။

ဒီကောင်လေးကို ဂျုံအင်သဘောကျရ၊
မြတ်နိုးရ လွန်းလို့ရူးတော့မည်ထင်သည်။

________________

-Diary-

ချစ်မိခဲ့ပြီးနောက်မှာ ဆုတောင်းတစ်ခုကိုပဲ
ထပ်ခါထပ်ခါပြည့်စေချင်တယ်။

ကျွန်တော်က ခင်ဗျားကို
ကျွန်တော့်ကိုယ်ကျွန်တော်ထက် အများကြီး
ပိုချစ်လာချင်ပြီး
ကျွန်တော့်ဘဝတစ်လျှောက်လုံး
ခင်ဗျားမျက်ဝန်းတွေကို
ကြည့်ရုံနဲ့တင် နေ့ရက်တွေမှာ ရောင့်ရဲနေချင်တယ်။

နှင်းဆီအနီတွေ ခင်ဗျားအတွက် စိုက်ပျိုးထားမယ်။
ကျွန်တော့်အချစ်တွေကိုတော့ ပိုမြတ်နိုးပေးဖို့
တောင်းဆိုမယ်။

ကျွန်တော့်ကမ္ဘာမှာ ခင်ဗျားကသာ
ကိုးကွယ်ရာပါပဲ။
အဲ့ဒီနားရွက်ဖျားလေးတွေ နွေးနေဖို့
ကျွန်တော်က ကမ္ဘာကြီးတစ်ခုလုံးနဲ့
ထိုးစစ်ဆင်ပါမယ်။

.........................

ဒီနေ့က စီနီယာ့မွေးနေ့ဖြစ်တာမို့
မနက်စောစော ကတည်းကပင် 
စီနီယာတို့ရဲ့ အတန်းရှေ့ကို ဆယ်ဟွန်း
ယောင်လည်လည်နဲ့ ရောက်လာခဲ့သည်။

လက်တစ်ဖက်ကလဲ လွယ်အိတ်ထဲ ထည့်ထား
သော သူကိုယ်တိုင် လုပ်လာသည့် mini cupcake
ဗူးလေးကို တစ်ကိုင်ကိုင်နှင့်လုပ်နေမိသည်။ 

အတန်းချိန်ပြီးစမို့ထင်၊ စီနီယာတို့အခန်းက
အနည်းငယ်ဆူညံနေ၏။

စီနီယာထိုင်တဲ့ နောက်ဆုံးတန်းနားကို ဆယ်ဟွန်း
လျှောက်လာသည့်အခါ တံခါးကို
ကျောပေးထိုင်နေသည့် စီနီယာက သူ့ကို မမြင်၊
စီနီယာနဲ့ မျက်နှာချင်းဆိုင်ထိုင်နေသည့်
အစ်ကိုမင်ဝူးက မြင်သွားတာမို့ဆယ်ဟွန်းကို
လက်ညှိုးထိုးပြလာသည်။

ဝတ္တုစာအုပ်ဟုထင်ရသော
စာအုပ်တစ်အုပ်ကို ဖတ်နေသည့် စီနီယာက
သူ့ကို လှည့်ကြည့်လာတာမို့
ဆယ်ဟွန်းပြုံးပြလိုက်သည်။

စီနီယာက စာအုပ်က်ို စားပွဲပေါ်ချကာ
ဆယ်ဟွန်းရှိရာကို ချက်ချင်း ထွက်လာခဲ့သည်။

"အရူးလေး အတန်းချိန်မဟုတ််ဘူးလား"

" ဟီး လစ်လာတာ"

" ဘာလို့လဲ။ ကိုယ်နဲ့တွေ့ဖို့လား။"

" ဟုတ်တယ်လေ။ ဒီနေ့ စီနီယာ့မွေးနေ့ကို"

" မင်းကဘယ်လိုသိတာလဲ။ ကိုယ်မင်းကို
မပြောပြဖူးပါဘူး"

" ဒီတိုင်းစုံစမ်းထားရတာပေါ့"

" ဘာလို့ စုံစမ်းတာလဲ"

ပြုံးစိစိဖြင့် ဂျုံအင်က မေးသည့်အခါ
ဆယ်ဟွန်းက စူပုပ်ပုပ်နှင့်
မျက်လုံးလှန်၍ ကြည့်သည်။

" စီနီယာနော်။ အဲ့ဒါ
အကျင့်မကောင်းတာသိရဲ့လား!"

" ဗျာ ကိုယ်က ဘာလုပ်လို့"

" စီနီယာက သိပြီးသားစကားကို ခဏခဏ
ပြောအောင်လုပ်နေတာ။
ပြီးတော့ ကျွန်တော်က ချစ်လို့လို့
ပြောရင်လဲ စီနီယာက ရှောင်သွားဦးမှာ"

" ရှောင်ရဦးမှာလား။ ကိုယ်က
မရှောင်တော့ဘူးလားလို့"

ဆယ်ဟွန်း၏ မျက်လုံးလေးများက
အရောင်တွေပင် တဖြတ်ဖြတ် လက်သွားခဲ့သည်။

" စီနီယာ.."

" အင်း"

" ချစ်ပြီလား"

ဂျုံအင်က ဆယ်ဟွန်း၏ နှာခေါင်းထိပ်လေးကိူ
ဆွဲလိုက်၏။

ထို့နောက်ဆယ်ဟွန်းရဲ့လက်ကိုဆွဲကာ
သူတိူ့အခန်းအပြင်ထောင့်က ခုံတွေထားထားသည့်
ချောင်ကျကျနေရာလေးဆီကို လက်ဆွဲကာ
ခေါ်သွားခဲ့သည်။

" ဟင်လို့ ချစ်ပြီလား လို့"

"စီနီယာ..ကျွန်တော့်ကို ချစ်..."

စကားတို့သည် မဆုံးလိုက်နိုင်။

ဆယ်ဟွန်း၏ ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ
နက်နက်ရှိုင်းရှိုင်းအနမ်းပေးလိုက်သော ဂျုံအင်၏
နှုတ်ခမ်းတွေကြားမှာ
အသံလေးပျောက်သွားခဲ့သည်။

ဂျုံအင်
အသိစိတ်ထိန်းဖို့ ခက်ခဲလှစွာပင်
ထိုအနမ်းတွေကို အချိန်ကြာစေမိသည်။ 
နူးညံ့စွတ်စိုမှုလေးအောက်မှာ သူ့ရင်ခုန်သံတွေဟာ
တရိပ်ရိပ်တိုးနေခဲ့သည်။

သူ့ရင်ဘတ်ကို ဆယ်ဟွန်း၏ လက်လေးတွေ
ခပ်ဖွဖွ တွန်းလာမှ အနမ်းတွေကို
သူရပ်လိုက်မိသည်။

နီအုသွားသည့် နှုတ်ခမ်းလေးတွေနဲ့
ပန်းရောင်စွေးသည့် ပါးပြင်နုနု။

ဂျုံအင်ဟာ ဆယ်ဟွန်းကို
တယုတယပင်ကြည့်မိသည်။

" စီနီယာ နော်"

ခပ်တိုးတိုးထွက်လာသည့် အပြစ်တင်အသံလေးကြောင့် သူပြုံးမိရပြန်သည်။

" ချစ်ပြီမို့လို့လား ။ တွဲတော့မှာမို့လို့ နမ်းတာလား"

" မတွဲလဲ နမ်းလို့မရဘူးလား"

သက်သက်မဲ့သူစလိုက်သည့်အခါ
ရန်စောင်ကြည့်လာသော မျက်ဝန်းစူးစူးလေးများ။

ရုတ်တရက် သူ့လည်ပင်းက ကော်လာစကို ဆွဲကာ
ကိုယ်ကိုနှိမ့်ချပြီး နားကို
တစ်ချက်ကိုက်ပစ်လိုက်သည့် ဆယ်ဟွန်း။

" အ ...ဒီကောင်လေး"

" မရဘူး။ တွဲရမယ်။ သူများသားသမီးကို
ဖက်လဲဖက်ပြီးပြီ။ အကြီးကြီးလဲ နမ်းပြီးမှ
ဘာလို့ မတွဲရတာလဲ။ မရဘူး တွဲရမှာ။ စီနီယာနော်!"

" နေပါဦး။ ဖြေပါဦး။ အကြီးကြီးနမ်းတယ်ဆိုတာ
ဘယ်လိုမျိုးလဲ သူများသားသမီးလေးရဲ့"

" ခု...ခုနကလိုလေ"

" အဲ့ဒါဆို သေးသေးလေးဆိုရင်ရော..."

" စီနီယာ!! ကျွန်တော် စိတ်ဆိုးတော့မှာဗျ"

ဂျုံအင်က ရယ်သည်။
ထို့နောက် ဆယ်ဟွန်း၏ ကိုယ်လေးကို
တင်းကြပ်စွာဖက်ထားလိုက်မိသည်။

" ဆယ်ဟွန်းရယ်... ကိုယ်ကမင်းကိုချစ်တာပေါ့။"

" အဲ့ဒါဆို တွဲမှာလား"

" ကိုယ့်ကို ကျောရရုံမကြံရင်တွဲမယ်ကွာ"

ဂျုံအင် စလိုက်သည့်အခါ ရင်ခွင်ထဲက
ဆယ်ဟွန်းဆီမှ ရယ်သံလွင်လွင်လေးထွက်လာ
သည်။

" ဟင့်အင်း ကျောရရုံမကြံဘူး။ ကျွန်တော်က
စီနီယာ့ကို တစ်ကိုယ်လုံးအပိုင်ရဖို့ ကြံမှာ"

" ဪ..ကိုယ် လူကဲခတ်ညံ့ခဲ့တာပဲ"

" ဘာဖြစ်လို့"

" အခန်းထောင့်ချိုးလေးမှာ ဝင်တိုက်တုန်းက
အူကြောင်ကြောင်နဲ့ မှန်ကြောင်ကောင်လေးဆိုပြီး
အသည်းယားခဲ့တာ ခုတော့ နှာဘူးပဲ"

" နှာမဘူးပါဘူး။
ဒါနဲ့ စီနီယာ..အဲ့ကတည်းက ကျွန်တော့်ကို
ကြိုက်ခဲ့တာတော့ မဟုတ်ပါဘူးနော်?"

" မသိဘူးလေ။"

" အဲ ..တကယ်ကြီးလား။
တကယ်ကြီးကြိုက်ခဲ့တာလား"

" မသိပါဘူးလို့ဆိုကွာ"

" အယ်..."

ထပ်ပြီး စ ဖို့ပြင်နေသည့် ဆယ်ဟွန်း၏
နှုတ်ခမ်းလေးဆီကို ဂျုံအင်ငုံ့ကာ တဖွဖွ
နမ်းပစ်လိုက်သည်။

ခုနကသူကိုက်ထားသည့် ဂျုံအင်၏
နားရွက်ဖျားကို နှုတ်ခမ်းလေးနဲ့ ထိပေးလာသည့်
ဆယ်ဟွန်းက တကယ်တော့ အဆိုးလေးပါပဲ။

__________________

-Diary-

ကိုယ်က မင်းကလွဲရင် ဘာကိုမှ မမြင်ဘူးလို့
ခင်ဗျားကပြောတယ်။
ကျွန်တော်ကလဲ ခင်ဗျားအတွက်ဆို ခင်ဗျားကိုယုံ
စုံလုံးကန်းပါပဲ။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ကမ္ဘာကြီးမှာ
ဘာတွေလိုအပ်တော့မလဲ။
တစ်ယောက်ကိုယ်တစ်ယောက်ပဲ လိုတော့တဲ့အထိ
တင်းတိမ်နိုင်ပါတယ်။
.
.
.

ဖန်ပုလင်းလေးထဲမှာလဲ
၉၄ ခုမြောက် စက္ကူကြိုးကြာလေး
ရှိခဲ့တယ်။

.................

" ကိုယ် သင်ပေးပြီးကတည်းက
ဒီpaper craneလေးတွေ
ခေါက်ခဲ့တာပေါ့"

" ဟုတ်တယ်"

" မင်းသိလား။ ဒီကြိုးကြာလေးတွေ
တစ်ထောင်ပြည့်ရင်
တောင်းတဲ့ဆု တစ်ခုကို ဘုရားသခင်တွေက
ဖြည့်ပေးတယ်ဆိုပြီး ပြောကြတယ်"

" ကျွန်တော် အဲ့လို မတွေးမိပါဘူး။
ကျွန်တော်က ဒီကြိုးကြာလေးတွေ အများကြီး
ဖြစ်လာဖို့ပဲ လိုချင်ခဲ့တာ"

" ဘာလို့လဲ.."

" ဒီ paper craneလေးတွေက စီနီယာနဲ့
အတူရှိရတဲ့ နေ့ရက်တွေနဲ့ ထပ်တူပဲလေ။
ကျွန်တော်က စီနီယာနဲ့ နေ့ရက်တွေအများကြီး
အတူနေချင်ရုံပဲ"

"စက္ကူကြိုးကြာလေးတွေ
တစ်ထောင်ပြည့်ခဲ့ရင်ရော။
မင်းဘာဆုတောင်းမှာလဲ"

" စီနီယာ ပျော်ရွှင်ရဖို့ပဲ ဆုတောင်းမယ်"

" မင်းနဲ့အတူဆို... ကိုယ်ပျော်တာပေါ့
ဆယ်ဟွန်းရယ်။"

_______________

The Thousand Paper Cranes and YOU


THE END.

SeKai Fanfic Festival 2021Where stories live. Discover now