မင်းက ကိုယ့်အတွက် နှင်းဆီနီလိုပဲ။
ရဲရင့်တယ်။ လှပတယ်။ ပြီးတော့ အန္တရာယ်များတယ်။
အပြင်ကနေ သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘော ကစားပြန်လာပြီး ရေမိုးချိုးကာ အိပ်ရာထက် လှဲရင်း Facebook ထိုင်ပွတ်နေလိုက်သည်။ မြင်လိုက်ရတဲ့ စာစုလေးကို သဘောတကျ အသည်းလေးပေးလိုက်ပြီး နာရီကို တစ်ချက်ကြည့်မိတော့ ၇ နာရီ ထိုးနေပြီ။ အိုဆယ်ဟွန်းတစ်ယောက် ခုထိ ပြန်မလာသေး။ ရုပ်ချော သဘောကောင်းတဲ့အပြင် မေဂျာကင်းပါဖြစ်ပြီး ပိုက်ဆံကို အလကားရတဲ့ လေလို သုံးဖြုံးနေနိုင်တဲ့သူတို့ ထုံးစံအတိုင်း ညနေကျောင်းဆင်းတာနဲ့ ဘော်ဒါတစ်အုပ်နဲ့ လွင့်ပြီ ထင်ပါရဲ့။
အဲ့တော့ ကိုယ်လည်း အိမ်က ပို့လိုက်တဲ့ အိုဆယ်ဟွန်းအကြိုက် ဂဏန်းငံပြာရည်ချက်ကို တစ်ကောင်ချင်းစီ စိတ်အားတက်ကြွစွာ ထိုင်စားပစ်လိုက်တာပေါ့။ ဟား ဗိုက်ကို တင်းနေရောပဲ။ စားသောက်ပြီး ဂဏန်းခွံတွေကို အိတ်ထဲထည့် သိမ်းဆည်း ရှင်းလင်းပြီး တန်းပစ်ဖို့ လုပ်ရသည်။ မဟုတ်ရင် အနံ့တွေ ထွက်နေတော့မှာ။
သွားကြားတိုးတံကို ပါးစပ်မှာကိုက် တိုက်ခန်းအောက်က အမှိုက်ကန်မှာ အမှိုက်ကို စနစ်တကျ ပစ်ပြီး လက်နှစ်ဖက်ကို အားရပါးရပွတ်သပ်ခါချရင်း အားရပါးရ အပြုံးအကြီးကြီး ပြုံးလိုက်သည်။ စိတ်မကောင်းပါဘူး အိုဆယ်ဟွန်း။
-ဟားဟားခြေရာလက်ရာ ဖျောက်တာ သိပ်တော်တာပဲ ကင်ဂျုံအင်-
ကိုယ့်ကိုယ်ကို ချီးကျူးရင်း လမ်းမကြီးပေါ်က convenient စတိုးဆိုင်ဆီ ခြေဦးလှည့်လိုက်သည်။ ညကျ ဇာတ်ကားကြည့်ရင်း စားဖို့ ဝယ်ထားတဲ့မုန့်တွေ ကုန်ပြီလေ။
ကျောင်းနဲ့နီးတဲ့ တိုက်ခန်းကို အိုဆယ်ဟွန်းမေမေ ဝယ်ပေးတုန်းက အခန်းတွေကို သားတို့ စိတ်ကြိုက်ဖွဲ့ကြလို့ ခွင့်ပြုခဲ့၏။ တိုက်ခန်းမှာ ဂျုံအင် အကြိုက်ဆုံး အခန်းကတော့ ရုပ်ရှင်ရုံအသေးစားလေးလို ဖန်တီးထားတဲ့ အခန်းလေးပင်။
မနက်ဖြန် ကျောင်းပိတ်ရက်ဖြစ်လို့ တစ်နေ့က အိုဆယ်ဟွန်း ဝယ်လာပေးတဲ့ သရဲကား ခွေတွေ ညလုံးပေါက် ထိုင်ကြည့်ဖို့ စိတ်ကူးထားသည်။
“တီ တီ တီ တီ”
ဟင် ဘာလို့ ဒီနံပါတ် က မှားတယ် ဖြစ်ရတာလဲ။
“တီ တီ တီ တီ” ဟား ဒါလည်း မဟုတ်ပြန်ဘူး။
နှစ်ကြိမ်မြောက် မှားယွင်းနေသော တိုက်ခန်း passwordကြောင့် ဖုန်းထုတ်ပြီးဆက်လိုက်တော့
“ကင်ဂျုံအင် ခွေးသားလေး အိမ်ထဲဝင်လာဖို့ မစဉ်းစားနဲ့ ဘယ်မလဲ ငါ့အတွက် ဂဏန်းငံပြာရည်ချက်။”
စူးခနဲ့ ထွက်လာတဲ့ အိုဆယ်ဟွန်းအသံကြောင့် ဖုန်းကို နားမှခွါကာ တဟိဟိ ရယ်လိုက်မိ၏။
“ဟေ့ရောင် အိုဆယ်ဟွန်း ဘာတွေ လာဖောက်နေတာလဲ
မင်းအဖေ ငါက ခုမှ အပြင်က ပြန်ရောက်လာတာကွ။ ရူးနေလို့ password ပြောင်းထားတာလား။ ခု လာဖွင့် လာ”
ရုပ်ကို တည်ပြီး ပုံမှန် လေသံနဲ့ ပြန်ဟောက်လိုက်တော့ တစ်ဘက်က ငြိမ်ကျသွား၏။ ဇဝေဇဝါ ဖြစ်နေမယ့် အိုဆယ်ဟွန်းကို မြင်ယောင်ပြီး အသည်းတယားယား။
“8894”
ဆောင့်ကြီးအောင့်ကြီး ထွက်လာတဲ့ လေသံကြောင့် ရယ်မိပြန်၏။
“ဟမ်”
“8894 လို့ password က ငနာရဲ့”
“အော် အေးအေး အေးပါကွာ ဒါပဲ”
Phone ကို အရင်ချပစ်လိုက်ပြီ တဟားဟား အော်ရယ်ရင်း password နှိပ် အခန်းထဲ ဝင်လာလိုက်တော့…………
ထင်တဲ့အတိုင်း ဆိုဖာပေါ် လက်ပိုက်ထိုင်ရင်း angry bird လို မျက်မှောင့်ကုတ်ပြီး နှုတ်ခမ်းကြီး ဆူနေတဲ့ ကိုယ်တော်ချော ခွိ ခွိ
ခပ်တည်တည်နဲ့ ထမင်းစားခန်းထဲကိုဝင် ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးထုတ်ပြီး ဝယ်လာတဲ့ မုန့်အိတ်ထဲ ရောထည့်လိုက်သည်။ ခုထိ ငုတ်တုတ် ထိုင်နေဆဲ အိုဆယ်ဟွန်းရဲ့နောက်ကို ခြေသံဖော့ပြီး သွားလိုက်သည်။
ဆိုဖာနောက်ကနေတောင် မြင်နေရတဲ့ စူထွက်နေတဲ့ နှုတ်ခမ်းပါး ကို အသည်းယားလာတာနဲ့ လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ဆွဲလိမ်ပစ်လိုက်သည်။ ပြီးတာနဲ့ တဟားဟား အော်ရယ်ပြီး ရုပ်ရှင်ရုံခန်းလေးထဲ ပြေးဝင် တံခါးသော့ခတ်လိုက်တော့သည်။
အခန်းဖွဲ့ကတည်းက အထဲက အသံ အပြင်က မကြားစေရဘဲ အပြင်က အသံကိုပဲ အထဲက ကြားနိုင်အောင် အတွင်းပိုင်းပြင်ဆင်ရင်း နံရံထဲ အသံလုံ စနစ်ထည့်ထားတော့ မိုးမွှန်အောင် ဆဲသံတွေ အခန်းထဲကို ပျံဝင်လာခဲ့သည်။ တံခါးကို တဒုန်းဒုန်းဆောင့်ကန်ရင်း ဒီအခန်းထဲမှာပဲ တစ်ညလုံးနေ ဆိုတဲ့အသံပါ ထပ်လောင်းကြားလိုက်ရသည်။
ချေးမှန်ထားသလို ဖြစ်နေမယ့် အိုဆယ်ဟွန်းမျက်နှာကို မြင်ယောင်လာပြန်ရင်း တဟားဟားအော်ရယ်မိတော့သည်။ ကျောင်းက ပျိုမဒီတွေကို ခေါ်ပြချင်သေးသည်။ ခင်ဗျားတို့ တမ်းတမ်းစွဲရပါတဲ့ ကင်းကြီးက အိမ်မှာတော့ angry bird ပဲလို့။
ရုပ်ရှင်တစ်ကားပြီးတော့ လူက ငိုက်ချင်လာပြီ။ ကြောက်စရာကောင်းတယ်လို့ movie review တွေ ဖတ်ပြီး ဝယ်လာပေးသော အိုဆယ်ဟွန်းကို ပြောလိုက်ချင်သည်။ ဟွန့် သူ့ ဇာတ်ကားကဖြင့် “ချစ်စရာကောင်းတဲ့ အရုပ်ကလေးက သူ့ရဲ့ ပိုင်ရှင်အစစ်ကို ရှာဖွေတဲ့ အကြောင်း ရိုက်ထားတဲ့ စွန့်စားခန်း ရုပ်ရှင်အမျိုးအစားကို”။
—————————🌹Rose🌹————————-
တတီတီ မြည်နေတဲ့ ဖုန်းသံကြောင့် အိပ်ချင်မူးတူးနဲ့ ဖုန်းထ ကိုင်လိုက်ရသည်။
“ဟျောင့် ကင်ဂျုံအင်ရေ လူစုံနေပြီကွ။ ဘယ်နားရောက်နေပြီလဲ”
ဒီနှစ်လုပ်ရမယ့် အဖွဲ့လိုက် ပရောဂျက်ခေါင်းဆောင် တစ်နည်း အတန်းခေါင်းဆောင်ဖြစ်သူ လီထေးမင် အသံကြားမှ ပူးပြဲပြီး နာရီကြည့်မိတော့ တစ်နာရီ ထိုးဖို့ မိနစ်နှစ်ဆယ် အလို။ သေဟ…. ညက ဇာတ်ကားကြည့်ကောင်းတာ မနက် ၃ နာရီထိ ရောက်သွားတယ်။ ဆံပင်ကိုသပ် ချောင်းတစ်ချက်ဟန့်ပြီး ပုံမှန်လေသံပြင်ကာ
“အေး လမ်းမှာ ကားပိတ်နေလို့ ငါ နည်းနည်းတော့ နောက်ကျမယ် မင်းတို့ အရင် ဆွေးနွေးထားလိုက်”
“အေး အေး ဟိုတစ်ပါတ်က အကြမ်းပြင်ထားတဲ့ စာရွက်တွေ ပါတယ်မလား။ အဲ့တာတွေက အရေးကြီးတယ်နော်”
“ပါတယ် ပါတယ် ဒါပဲနော် ထေးမင်”
ဖုန်းကို မြန်မြန်ချ အိပ်ရာပေါ်ကအသည်းအသန်ထပြီး လျှပ်စစ်လူသားလို အမြန်နှုန်းနဲ့ ရေချိုးခန်းထဲ ပြေးဝင်ရတော့သည်။ အမ် ညတုန်းက အခန်းထဲ ပြန်အိပ်မိတာပဲ။ တော်ပါသေးရဲ့ ချိန်းထားတဲ့ နေရာက အိမ်နဲ့ မဝေးလို့ taxi နဲ့ စီးသွားရင် ၁၅ မိနစ်ပဲ။
ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ရောက်တော့ ၁ နာရီ ၁၀ မိနစ်။
ကော်ဖီဆိုင်ဆိုပေမယ့် ကျောင်းသား၊ ကျောင်းသူ လေးတွေ အေးအေးဆေးဆေး စာလုပ်ဖို့အတွက် ဆိုင်နောက်မှာ လူဆယ်ယောက် ထိုင်လို့ ရတဲ့ အမိုးပါ စားပွဲဝိုင်း သုံးဝိုင်းရှိသည်။ ဘယ်ဘက်ထောင့် စားပွဲဝိုင်းမှ ယွန်းဆူး က လက်လှမ်းပြနေတဲ့အတွက် အပြေးလေး သွားမိသည်။
ထေးမင်က အလယ်ဝိုင်းက ချန်းယောလ်တို့နဲ့ စကားပြောနေရင်းက ကိုယ့်ကို လှမ်းကြည့်တော့ တစ်ချက်ရယ်ပြပြီး အနားရောက်မှ တစ်ခုံတည်းသော လွတ်နေတဲ့ ထိုင်ခုံကို တွေ့၍ ဝင်ထိုင်လိုက်သည်။
“ရော့ Latte”
ဘေးခုံမှာ ထိုင်နေတဲ့ တစ်ယောက်က Latte ကမ်းပေးလာ၍ ယူလိုက်ရင်း ကျေးဇူးတင်စကားပြောဖို့ မော့ကြည့်မိတော့ အဖြူရောင်ရှပ်အင်္ကျီကိုမှ အောက်က စတိုင်ပန်ခဲဖျော့နှင့် တွဲဖက်ဝတ်ဆင်ထားတဲ့ သန့်ရှင်းတောက်ပြောင်နေသော အိုဆယ်ဟွန်းကြီး။ နေကာမျက်မှန်နဲ့ ဆံပင်တွေကို လှန်တင်ပြီးသိမ်းထားတဲ့အတွက် ဆံတံခွန်ပါ နဖူးပြင်ကျဉ်းကျဉ်းက တင့်တယ်စွာ။ သူ့ကြည့်ပြီး ကိုယ့်ကိုယ် ကို မလုံမလဲ ပြန်ငုံ့ကြည့်မိတော့ တစ်ကိုယ်လုံး ဖရိုမရဲနဲ့။ သေချာပေါက် ခေါင်းကလည်း စုတ်ဖွားဖြစ်နေမှာ။ စိတ်ဓါတ်တွေ ထိုးကျသွားတာနဲ့ တစ်ပြိုင်နက် ဘေးက လူရဲ့ ဖြူဖွေးသန့်ရှင်းနေတဲ့ ဖိနပ်ပေါ် တက်ဖိပြီး နာနာလေး ကျိတ်ပေးလိုက်တယ်။ အင့် အင့်။
“အာ့”
“ဘာဖြစ်တာလဲ အိုဆယ်ဟွန်း”
တိုးတိုးလေး ထွက်ကျလာတဲ့လေသံကို ကြားရအောင်ထိ အိုဆယ်ဟွန်းကို သည်းသည်းလှုပ် အာရုံစိုက်နေတဲ့ ယွန်ဆူးတို့ အုပ်စုကို စိတ်ထဲကနေ မျက်စောင်း တစ်ရာ ထိုးပစ်လိုက်တယ်။ ဟွန့် သူတို့ လူကဖြင့် တူတူသွားရမယ့်နေရာကို ငါ့ကို မနှိုးဘဲ သူကျ ရှိုးအပြည့်ထုတ်ပြီး သာသာယာယာ ကြိုရောက်နေတာ။ ဘယ်လောက်ထိ အကျင့်ပုတ်လိုက်သလဲ။ ဘယ်လောက်ထိ ကလေးဆန်လိုက်သလဲ ဟမ်။ ညက ကိစ္စကို မကျေနပ်တာနဲ့ ဒီလောက်ထိ လုပ်စရာလားလို့။
“အာ ဘာမှ မဖြစ်ဘူးဗျ ခြေထောက်ကို ပုရွက်ဆိတ် ကိုက်လို့ပါဗျ”
လူယဉ်ကျေးလေး လုပ်နေတဲ့ အိုဆယ်ဟွန်းကို မော့မကြည့်ဘဲ -အိုဆယ်ဟွန်း အစုတ် အိုဆယ်ဟွန်းအပျက်-
ပါးစပ်ကနေ အသံမထွက်ဘဲ ပွစိပွစိ ကျိန်ဆဲပစ်လိုက်တယ်။
စိတ်က နည်းနည်းတော့ ကျေနပ်သွားရော။
Latte အေးအေးလေး ရင်ဘတ်ထဲ ဝင်သွားတော့ လူက နည်းနည်း စိတ်ကြည်လာတယ်။ စားပွဲပေါ်က တစ်ခြားသူတွေ ဖဲ့စားထားပုံရတဲ့ ချောကလက်ကိတ်ကို ယူပြီး စားလိုက်တော့ ခံတွင်းထဲ နူးနူးညံ့ညံ့ပျော်ဝင်သွားပြီး ချိုအီမွှေးကြိုင်တဲ့ အရသာလေးကြောင့် တိတ်တိတ်လေး ပြုံးမိသွားတယ်။ ဒီဆိုင်က ကိတ်က အရမ်းကောင်းတာပဲ ပြီးရင် review and recommend ပေးရမယ်။ ဗိုက်ကလည်းဆာ စားလို့ကလည်း ကောင်းနဲ့ အားရပါးရ စားနေလိုက်တာ ခဏလေးအတွင်း အကုန်ကုန်သွားရော။
Latte အေးအေးလေး သောက်ရင်း မော့ကြည့်လိုက်တော့ လူကို ဝိုင်းကြည့်နေကြတဲ့ ယွန်ဆူးတို့ မိန်းကလေးအဖွဲ့။ အင်းပေါ့လေ သူတို့ခမျာ စားချင်တာတောင် ဝမှာ စိုးလို့ မစားရဲရတာနဲ့ ရှေ့က ကိုလူချောရှေ့မှာ ပဲများနေရတာနဲ့ ငါ့လို ဘယ် ဝဝ စားလို့ ရမလဲ။ စိတ်မကောင်းပါဘူး မိန်းကလေးတို့။
ပတ်ချန်းယောလ် နဲ့ စကားပြောပြီး ပြန်လှည့်လာတဲ့ လီထေးမင်က project အတွက် လိုအပ်တာတွေ ရှာဖွေဖို့ တစ်ဦးချင်းစီ တာဝန်ချပေးတယ်။ ဖုန်းတွေ laptop တွေနဲ့ ကိုယ့်တာဝန်ကို ကျေပွန်အောင် ရှာကြ ဖွေကြ မှတ်ကြ စုဆောင်းကြနဲ့ အားလုံး အလုပ်ရှုပ်သွားကြတယ်။
—————————🌹Rose🌹————————-
အိမ်ကို ပြန်ရောက်တော့ ၉နာရီ ထိုးနေပြီ။ အပြန် မှာ အိုဆယ်ဟွန်းကားနဲ့ ပြန်လိုက်လာလို့။ မဟုတ်ရင် ဒီ့ထက် မိုးချုပ်ဦးမှာ။ ခုက လမ်းမှာ ညစာလည်း တစ်ခါတည်း ဝင်စားခဲ့ကြတော့ အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းပြီး ဆိုဖာပေါ် ပစ်လှဲ အိပ်လိုက်တာ တစ်ယောက်ယောက် လာပွေ့ချီသလို ခံစားလိုက်မိသည်။
ရေချိုးပြီးကာစမို့ အေးမျှမျှ ဖြစ်နေတဲ့ ခံစားချက်လေးရယ် ချိုချိုငြိမ်ငြိမ်လေး မွှေးပျံနေတဲ့ Jo Malone London
ရေမွှေးနံ့ ရယ်ကြောင့် ပွေ့ချီလာတဲ့ အိုဆယ်ဟွန်း ပုခုံးနဲ့ လည်တိုင်ကြား ခေါင်းကို အတင်းတိုးဝှေ့ပြီး လက်နှစ်ဖက်နဲ့ အင်္ကျီရင်ဘတ်စကို ဆွဲလိုက်မိတယ်။
“အရမ်း နေလို့ ကောင်းတာပဲ” အိပ်ချင်မူးတူးနဲ့ တိုးတိုးလေး ပြောလိုက်တော့ အိုဆယ်ဟွန်းက ဟက် ခနဲ့ ရယ်ပြီး
“ညစ်ပတ်အိုးလေး” တဲ့။
ညင်ညင်သာသာနဲ့ အိပ်ရာပေါ် ချပေးတဲ့ အိုဆယ်ဟွန်းရဲ့ အင်္ကျီစကို ဆက် ဆွဲထားရင်း နေလို့ကောင်းလို့ တူတူလာအိပ်လို့ ပြောတော့ နှာခေါင်းကို လိမ်ဆွဲပြီး
“မင်းက ဒီလောက်နံစော်နေတာကို ငါက တူတူ အိပ်ပေးစရာလား”
“ဟွန့် နေပေါ့”
ဟိုဘက်လှည့်သွားတဲ့ ခန္တာကိုယ်လေးကို ကြည့်ပြီး အိပ်ရာထက် ပက်လက် ဝင်လှဲလိုက်တော့ ဒီဘက် ပြန်လှည့်လာပြီး ရင်ဘတ်ပေါ် ရောက်လာတဲ့ ခေါင်းလုံးလုံးလေး။ ချက်ချင်း အသက်ရှု အောင့်ထားလိုက်မိပြီး လူက နည်းနည်းလေးတောင် လှုပ်ဖို့ရာ မရဲတော့။ -ကျစ် ကင်ဂျုံအင်ရာ ငါ့ကို ဒုက္ခပေးလွန်းတယ်-
ငယ်ငယ်ကတည်းက နှစ်အိမ့်တစ်အိမ်နေလာကြရာက စီးပွါးရေး တိုးချဲ့မှုကြောင့် အမေရိကားကို ပြောင်းရွေ့ဖို့ စီစဉ်ကြတဲ့ ကင်ဂျုံအင်ရဲ့ အဖေနဲ့အမေ။ လုံးဝ မလိုက်နိုင်ပါဘူး ငြင်းပြီး ဒီမှာပဲ တစ်ယောက်တည်းနေခဲ့ပါမယ် အတိအလင်း ကြေငြာတဲ့ အထက်တန်းကျောင်းသားအရွယ် ကင်ဂျုံအင်။ စိတ်မချခြင်းများစွာနှင့် အိမ်ပေါ် ခေါ်တင်ထားလိုက်ရာကစပြီး ကျွန်တော်အိုဆယ်ဟွန်းရဲ့ အိမ်မှာ အငယ်ဆုံးသားထွေးလေးဆိုတဲ့ ရပိုင်ခွင့်တွေ တဖြည်းဖြည်း ဆိတ်သုန်းသွားရသည်။ အိမ်မှာ သားအရင်းတစ်ယောက်ကဲ့သို့ သူ့အလိုကျ နေစေခဲ့ပေမယ့် အထက်တန်းပြီးတာနှင့် တက္ကသိုလ်အနီးရှိ တိုက်ခန်းကို ပြောင်းရွေ့နေဖို့ စိတ်ကူးမိတဲ့အကြောင်းက အကယ်၍များ သူ စိတ်အားငယ်နေမလား ဆိုတဲ့စိတ်နှင့်ပင် ဖြစ်သည်။
မဖြစ်သင့်ဘူးဆိုပေမယ့် သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ဖြူစင်မှုတွေ တဖြည်းဖြည်း အရောင်ပြောင်းလာတာကို သူကတော့ သိမည်မထင်။
မသိနားမလည်ခြင်းများစွာနှင့် သူ့အပြုအမှုတွေကြောင့် ကျွန်တော့်မှာ စိတ်တိုရသည်။ စိတ်လှုပ်ရှားရသည်။ ရင်ခုန်ရသည်။ ရဲရဲရင့်ရင့်ယောက်ျားသားတစ်ယောက်ကို စိတ်ပူပင်ရသည်။
မနေ့ညကလည်း အိမ်က ပို့ပေးလိုက်တာကို သိသိကြီးနဲ့ သူ့မှာ တစ်ကောင်တောင် မမြင်လိုက် မစားလိုက်ရ။စိတ်တိုတိုနှင့် အိပ်လိုက်တာ တစ်ရေးနိုး ရေထ သောက်ရင်း သတိရလို့ သော့ပိုယူကာ အခန်းထဲ ဝင်ကြည့်မိတော့ ဆိုဖာပေါ် ခေါင်းကြီးစောင်းပြီး သရေတွေကျလို့ သရဲကားကြည့်ရင်း အိပ်ပျော်နေပါသော ကင်ဂျုံအင်။ ချစ်မြတ်နိုးမှုကို စေတနာပါ ထပ်လောင်းထည့်ပြီး အခန်းထဲ ပွေ့သယ်လာပေးတာကို ကျေးဇူးတင်ရကောင်းမှန်းမသိ လူကို ခြေထောက် တက်ကျိတ်ပြီး ကျေးဇူးတင်ကြောင်း ပြသလာသည်။ - စိတ်ရှိတိုင်းသာဆို ကိုင်ပေါက်ပစ်လိုက်ပြီ -
သူ့မှာ စေတနာကို နားမလည်ခြင်းဆိုပြီး စိတ်တိုမလို့ရှိသေး။ မနက်စောစော အိမ်ကိုပြန်ပြီး မေမေ့ဆီတကူးတက သွားသင်ပြီး လုပ်လာခဲ့သည့် ချောကလက်ကိတ်ကို အားရပါးရစားနေသော ကင်ဂျုံအင် ကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။ -ချစ်ဖို့ကောင်းလွန်းလို့ လူကြားထဲ တစ်ခုခု လုပ်မိတော့မလို့ ကင်ဂျုံအင်ရေ-
ယခုလို ကျွန်တော်ဘာဖြစ်သွားမလဲ မစဉ်းစားဘဲ အလိုက်ကန်းဆိုးမသိ ပြုမူလိုက်တဲ့ သူ့အပြုအမူလေးတွေက လူကို ခံရခက်စေသည်။ ငယ်သူငယ်ချင်း၊ အချစ်ဆုံးသူငယ်ချင်းလို့ သူက သတ်မှတ်မလားမသိပေမယ့် ထိုထက်ပိုချင်နေသော ကျွန်တော်မှာ ဒုက္ခရောက်ရသည်။ သူ့အနား နီးနီးနေရတိုင်း အန္တရာယ်များလှသည်။ သို့သော် ဝေးဝေးသို့ မပြေးနိုင်သော ကျွန်တော်။
ထို့ကြောင့် သူက ကျွန်တော့်အတွက် အနီရောင် နှင်းဆီပန်း လိုပင်။ ရဲရင့်တယ်။ လှပတယ်။ ပြီးတော့ အန္တရာယ်များတယ်။
—————————🌹Rose🌹————————-
နှာခေါင်းထဲ အလုံးရင်းလိုက် တိုးဝင်လာတဲ့ ရေမွှေးနံ့ကြောင့် လူက မကြည်မလင်နဲ့ နိုးလာရသည်။ အဲ့လောက်အများကြီး ဖျန်းစရာ လိုလို့လားလို့။
ထူးထူးဆန်းဆန်း မနက်အစောကြီး ထပြီး ပြင်ဆင်နေသော ကင်ဂျုံအင်။ မှန်ရှေ့မှာ မတ်တပ်ရပ်ကာ ကျွန်တော့်ရေမွှေးပုလင်းကို မကုန် ကုန်အောင် ဆွတ်ဖို့ ကြံစည်နေသလား မသိ။
“ဟေ့ရောင် ငါ့ ရေမွှေးတွေ ကုန်တော့မှာပဲ။ တော်တန်ရုံပဲ ကောင်းတယ်”
“ဆယ်ဟွန်း နိုးပြီလား။ ရေမွှေးက ကုန်ရင် ငါပဲ ဝယ်ပေးရတာကို နှမြောတွန့်တိုမနေနဲ့။ ငါ့ကို သေချာကြည့် မချောဘူးလား မသန့်ဘူးလား။”
ချောပါသည်။ အညိုရောင်ဆွယ်တာပေါ် အနက်ရောင်ကုတ် ထပ်ဝတ်ထားပြီး အောက်က စတိုင်ပန်အနက်နှင့် လိုက်ဖက်ညီစွာ။ အနက်ပြောင် ဆွယ်တာဦးထုတ် နှင့် အနက်ရောင် မျက်မှန်ဝိုင်းလေးကလည်း သူ့မျက်နှာနှင့် ခေါင်းလေးပေါ်မှာ မနက်ခင်း နေရောင်ဖျော့ဖျော့အောက် ပနံသင့်စွာ။ ဘယ်သွားမလို့လဲ။ ဘာလို့ အဲ့လောက်ပြင်ဆင်ထားရတာလဲ။
“နှုတ်ခမ်းကြီးဆူ မျက်မှောင့်ကြီး ကုတ်မနေနဲ့။ မေးတာဖြေ။ ငါ ချောရဲ့လား။”
“သူခိုးက လူပြန်ဟစ်လို့ ကလေးကလား နှုတ်ခမ်းကြီး ဆူပြနေတာက မင်း။ အဲ့လောက်ပြင်ဆင်နေတာ ဘယ်သွားမှာလဲ မင်းက။ ဘာလဲ date ???”
“အင်း။ မေမေတို့အသိ အမေရိကားက အစ်မတစ်ယောက် ဒီကို အလည်လာတာ။ ငါ့ကို တွေ့ကြည့်တဲ့။ အဆင်ပြေရင် တွဲမလားလို့။”
ပြုံးစိစိ ပြောလာသော ကင်ဂျုံအင်က လွန်စွာမှ အမြင်ကတ်ဖို့ကောင်းလှသည်။
“ငါ လိုက်ပို့မယ်လေ။ ခဏ စောင့် ရေချိုးလိုက်ဦးမယ်။”
“အာ နေ နေ ရတယ်။ ငါက ကားရောက်ရင် သွားမှာ။ အန်တီက ကားပို့ပေးမယ်တဲ့။ ခဏနေ ရောက်မယ် ထင်တယ်။”
“Don’t the water grow the trees
Don’t the moon pull the tide
Don’t the stars light the sky”
“Hello…….ဟုတ် ဦးလေးကြီး…...ကျွန်တော် ခု ဆင်းလာခဲ့မယ်ဗျ။”
ဖုန်းပြောရင်း သွားပြီ ဟု ပါးစပ်လှုပ်ရုံ ပြောသွားသော ကင်ဂျုံအင်ကို မယုံကြည်နိုင်စွာ ကြောင်ကြည့်နေမိသည်။
မနေ့ညကတင် ကျွန်တော့်ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သော သူက မနက်ကျ ကောင်မလေးတစ်ယောက်နဲ့ သွား date မယ် ဟုတ်လား။
မသိတတ်လိုက်တာ ကင်ဂျုံအင်ရာ။ တစ်ပါးသူ ခံစားချက်ကို မကစားသင့်ဘူး။ အထူးသဖြင့် မင်းအခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားတဲ့ မင်းကို တိတ်တိတ်လေးချစ်နေတဲ့ သူတစ်ယောက်ကိုပေါ့။ ဝမ်းနည်းခြင်း ခံပြင်းခြင်းတွေ စုပုံလာတဲ့အခါ ဖြစ်စေသူ တရားခံအပေါ် မထားရက်သော အပြစ်တင်မှုတွေကို အိမ်ကို သယ်ဆောင်လာမိတော့သည်။
“အမလေး…. သားငယ်။ ခုမှ အိပ်ရာထ လာတာလား။ သွား သွား ရေအရင်ချိုးချေ။ မနက်စာကို သားငယ် အကြိုက် ပင်လယ်စာ နဲ့ ပြင်ခိုင်းထားမယ်။”
ဧည့်ခန်းထဲမှာ ထိုင်ရင်း ရတနာပစ္စည်းတွေ ကြည့်နေသော မေမေ့ပေါင်ပေါ် ခေါင်းတင်ပြီး ဆိုဖာပေါ် လှဲချလိုက်သော အိုဆယ်ဟွန်းကို မေမေက နှာခေါင်းရှုံကာ ပြောလာသည်။
“စားချင်စိတ်မရှိဘူး မေမေ။ ဒါတွေကရော ဘယ်သူ့အတွက်လဲ။”
“ဂျုံအင်က လက်စွပ်လုပ်ချင်လို့တဲ့လေ။ မေမေ့ကို အရည်အသွေးကောင်းတဲ့ ပစ္စည်းလေးတွေ ရှာပေးပါ ဆိုလို့ ရှာပေးနေတာ။”
“ဘာအတွက်လဲ မေမေ”
“အနာဂါတ်လက်တွဲဖော် အတွက်တဲ့လေ။ ဒါနဲ့ သားငယ်ရော ရှာတွေ့ပြီလား။”
အိပ်နေရာကနေ ချက်ချင်း ထထိုင်ပြီးမေးသည့် သူ့ကို မော့ပင်ကြည့်မလာသော မေမေ့ကို ကျေးဇူးတင်ရမည်။ ခုချိန် သူ့မျက်နှာက မည်သို့မျှ ကြည့်လို့ကောင်းနေမည် မဟုတ်။
“ဟင် သားငယ်”
“သား အပေါ်တက်တော့မယ် မေမေ။”
“အေး အေး။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးရင် ပြန်ဆင်းလာခဲ့နော် သားငယ်။ မေမေ ထမင်းဝိုင်း ပြင်ခိုင်းထားလိုက်မယ်။”
လှေကားထစ်တွေကို ကျော်လွှား တက်လာရင်း မေမေ့ကို လှည့်မကြည့်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ ကျွန်တော် ရည်ရွယ်ထားတဲ့ လက်တွဲဖော်က သန်မာရဲရင့်တဲ့ယောက်ျားသားတစ်ဦး။ အနီးဆုံးမှာ ရှိနေပြီး အဝေးဆုံးလို့ ခံစားမိစေတဲ့အထိ သူ့ရဲ့ ကျွန်တော့်အပေါ် ထားတဲ့ ခံစားချက်တွေက သိပ်ဖြူစင်တာ။ ချစ်သူ၊ရည်းစားမထားဘဲ အပေါင်းအသင်းတွေနှင့်သာ ပျော်ပျော်နေတတ်သော သူနှင့်ကျွန်တော်က အသက်ကြီးတဲ့အထိ ဒီအတိုင်းလေး အတူတူကြီးပြင်းကြမယ်။ တစ်ယောက်အနားမှာ တစ်ယောက် ရှိနေပေးမယ်။ လိုအပ်ချိန်တိုင်း ရင်ဖွင့်ပြီး ကမ်းလင့်ကြိုဆိုပေးမယ်။ ထိုထက်ပို လောဘမကြီးသော၊ ကြီးခွင့်မရှိသော သူပါတဲ့ ကျွန်တော့် အနာဂါတ်က ခုတော့ တစ်စစီ ပြိုလဲရသည်။ ကျွန်တော် မပါဝင်မယ့် အနာဂါတ်ကို ပုံဖော်ဖို့ ဘယ်အချိန်ကတည်းကြိုးစားချက်နေမှန်းမသိသော ကင်ဂျုံအင်က သိပ်ရက်စက်ပါသည်။
………………………………………………………….
ခပ်နွေးနွေးဖြစ်သွားသော နှုတ်ခမ်းပေါ်က အထိအတွေ့ ပြီးနောက် နဖူးပြင်ပေါ် ထိတွေ့လာသော လက်အေးအေးကြောင့် လူက တစ်ချက်တွန့်သွားမိသည်။ မျက်လုံးများကတော့ ဖွင့်လို့ မရသေး။
“ဟင် အိုဆယ်ဟွန်း မင်း ကိုယ်တွေ ပူကျစ်နေတာပဲ။ ဘယ်ကတည်းက ဖျားနေတာလဲ။ ဆရာဝန် ခေါ်ပြီးပြီလား။
အန်တီရေ…. အန်တီ ဆရာဝန်ခေါ်ပေးပါဦး။ ဆယ်ဟွန်း ဖျားနေတယ်။”
ပျာယာခတ်စွာ အခန်းရှေ့ထွက်ပြီး မေမေ့ကို လှမ်းပြောနေသော ကင်ဂျုံအင် အသံကို ကြားတစ်ချက် မကြားတစ်ချက်။ ငါ အခုလို ဖြစ်တာ မင်းကြောင့် ကင်ဂျုံအင်။ ခုမှ လာဂရုစိုက်ပြမနေနဲ့။
“မနက်ကတည်းက ရောက်နေတာ သားရေ။ ရောက်ကတည်းက ခုလို ပုံစံပဲ။ ရေချိုးပြီးရင် ထမင်းစားဆင်းခဲ့ဖို့ ပြောလိုက်တာ။ အန်တီလည်း အလုပ်ကိစ္စလေးပေါ်လို့ အပြင်သွားလိုက်ရတော့ သားငယ် အောက်ထပ် ဆင်းမလာတာကို မသိလိုက်ဘူးကွယ်။ ခုမှ ပြန်ရောက်တာ သားရေ။ မင်းသူငယ်ချင်းက အဲကွန်းကြီး ဖွင့်ပြီး ညနေစောင်းထိ အိပ်လိုက်လို့ ထင်တယ်။
ဒီည ဒီမှာ အိပ်နော် သား။”
ဆရာဝန် ဆေးထိုးပေးပြီး အိပ်မပျော်သွားခင်မှာ ကြားနေရတဲ့ မေမေ့စကားသံတွေက နားထဲ ပြတ်တောင်း ပြတ်တောင်း။ ကင်ဂျုံအင်က date ကနေ ခုမှ ပြန်ရောက်လာတာပေါ့။ မနက်ကနေ ညနေထိတောင်လေ။ အဲ့လောက်အကြာကြီး date ရအောင် သဘောကျသွားပြီလား။ မေမေ့ကို ရှာခိုင်းတဲ့ ပစ္စည်းနဲ့လုပ်မယ့် လက်စွပ်ပိုင်ရှင်ကိုရော ရှာတွေ့ခဲ့ပြီလား။
အတွေးများစွာနှင့် ပြန်လည် အိပ်ပျော်သွားတော့သည်။
သူ နိုးလာတော့ အခန်းထဲမှာ မည်သူမှ ရှိမနေပေ။ နာရီကို ကြည့်တော့ ည နှစ်နာရီထိုးနေပြီ။ အာခေါင်တွေ ခြောက်ကပ်လွန်းနေ၍ ရေသောက်ရန် အိပ်ရာဘေး စားပွဲခုံပေါ်က ရေကရားနှင့် ရေခွက်ကို လှမ်းယူဖို့ ထထိုင်လိုက်သည်။ ထိုအချိန် တိတ်ဆိတ်နေတဲ့ ညအချိန် ဖြစ်တာမို့ ကျွီခနဲ့ တံခါးဖွင့်သံကြောင့် လှမ်းနေသော လက်ကို ပြန်ရုတ်လိုက်မိပြီး သတိ အနေအထားနှင့် အခန်းပေါက်ကို ကြည့်နေလိုက်သည်။
“ဟမ် ဆယ်ဟွန်း နိုးနေတာ ကြာပြီလား။ ငါ အောက်ကိုဆင်းပြီး ဆန်ပြုတ် နွှေးလာတာ။ မှန်းစမ်း ကိုယ်ပူကျပြီလား။ အာ ရေသောက်ချင်လို့လား။ ငါထည့်ပေးမှာပေါ့။ ဒါပြီးရင် ဆန်ပြုတ်သောက်မယ်နော်။”
ကုတင်နားထိ တောက်လျှောက်စကားတွေ တရစပ်ပြောလာသော ကင်ဂျုံအင်က လက်ထဲတွင်လည်း ဆန်ပြုတ် ပန်းကန် ကိုင်လာသေးသည်။ ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်အရင်မတင်ဘဲ ထိုင်နေတဲ့ ကျွန်တော့်နဖူးကို နဖူးချင်း ထိပြီး အဖျားကျ မကျ စမ်းနေသော ကင်ဂျုံအင်က သူ့အန္တရာယ်ကို သူမသိ။ နှာခေါင်းလုံးလုံးလေးတွေက အသည်းယားစရာ။ နီးကပ်နေသော နှုတ်ခမ်းနီထွေးထွေးက ကျွန်တော့်သမာဓိကို စမ်းသပ်နေသည့်အလား။ အဲ့ဒီ နှုတ်ခမ်းနီထွေးထွေးလေးတွေနှင့် ကျွန်တော် မဟုတ်သော တစ်ခြားတစ်ယောက်ကို နမ်းရှိုက်နေမည့် ကင်ဂျုံအင်ကို မြင်ယောင်လာမိသည်။ အဖြစ်မခံနိုင်ပါ။ ထိုအဖြစ်မျိုး မည်သို့မှ အဖြစ်မခံနိုင်ပါ။
ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ပြီး ရေထည့်နေသော ကင်ဂျုံအင့် လက်ကို ကယောင်ကတမ်း ဆွဲမိတော့ ရေတွေ ကြမ်းပေါ် ဖိတ်စင်ကျတော့သည်။
“ဘယ်လိုဖြစ်နေလဲ ဆယ်ဟွန်းရာ။ ဒီမှာ ရေထည့်နေတယ်လေ။ လက်ကို လွှတ်ဦး။”
“မင်း အဆင်ပြေခဲ့လား။”
“ဟမ်…..ဘာကိုလဲ။ အစမရှိ အဆုံးမရှိ။”
“ဒီနေ့ date ခဲ့တဲ့ တစ်ယောက်နဲ့လေ။ တွဲဖို့ထိ အဆင်ပြေခဲ့လား။”
“အာ……လက်ကို လွှတ်။ ရေခွက် ချဦးမယ်။ အင်း….ပြေတယ်လေ။ ပြေလို့ ညနေထိ ရောက်တာပေါ့ ငတုံးရ။”
“မင်း…..မင်း သူကို့ ဘဝ လက်တွဲဖော်အထိ ရွေးဖို့ စဉ်းစားပြီးပြီလား။ တစ်သက်လုံး သူနဲ့ပဲ အချိန် ကုန်ဆုံးသွားချင်ပြီလား။”
“အင်း…..ခုတော့ ပြောလို့မရသေးဘူးလေ။ အချိန်တော့ ယူရမှာပေါ့ ဆယ်ဟွန်းရ။ ဘာလို့လဲ။”
ပကတိဖြူစင်ရိုးသားသော မျက်ဝန်းများနှင့် မေးမြန်းလာသော ကင်ဂျုံအင်ကို လက်နှစ်ဖက်နှင့် သိမ်းကြုံးဆွဲဖက်လိုက်သည်။
“ဒါဆို…….ငါကရော။ မင်းအနားမှာ တစ်သက်လုံး ရှိနေချင်တဲ့ ငါကရော။ မင်း မပါမယ့် ငါ့အနာဂါတ်ကို တွေးတောင် မတွေးကြည့်ရဲတဲ့ ငါကရော လို့ ကင်ဂျုံအင်။”
“အချစ်ဆုံးသူငယ်ချင်းအနေနဲ့ တစ်သက်လုံး ဆက်ရှိနေလို့ရတာပဲ။ မဟုတ်ဘူးလား ဆယ်ဟွန်းရာ”
တုန်ရီအက်ကွဲနေတဲ့ ကျွန်တော့် စကားသံတွေကို ကင်ဂျုံအင်က နည်းနည်းတောင် မမှုသည့် ခပ်မြူးမြူး လေသံနှင့် ပြန်မေးလာသည်။
“ငါ…...ငါ...မင်းနဲ့ အချစ်ဆုံးသူငယ်ချင်း အနေနဲ့ မင်းအနားမှာ တစ်သက်လုံး ရှိမနေချင်ဘူး။”
“ကဲပြော အဲ့တာဆို ဘယ်လိုဆက်ဆံရေးနဲ့ ရှိနေချင်တာလဲ။ သားအဖ လား။ မကြံကောင်း မစည်ရာ အိုဆယ်ဟွန်းရာ။”
ရင်ခွင်ထဲကနေ မရုန်းဘဲ မဟုတ်တမ်းတရားတွေ လျှောက်ပြောနေသော ကင်ဂျုံအင်က လွတ်လပ်ပေါ့ပါးစွာ။ ဆံနွယ်ပျော့ပျော့လေးတွကို ဖိနမ်းရင်း ပိုပြီး တင်းတင်းဖက်လိုက်တော့ စကားသံတွေ ပျောက်ရှသွားသည်။
“ငါ…...မင်းကို…...ချစ်တယ် ဂျုံအင်။ ဘယ်အချိန်ကစ ချစ်နေတာလည်းတော့ သတိမထားမိဘူး။ ငါ သတိထားမိတဲ့အချိန်မှာ မင်းက ငါ့အပေါ် အရမ်းဖြူစင်လွန်းနေတော့ ဖွင့်မပြောသင့်ဘူးလို့ ငါ့ရဲ့ နှစ်ထွာတစ်မိုက်ဦးနှောက်လေးနဲ့ စဉ်းစားခဲ့မိတယ်။ မင်း ငါ့အနားမှာပဲ အမြဲရှိနေမှာပါလို့ မှတ်ယူမိခဲ့တယ်။ ဖွင့်ပြောဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့ရဲ့နဲ့ ခုလို အချိန်မှ ဖွင့်ပြောဖြစ်တဲ့အတွက် ငါ့ကိုယ်ငါ စိတ်လည်း တိုတယ်။ အားမလို အားမရလည်း ဖြစ်ရတယ်။ မင်း ငါ့ကို စိတ်ကွက်သွားမှာ စိုးတဲ့စိတ်၊ ငါ့ကို လက်မခံဘဲ အဝေးကို ထွက်သွားမှာ စိုးတဲ့ စိတ်တွေကြောင့် ဖွင့်ပြောဖို့ အကြိမ်ကြိမ် တွန့်ဆုတ်ခဲ့မိတယ်။ တောင်းပန်ပါတယ် ဂျုံအင် နောက်ကျမှ ဖွင့်ပြောမိလို့။ ငါ မင်းကို ချစ်တယ်။ မင်းနဲ့ပဲ ငါ့အချိန်တွေကို အတူတူ ကုန်ဆုံးချင်တယ်။”
ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို ဆွဲထုတ်ပြီး မျက်နှာလေးကို ပင့်ကာ နောက်ဆုံးစကား နှစ်ခွန်း ဆိုမိတော့ ရယ်ချင်ပက်ကျိ မျက်နှာကြည်ကြည်လေးကနေ တဟားဟား အော်ရယ်နေသော ကင်ဂျုံအင်ရယ်ပါ။ ဒီမှာ ရင်ဖွင့်နေတာလေ။ ခံစားချက်တွေ အကုန် ဖွင့်ချပြနေတာလေ။ ဘယ်နားမှာ ရယ်စရာ ပါလို့လဲ။
နားမလည်နိုင်သလို ကြည့်နေသော အိုဆယ်ဟွန်းကြောင့် မျက်နှာကို မနည်းပြန်တည်လိုက်ရသည်။
“ပြောပါဦး ခုကျ ဘယ်လိုဖြစ်လို့ ဖွင့်ပြောရဲ သွားတာလဲ။ ငါ ငြင်းမှာကို မကြောက်ဘူးလား။ အဝေးကြီးကို ထွက်သွားမှာကိုရော မကြောက်တော့ဘူးလား။”
ရင်ခွင်ထဲကနေထွက် လက်ကို ပိုက်ပြီး မျက်နှာကို မော့ကာ မေးလာသော ကင်ဂျုံအင်က အသည်းယားစရာ။ ခါးကနေ ဆွဲဖက်လိုက်ပြီး နားရွက်နား တိုတိုးလေးကပ်ကာ သူပြောလိုက်သော စကားကြောင့် ရင်ဘတ်ကို လက်သီးနဲ့ ထိုးလာတဲ့ ကင်ဂျုံအင်ရယ်ပါ။ ချစ်ရသူရဲ့ ထိုးချက်တွေက တကယ်နာပါသည်။
“စောစောက အိပ်ပျော်နေတယ် ထင်ပြီး လူကို အသားယူသွားတဲ့ကောင်လေးကြောင့် ကိုယ်တစ်ယောက်တည်း တစ်ဖက်သတ် မဟုတ်ဘူးဆိုတာ သိလိုက်ရတာလေ။”
“ဘာကို ကိုယ် တုန်း။ အသည်းယားစရာ ကောင်းအောင်။ မင်းနော် ငါလည်း ယောက်ျားပဲ။ မင်းကို သဘောကျမိတာနဲ့ ငါ့ကို မိန်းကလေးတစ်ယောက်လို လာ မဆက်ဆံနဲ့နော်။ ပြီးတော့ ငါ နမ်းတာ ဖွဖွလေးပါ။ မင်းက ဘယ်လိုလုပ် သိလဲ။”
“ဟောဗျာ….ဒါတော့ ကိုယ်က ညည ခိုးနမ်းနေကြကိုး။ ညတိုင်း မင်းကို နမ်းပြီးမှ အိပ်ပျော်တာဆိုတော့ ခိုးနမ်းရတာ ကျွမ်းကျင်နေပေါ့။”
“ရားးးးးးအိုဆယ်ဟွန်း...ငါ့ရဲ့ ပထမဆုံးအနမ်းလေးတွေကို ငါမသိဘဲ ယူတယ်။ အင့် အင့်”
“ရှူး…..တိုးတိုး အချစ်။ မေမေတို့ နိုးသွားမယ်။ မေမေတို့ဆိုမှ မနက်ကျ ဖွင့်ပြောမယ်နော် မေမေတို့ကို။ သဘောမတူလည်း ကိုယ်နဲ့လက်တွဲ မဖြုတ်ရဘူးနော်။ ကိုယ်ကတော့ ဂျုံအင့်လက်ကို ဘယ်တော့မှ မဖြုတ်ဘူး။”
“အန်တီတို့က သဘောတူပါတယ်။ မင်း အချိန်တွေ ဆွဲနေလို့ အန်တီတို့နဲ့ ငါ ပေါင်းကြံပြီး ဒီနေ့ဇာတ်လမ်းလေး လုပ်လိုက်တာ။ ဘယ်သူက သိမှာလဲ တစ်ယောက်သောသူက ဖျားတောင် ဖျားမယ်လို့။”
ပြုံးစိစိ မျက်နှာဘေးလေးနှင့် ရွှင်မြူးမြူးပြောနေသော ကင်ဂျုံအင်ကို ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ရင်း ရယ်မိသည်။
ကျွန်တော် ပြောပါတယ်။ ကင်ဂျုံအင်က နှင်းဆီနီ လိုပဲ။ ရဲရင့်တယ်။ လှပတယ်။ ပြီးတော့ အန္တရာယ်လည်း သိပ်များတယ်။
—————————🌹Rose🌹————————-
YOU ARE READING
SeKai Fanfic Festival 2021
Fanfiction94sProject_2021 by SeKai Myanmar Fanpage For Myanmar Sekaists Have a special 94s Day September 4, 2021