အပိုင်း ၁၇

105 13 9
                                    

    အပိုင်း ၁၇

ကြယ်တွေကို လိုချင်လားဟင်

အမှောင်ထုက ဖြေးဖြေးချင်း စိုးမိုးလာပြီးနောက် လမင်း၏ ငွေရောင်အဆင်းက ပိုမိုတောက်ပလာလေသည်။ ကြယ်ရောင်စုံတို့နှင့် တဖျတ်ဖျတ် တောက်ပနေသော ကောင်းကင်ကြီးအောက်တွင် နေရာထိုင်ခင်းအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေသော မင်းဟန်သစ်အား ကိုး ငေးမောနေမိသည်။

သူသည် သစ်တုံးလေးများကို ထိုင်စရာလုပ်ပြီး ဘွားမြိုင်ထည့်ပေးလိုက်သော လက်ဆွဲမီးအိမ်ကို မီးညှိနေသည်။ ကော်ဖီ‌ကြိုက်သော ကိုးအတွက် သကြားမပါတဲ့ ကော်ဖီခါးခါးကိုလည်း ပြင်ဆင်ဖို့မမေ့။

ကိုးထံသို့ အပေါ်ဝတ်လက်ရှည်တစ်ထည်ကို လှမ်းပေးလိုက်ပြီး မီးအိမ်ကိုလည်း အနားတိုးပေးထားသည်။ လေပြေလေညှင်းက တိုးသဲ့သဲ့ တိုက်ခိုက်နေသောကြောင့် ခြံထဲရှိ သစ်ရွက် သစ်ခက်တို့သာမက မီးအိမ်ထဲက ဖယောင်းတိုင်မီးတောက်သည်လည်း ဟိုဟိုသည်သည် ယိမ်းခါနေသည်။

"ဟန် မီးအိမ်ကို ငြှိမ်းထားလိုက်ပါ့လား လရောင်နဲ့လည်း ကောင်းကောင်းမြင်ရတာပဲလေ"

"ဟုတ် ကိုကိုး "

ဟန်သည် ပြောပြောဆိုဆိုနှင့် ရှေ့က ဖယောင်းတိုင်ကို မှုတ်လိုက်ပြီးနောက် မဝတ်ရသေးသော ကိုး၏ လက်ထဲက လက်ရှည်အကျ်ီယူ၍ ကိုး ပုခုံးထက် ခြုံလွှားပေးလိုက်သည်။

"‌လေတိုက်တယ် အအေးမိလိမ့်မယ် "

နှုတ်ခမ်းထက်တွင်ကား သူ့၏ မှုပိုင် အပြုံးချိုချိုလေးနှင့်။
ကိုး နှလုံးသားလေး ရုတ်တရက် အသံထမြည်ပြန်၏။ အပြုံးနတ်သားလေးပါလား...။ ဒီလိုအပြုံးမျိုးနှင့် ဂရုစိုက်‌မှုတွေဟာ အမြဲ ကိုးထက်သွင်ဆိုတဲ့ မိမိအတွက်သာ ဖြစ်နေခဲ့တာ...။

ဟန်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြေတွေ အကြောင်းပြချက်တွေမရှိပဲ ရိုးရိုးသားသား ခံစားကြည့်မိကာမှ မည်မျှ အဖိုးတန်ကြောင်း သိလာရသည်။ အရင်က ရပ်ကွက်တစ်ပတ်ပတ်ပြေးရင်း ရှာကျန် အဖြေထုတ်ခဲ့သည့် ပုစ္ဆာဟာ မှားယွင်းနေသည်ပင်။ တစ်စ တစ်စ တိုးဝင်လာသည့် ခံစားချက်တို့ကို သိရက်နှင့် တမင်ဖုံးကွယ်ထားမိခဲ့ခြင်းသာ။

To my Special one  [Completed] Where stories live. Discover now