အပိုင်း ၁၄
လိုက်မလားကွယ် သွားကြမယ်ချစ်ကမ္ဘာဘုံ
သစ်သားအိမ်မြင့်ကြီးပေါ်တွင် မင်းဟန်သစ်သည် အထုတ်များကိုဖြည်နေသည်။ သူသည်ရွာကို ခရီးထွက်မည်လို့ ဆုံးဖြတ်ပြီးကတည်းက ထုတ်ပိုးပြင်ဆင်လာတာတွေရှိသည်။
အင်္ကျီ၊ ဘောင်းဘီလိုဝတ်နေကျ အဝတ်အစားမျိုးအပြင် ရွာဓလေ့နှင့်လိုက်ဖက်အောင်ဆိုပြီး ပုဆိုးတွေပါထည့်ယူလာခဲ့သည်။ ထို့ပြင် ကင်မရာတစ်လုံးအပိုဆောင်းပါသေးသည်။ ရွာသည်လှသည်။ ကိုး၏ရွာဖြစ်နေ၍ ပိုလှသည်။ သူမှတ်မိနေချင်သည့် ရှုခင်းမျိုးတွေအပြင် ကိုးနှင့်အတူကုန်ဆုံးရမည့် အမှတ်တရများကို ဓာတ်ပုံဖလင်များတွင် သိမ်းဆည်းထားချင်မိသည်မို့။"ကိုကိုး "
"အင်း"
ပင်ပန်းနေပုံရသော ကိုးက သူ့နံဘေးတွင် လဲလျောင်း၍ မှေးနေသည်။ အိပ်ပျော်နေသည်တော့မဟုတ်။ နေ့လယ်က မနှင်းနုတို့လက်ချက်နဲ့ နားပူလွန်ပြီး မထနိုင်တော့တာဖြစ်မည်။ ခြေပစ်လက်ပစ်အနားယူနေသည်မှာ သူ့ဘေးနားဟန်ရှိနေသည်ကိုပင် ဂရုစိုက်ပုံမရ။ လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်ဆန့်တန်း၍ ခြေကိုမြောက်ကာ မြောက်ကာ အညောင်းဖြေနေသေးသည်။
"နောက်ရက်ကျ လယ်ကွင်းတွေဘက်သွားကြည့်ရအောင်လား ကိုကိုး"
"မင်းက ကြည့်ချင်လို့လား လိုက်ပြမယ်လေ"
ကိုးက အိပ်နေရာမှ ခေါင်းထောင်လာပြီး ကိုယ်တခြမ်းစောင်းက မေးလေးကို လက်ဖြင့်ထောက်ထားလျက် ဟန်ကိုကြည့်နေသည်။
"အင်း ကျွန်တော်လျှောက်ကြည့်ချင်တယ် မြို့မှာဆို သည်လိုရှုခင်းမျိုးကရှားတယ် စပါးပင်တွေ လယ်ကွင်းစိမ်းစိမ်းတွေက အရမ်းလှတာပဲ"
"ဒါပေါ့ လေကောင်းလေသန့်ဆိုတာ အဲတာမျိုးကွ ပျိုးပင်တွေကြားကလာတဲ့လေ တကယ် သန့်ရှင်းတယ်"
ကိုးက သူ့ရွာ၊ သူ့ဇာတိကို အပြောလှလှလေးနဲ့ အမွှန်းတင်နေသည်။"ကိုကိုး ကျွန်တော်တို့ရွာမှာ အခြေချကြမလား"
"ဟမ် အခြေချမယ်?"